အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး၏ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်ချက်များကို ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာကိုယ်စားလှယ်က ကန့်ကွက်ခဲ့သည့်အပြင် ယင်းနှင့်ပတ်သက်သည့် အဆိုမူကြမ်းကိုလည်း ပယ်ချခဲ့

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး၏ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်ချက်များကို ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာကိုယ်စားလှယ်က ကန့်ကွက်ခဲ့သည့်အပြင် ယင်းနှင့်ပတ်သက်သည့် အဆိုမူကြမ်းကိုလည်း ပယ်ချခဲ့
နိုဝင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဆွေးနွေးစဉ်
နိုဝင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဆွေးနွေးစဉ်
Published 6 November 2019

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (International Criminal Court-ICC) ၏ ၂၀၁၈-၁၉ ခုနှစ်တွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် အစီရင်ခံစာကို နိုဝင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ၇၄ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ ဆွေးနွေးခဲ့ရာတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကန့်ကွက်ခဲ့သည့်အပြင် ယင်းကိစ္စနှင့်ပတ်သက် သည့် အဆိုမူကြမ်းကို ပယ်ချခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၅ ရက် သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအစည်းအဝေး၌  မြန်မာအမြဲတမ်း ကိုယ်စားလှယ်က မည်သည့်အကြောင်းပြချက်နှင့်မျှ အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး (ICC) ကိုလည်းကောင်း၊ ICC က  မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဆို သည့်ဆုံးဖြတ်ချက်ကိုလည်းကောင်း မြန်မာနိုင်ငံက လက်ခံသည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ခြင်းမရှိရဟု ဦးစွာပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ICC Pre-Trail Chamber က ၂၀၁၈ ခုနှစ် စက်တင်ဘာ ၆ ရက် က ဆုံးဖြတ်ခဲ့သည်ကို လုံးဝပယ်ချကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် လုပ်ထုံးလုပ်နည်းအရ မှားယွင်းချွတ်ချော်နေသလို ဥပဒေကြောင်း အရလည်း သံသယပွားဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ရောမစာချုပ်အဖွဲ့ဝင် မဟုတ်သည့်အတွက် တရားရုံးကို အသိအမှတ်ပြု လေးစားလိုက်နာရန် တာဝန်မရှိကြောင်း မိမိတို့၏ရပ်တည်ချက်ကို ထပ် လောင်းအတည်ပြု ပြောကြားလိုကြောင်း၊ ICC ပဋိညာဉ်၏ မည်သည့်ပြဋ္ဌာန်းချက်တွင်မျှ ယင်းစာချုပ်ကို လက်ခံပါဝင်ထားခြင်းမရှိသော နိုင်ငံအပေါ် တရားစီရင်ခွင့်ရှိသည်ဟု ဖော်ပြထားခြင်းမရှိကြောင်းကိုလည်း မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ထို့အတူ ICC ဥပဒေချုပ်အနေဖြင့် မြန်မာကိစ္စတွင် ဥပဒေအရ လျော်ကန်မှုမရှိ သည့်အချက်ကိုလည်းကောင်း၊ မြန်မာအစိုးရက ရခိုင်ပြည်နယ်ကိစ္စ အထူးသဖြင့် နေရပ်စွန့် သူများ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ချက်များကိုလည်းကောင်း တမင်မျက်ကွယ်ပြုထားကြောင်း၊ ICC ဥပဒေချုပ်၏ လုပ်ဆောင်ချက်သည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရေး၊ အခြားနိုင်ငံများ၏ ပြည် တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရဟူသော ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ အခြေခံ မူကြီးများကို ချိုးဖောက်ရန် ကြိုးစားခြင်းဖြစ် ကြောင်း၊ ICC ဥပဒေချုပ်၏ လုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင်သာမက ICC ပဋိညာဉ်၏ နိဒါန်းတွင် ပြန်လည်ဖော်ပြ ထားသည့် ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင် လျက်ရှိကြောင်း၊ ICC ဥပဒေချုပ်သည် နိုင်ငံရေးပယောဂနှင့် ကိုယ်ကျိုး စိတ်ခံစားမှု ကိုအခြေခံ၍ အမှုကိုတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်း၏ စုံစမ်းစစ်ဆေးခွင့်ပြုရန် လျှောက်ထားချက်တွင် ARSA အဖွဲ့က ဟိန္ဒူများအပါအဝင် အပြစ်မဲ့ပြည်သူများအ ပေါ် ကျူးလွန်ခဲ့သော ကြီးလေးသည့်ပြစ်မှုများ မပါဝင်ကြောင်းကိုလည်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောကြားသည်။

