ဒါရိုက်တာခရစ္စတီးနားခီနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာခရစ္စတီးနားခီနှင့် တွေ့ဆုံခြင်း
Published 5 November 2019
လင်းလင်းခိုင်

ပထမဆုံးရုံတင်ပြသခွင့်ရခဲ့သည့် “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားတွင် ပုံမှန်မှခွဲထွက်ဖန်တီးထားသည့် အနုပညာဖန်တီးမှုများကြောင့် ပရိသတ်အင်အား အခိုင်အမာရရှိပိုင်ဆိုင်စေခဲ့သူ ဒါရိုက်တာခရစ္စတီးနားခီ၏ တတိယမြောက်ဇာတ်ကား Now & Ever မှာ လက်ရှိရုံတင်ပြသလျက်ရှိပြီဖြစ်သည်။ ယခုဇာတ်ကားတွင်လည်း ပရိသတ်အားပေးမှု များပြားလျက်ရှိကာ ခံစားမှုအားကောင်းသည့် ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးထားသည့် Now & Ever ဇာတ်ကားကြည့် ပရိသတ်များနှင့် တွေ့ဆုံရန် Cinema Tour များ လှည့်လည်လျက်ရှိသည်။ ဒါရိုက်တာခရစ္စတီးနားခီနှင့်တွေ့ဆုံ၍ ဇာတ်ကားဖန်တီးခဲ့သည့် အမှတ်တရများ၊ ပြင်ဆင်မှုများနှင့် လက်ရှိပရိသတ်အားပေးမှုအပေါ် ခံစားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ထာဝရနှောင်ကြိုးဇာတ်ကားရဲ့ ပရိသတ်တွေနဲ့တွေ့ဆုံတဲ့အစီအစဉ်တွေ အများကြီးပဲလုပ်ဖြစ်တယ်နော်။

ဖြေ - ဒီဇာတ်ကားမှမဟုတ်ပါဘူး။ အရင်နှစ်ကားမှာတည်းက Cinema Tour Plan ကို သေချာဆွဲဖြစ်တယ်။ ပရိသတ်ရဲ့ Feedback ကို သေချာကြားချင်တယ်ပေါ့နော်။ တချို့မြို့တွေ မလာဖြစ်သေးတာတွေလည်း ဒုတိယပတ် တတိယပတ်တွေ ရခဲ့မယ်ဆိုရင် ဆက်ပြီးလာတွေ့ချင်ပါသေးတယ်။

မေး - Now & Ever ရဲ့ ဖန်တီးထားတဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေရဲ့ မူပိုင်ခွင့်နဲ့ပတ်သက်လို့ ကြေညာဖြစ်တာကရော။

ဖြေ - ရုပ်ရှင်တစ်ကားကိုဖန်တီးတဲ့အခါ ဖန်တီးသူတွေ အများကြီးရှိတယ်။ သီချင်းတွေ၊ အသုံးအဆောင်တွေ စသဖြင့်အားလုံးကို အချိန်ယူပြင်ဆင်ခဲ့ရသလို ငွေကုန်ကြေးကျခံထားခဲ့ရတယ်။ ဒါကြောင့် ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပစ္စည်း တွေကို ကုန်ပစ္စည်းအနေနဲ့ မထုတ်ပါနဲ့ဆိုတဲ့ သဘောတရားကတော့ အဓိကရပိုင်ခွင့်ရှိတဲ့သူတွေကို လေးလေးစားစား ဆက်ဆံစေချင်တဲ့သဘောပါ။ မြန်မာ့ရုပ်ရှင်က ဖန်တီးသူတွေက ပိုက်ဆံသိပ်မရသေးတဲ့ Business ဖြစ်နေတယ်။  Original Song Track Album လေးထွက်တယ်ဆိုလည်း သီချင်းရေးတဲ့ ကိုဇဏ်ခီကို အနုပညာကြေး တစ်ကျပ်မှမပေးရသေးဘူး။ အခွေကိုလည်း အရည်အသွေးကောင်းကောင်းလေး ဖြစ်စေချင်လို့ ဘန်ကောက်မှာ Mixing နဲ့ Mastering သွားလုပ်တဲ့အတွက် ငွေကုန်ကြေးကျပိုများတယ်။ တကယ်လို့သာ ဒီအခွေက အွန်လိုင်းပေါ်မှာပျံ့သွားခဲ့မယ်ဆိုရင် ကုန်ကျစရိတ်တောင် ပြန်မရခဲ့ဘူးဆိုရင် နောက်တစ်ခွေ ထပ်လုပ်နိုင်ဖို့ ခက်သွားမယ်။ ကိုဇဏ်ခီတစ်ယောက်တည်းမဟုတ်ဘဲ အတီးပညာရှင်၊ တခြားပါဝင်တဲ့ Team တစ်ခုလုံးကို ထိုက်သင့်တဲ့အနုပညာကြေး ရစေချင်တာပါ။ အနုပညာကို ထိုက်သင့်တဲ့ အနုပညာကြေးမရဘူးဆိုရင် စားဝတ်နေရေးအတွက် မြန်မြန်ဆန်ဆန် လုပ်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ အတီးပိုင်းဆိုလည်း စိတ်ကြိုက်အနုပညာကြေးယူ၊ ဒါပေမဲ့ အရည်အသွေးပိုင်းအကောင်းဆုံးဖြစ်အောင် ဖန်တီးဆိုတာမျိုး ဖြစ်စေချင်လို့ မူပိုင်ခွင့်ကိုလည်း အဲဒီလိုလေးကြေညာဖြစ်တာပါ။

မေး - ဒီဇာတ်ကားက ငွေကုန်ကြေးကျအရမ်းများခဲ့တယ်လို့ သိရတယ်နော်။

ဖြေ - ဒီကားကို သေသေချာချာ စနစ်တကျ ဖန်တီးတဲ့နေရာမှာ ငွေကုန်ကြေးကျတော့ရှိတာပေါ့နော်။ အသံပိုင်းကို ထိုင်းမှာသွားလုပ်တဲ့အခါ သိန်းထောင်နဲ့ချီပြီး ကုန်ပါတယ်။ ပရိသတ်ကို အရသာရှိရှိလေး ကြည့်စေချင်လို့ပါ။ ရုပ်ရှင်တစ်ကားလုံးကို သေချာအကုန်ခံပြီး ဖန်တီးခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရင် နှစ်ပတ်လောက်တောင် အရင်းကျေပါ့မလားလို့ စိတ်ပူနေရတယ်။ ဒါပေမဲ့ အနုပညာလုပ်တယ်ဆိုတာ ငွေထက် ခံစားမှုတစ်ခုကို အရင်ချပြလိုက်တာပေါ့။ ပိုက်ဆံကတော့ အရင်ကားထက် သုံးဆလောက်ကုန်တယ်။

မေး - ကိုဇဏ်ခီရဲ့ Body Transformation ပြောင်းထားတာလေး တော်တော်ကိုကြိုးစားထားတာ တွေ့ရတယ်နော်။

ဖြေ - ကိုဇဏ်က အဲဒီကားမှာ သုံးမျိုးလောက်လုပ်သွားပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့သူတွေ သိပါလိမ့်မယ်။ နောက်ဆုံးမှာတော့ သူ ပေါင် ၂၀ ကို တစ်လအတွင်းမှာ ချလိုက်တယ်။ သူမှမဟုတ်ပါဘူး အားလုံးက အရမ်းကြိုးစားထားပါတယ်။ ညီမလေးဆိုလည်း စိတ်ပညာပိုင်းမှာ ခရစ္စနဲ့ သေချာတိုင်ပင်တယ်။ စိတ်ရောဂါအထူးကုဆရာဝန်တွေက ဘယ်လိုနေထိုင်တတ်ကြလဲ။ အိမ်ထောင်သည်ဆိုလည်း ဒီလိုဖြစ်နေတဲ့မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ထားတဲ့ ယောကျ်ားလေးတစ်ယောက်က ဘယ်လိုနေထိုင်တတ်လဲ၊ သူ့အကြည့် အပြောအဆိုကအစ ဘယ်လိုသတိထားရလဲဆိုတာတွေအထိ ဂရုစိုက်ပြင်ဆင်ခဲ့ပါတယ်။

မေး - အခု အားပေးနေတဲ့ပရိသတ်တွေကို ပြောချင်တဲ့စကားများရှိမလား။

ဖြေ - ပရိသတ်တွေရဲ့အားကတော့ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ မကြည့်ရသေးရင်လည်း ဆက်ဆက်ကြည့်ပေးပါလို့။ တကယ်ကိုကြိုးစားထားပါတယ်။ ပရိသတ်အားပေးမှလည်း နောက်ထပ် အခုလို ထပ်ပြီးဆက်ကြိုးစားခွင့်ရ မှာဖြစ်ပါတယ်။

မေး - ဒီဇာတ်ကားမှာ လှပတဲ့နေရာရှုခင်းကို ဇာတ်လမ်းကပေးချင်တဲ့ခံစားမှုနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားတယ်နော်။

ဖြေ - ဇာတ်ညွှန်းရေးကတည်းက ပူတာအိုကပါပေမဲ့ ကုန်ကျစရိတ်၊ သွားလာမှုကအစ သွားနိုင်ပါ့မလား၊ ငွေကြေးတတ်နိုင်ပါ့မလားဆိုပြီး စဉ်းစားခဲ့တယ်။ Crew တစ်ဖွဲ့လုံးကို ခေါ်သွားရမှာဖြစ်တဲ့အတွက် စစဉ်းစားတုန်းက ရိုက်ဖြစ် မရိုက်ဖြစ် မသေချာခဲ့ဘူး။ ကံကောင်းစွာနဲ့ပဲ စပွန်ဆာပေးမယ့်သူက ရှိလာတဲ့အတွက် ခဏသွားကြည့်လိုက်တယ်။ ကိုဇဏ်က အဲဒီဟိုတယ်ကြော်ငြာလေး အရင်ကတွေ့ဖူးပေမဲ့ တကယ်သွားခွင့်ရမှပဲ တစ်ခါမှမကြုံဖူးတဲ့ခံစားမှုမျိုး။ လေက အရမ်းသန့်စင်နေသလို အရမ်းလည်းလှတယ်။ ဒီနေရာကို သိပ်မသိတော့ သိပ်မလာတော့ သိပ်မဖြစ်ထွန်းဘူးပေါ့နော်။ အဲဒါလေးလည်း မြင်ခဲ့ရတယ်။ ဒီ နေရာလေးကို သဘောကျကြလို့ သွားလည်တဲ့သူများပြီး နောက်ပိုင်းမှာ ပျက်စီးသွားမှာလည်း စိုးရိမ်တယ်။ ဒါကြောင့် သွားလည်တယ်ဆိုရင်လည်း လှပမှုလေးတွေကို ဆက်ပြီးထိန်းသိမ်းပေးကြပါလို့လည်း ပြောချင်ပါတယ်။

မေး - ဒီတစ်ခေါက် ရုံတင်ပြသခွင့်ရတဲ့ ရုံအရေအတွက်များတော့ အရင်ဇာတ်ကားတွေထက် ပရိသတ်များများဆီ ပိုရောက်တယ်လို့ ယူဆလား။

ဖြေ - အမှန်အတိုင်းပြောရင် ရုံအရမ်းအားနည်းတယ်။ မလေးရှား Film Festival တက်ခွင့်ရတုန်းက ထုတ်လုပ်သူတွေနဲ့ တွေ့ဆုံခွင့်ရတယ်။ ခရစ္စရဲ့ Project ကို ကြည့်ပြီး အလုပ်အတူလုပ်ချင်ပါတယ်ဆိုပြီး လာကမ်းလှမ်းမှုရှိပေမဲ့ မင်းတို့နိုင်ငံမှာ ရုံအရေအတွက် ဘယ်လောက်ရှိလဲဆိုပြီး အရင်မေးတာပေါ့။ ရုံအရေအတွက်ကို ကြားတဲ့အခါ အရမ်းနည်းတယ်၊ လုပ်လို့မဖြစ်ဘူးဆိုတာမျိုးပဲ ပြောကြတယ်။ ဒီမှာက အနုပညာသမားက အနုပညာကို ဖန်တီးနိုင်တယ်ဆိုရင်တောင်မှ Budget က နောက်ကနေလိုက်ပြီး ထိန်းသိမ်းနေတဲ့အခါ နောက်ဆုတ်နေရတာတွေရှိတယ်။ အမှန်အတိုင်းပြောရရင် ရုံ ၁၀၀ ဝန်းကျင်လောက်ရှိတာကို နှစ်ခုမခွဲစေချင်ဘူး။ ခရစ္စတို့မှာက ဇာတ်ကားတစ်ခုဖန်တီးပြီးပြီဆိုရင် ဒီငွေ ကုန်ကျစရိတ်ကို ပြန်ရှာပေးရမယ့်တာဝန်ရှိနေသလို ခံစားရတယ်။ ပြန်ရမယ် မရဘူးဆိုတာလည်း ဘာမှမသေချာဘူး။ ရုံရှင်နဲ့ Artist နဲ့က ပြောရတယ်။ ညှိနှိုင်းရတယ်။ အရင်ကားတွေတုန်းက ၂၆ ရုံပဲရတယ်။ အခုတစ်ခေါက် ရုံများတာကတော့ ပရိသတ်အင်အားနဲ့ရတယ်လို့ ထင်ပါတယ်။ တစ်ပတ်ကြိုပြီး လက်မှတ်ရောင်းတယ်ဆိုတာမျိုးလည်း ရှားတယ်ပေါ့နော်။ ဆိုတော့ ပရိသတ်ရဲ့အင်အားကြောင့်ပဲ ရုံများများရလိုက်တယ်လို့ ထင်ပါတယ်။

 

 

Most Read

Most Recent