ထို့ပြင် ICC တရားသူကြီး၏ လျှောက်ထားချက်တွင် ARSA အဖွဲ့၏ အကြမ်းဖက်မှုများကြောင့် လူပေါင်းများစွာ နေရပ်စွန့်ခဲ့ရ သည့်အဖြစ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားပြီး အချက်အလက်မှားများနှင့် အတည် မပြုနိုင်သည့် ထွက်ချက်များပါဝင်သည့် လူ့ အခွင့်အရေး အစီရင်ခံစာများအပေါ်တွင် လုံးလုံးလျားလျား အခြေခံထားကြောင်း၊ ရခိုင် ပြည်နယ်ပြဿနာသည် ဘာသာရေးပြဿ နာ (သို့မဟုတ်) လူမျိုးစုတစ်ခုကို နှင်ထုတ်ရန် ကြိုးစားသည့် လုပ်ရပ်မဟုတ်ကြောင်း၊ အမှန် စင်စစ် ယင်းပြဿနာသည် ကိုလိုနီခေတ်က တည်းကရှိနေခဲ့သော နယ်စပ်ဖြတ်ကျော် ဝင် ရောက်မှု ရောယှက်ပါဝင်နေသည့် နိုင်ငံရေး နှင့် စီးပွားရေးပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ထိုအချိန်က ဘင်္ဂလားဒေသ အထူးသဖြင့် စစ်တကောင်းဘက်မှ ရွှေ့ပြောင်းလုပ်သား များကို ဗြိတိသျှအာဏာပိုင်များက ရခိုင် ပြည်နယ်သို့ အလုံးအရင်းဖြင့် ပို့ဆောင်ခဲ့ ခြင်းကြောင့်ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးစစ်ပွဲ ကာလအတွင်း နယ်စပ်ဖြတ်ကျော်၍ အလုံး အရင်းနှင့် ဝင်ရောက်မှု နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းပြဿနာ ကို ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံ မှုကင်းမဲ့ခြင်းတို့က ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ဒေသခံတိုင်းရင်းသားအသိုက်အဝန်းများ နှင့် ရွှေ့ပြောင်းနေထိုင်သည့် အသိုက်အဝန်း တို့အကြား တင်းမာမှု၊ အပြန်အလှန် ယုံ ကြည်မှုကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့မှာ နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြော ကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိ သည်။

ဆက်လက်၍ ခေတ်အဆက်ဆက် ပစ်ပယ်ထားသည့် ယင်းပြဿနာကိုဖြေရှင်းရန် အတွက် လက်ရှိဒီမိုကရေစီအစိုးရက ဒေါက်တာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ခန့်အပ်ဖွဲ့ စည်းခဲ့ကြောင်း၊ ကော်မရှင်၏အကြံပြုချက် အစီရင်ခံစာထုတ်ပြန်သည့်နေ့တွင် ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ် ပေါက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ပြေးခဲ့ရသည့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာအကျပ်အတည်း ပေါ်ပေါက်ခဲ့ ရခြင်းသာဖြစ်ကြောင်း၊ အစုလိုက်နေရပ်စွန့် ခွာမှုဖြစ်ရပ်၏ တရားခံအစစ်အမှန်မှာ ARSA အကြမ်းဖက်သမားများသာဖြစ်ပြီး ရခိုင်ပြည် နယ်တွင် နေထိုင်သူများကို နိုင်ငံပြင်ပသို့နှင် ထုတ်ခဲ့ခြင်းမရှိကြောင်းကိုလည်း မြန်မာအ မြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်၊ UNDP ၊ UNHCR ၊ ASEAN နှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများအကူအညီဖြင့် နေရပ်စွန့်သူများ ၎င်းတို့ဆန္ဒအလျောက် လုံခြုံဂုဏ် သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ARSA အကြမ်းဖက်အဖွဲ့သည် ကြီးမား သည့် အဟန့်အတားတစ်ခု ဖြစ်နေကြောင်း၊ ARSA အဖွဲ့၏ ခြိမ်းခြောက်မှုများရှိသော် လည်း မိမိအစီအစဉ်ဖြင့် မိမိဆန္ဒအလျောက် ပြန်လာသည့် နေရပ်စွန့်သူ ၄၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးသည့် အထောက်အထားရှိသူများ ကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း၊ နေ ရပ်စွန့်သူများ နေရပ်ပြန်နိုင်ရေးအတွက် နှစ် နိုင်ငံသဘောတူညီချက်များကို အကောင် အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ တာဝန်ခံမှုနှင့်ပတ် သက်၍ မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်း ရာဇဝတ်မှု ကျူးလွန်သူ မည်သူ့ကိုမဆို အ ရေးယူသွားမည်ဖြစ်ကြောင်း၊ ထိုသို့အရေးယူ နိုင်ရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်း ဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်သည့် ကျူး လွန်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ၎င်းင်းတို့အနေဖြင့် အကြုံပြုချက်များ ပါဝင် သည့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြရန် ပြုစုလျက်ရှိကြောင်း ပြောကြားသည်။ 

ထို့နောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ အထူးသဖြင့် ကနေဒါနိုင်ငံက  မြန်မာနိုင်ငံကိစ္စ ကို ICC သို့ လွှဲပေးရန် တောင်းဆိုမှုများကို ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ၁၉၉၄ ခုနှစ် မှ ၂၀၀၂ ခုနှစ်အတွင်း ဂမ်ဘီယာနိုင်ငံ စစ် အာဏာရှင်အုပ်စိုးစဉ်ကာလ၌ လူ့အခွင့် အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်ဆိုင် ရာပြစ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲ ချက်များဖြင့် လက်ရှိ တာဝန်မှရပ်ဆိုင်းထား ရန် တရားဝင်တိုင်တန်းခံနေရသည့် ICC ဥပဒေချုပ်၏ ဥပဒေအရ လျော်ကန်မှုမရှိ သည့်လုပ်ရပ်ကို ထောက်ခံသော အဆိုပါ နိုင်ငံများ၏ ရည်ရွယ်ချက်နှင့် ရိုးသားမှုကို မေးခွန်းထုတ်လိုကြောင်း၊ ယခုအစည်းအဝေးတွင် အတည်ပြုမည့် ICC အစီရင်ခံစာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်သည် မိမိတို့နှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်းကို တရားဝင်မှတ်တမ်းတင်နိုင်ရန် ပြောကြားလို ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent