ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှု လျော့ကျစေရေး၊ ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးတို့အတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မြစ်တွင်းကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းတွင် ရေယာဉ်အစင်းရေ တိုးချဲ့ပြေးဆွဲ

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှု လျော့ကျစေရေး၊ ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးတို့အတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မြစ်တွင်းကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းတွင် ရေယာဉ်အစင်းရေ တိုးချဲ့ပြေးဆွဲ
 ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ၀ါးတန်း - ဒလဇက်ကူးတို့ရေယာဉ်ပြေးဆွဲနေမှုကို တွေ့ရစဉ်
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ၀ါးတန်း - ဒလဇက်ကူးတို့ရေယာဉ်ပြေးဆွဲနေမှုကို တွေ့ရစဉ်
Published 4 November 2019
ရွှန်းလဲ့ဝင်း

ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှု လျှော့ချစေရေး၊ ကုန်စည်စီးဆင်းမှုလျင် မြန်စေရေးတို့အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မြစ်တွင်းကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းတွင် ရေယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲခဲ့ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သတင်းရရှိသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မြစ်တွင်းကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်း ကိုတိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် ဒလသင်္ဘောကျင်းတွင် ဘ-၈၀၉ တွဲယာဉ်ကို ကုန်သေတ္တာတင်တွဲယာဉ်အဖြစ် ပုံစံပြုပြင်ပြောင်းလဲတည် ဆောက်ခဲ့ရာ ပြီးစီးခဲ့ပြီဖြစ်သဖြင့် တွင်းရေယာဉ်ဆင်ဟိုင်း ၁ နှင့်အတူ ကုန်သေတ္တာတင်တွဲယာဉ် တ-၁၅၀၂ ဖြင့်တစ်စုံ၊ တွန်းရေ ယာဉ်ဆင်ဟိုင်း- ၆ နှင့်အတူ ကုန်သေတ္တာတွဲယာဉ် ဘ-၈၀၉ ဖြင့် တစ်စုံ၊ စုစုပေါင်းကုန်သေတ္တာ သယ်ယူပိုု့ဆောင်ရေးယာဉ်နှစ်စုံဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲနေကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်းတံတားများသို့ မြစ်တွင်းကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် မတ်လမှစတင်ခဲ့ရာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ရှစ်ခေါက်ပြေးဆွဲပြီး ကုန်သေတ္တာ ၆၄၀ လုံး၊ တန်ချိန်အားဖြင့် ၆၄၀၀ တန်၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂၁ ခေါက်၊ ကုန်သေတ္တာ ၁၇၄၂ လုံး၊ တန်ချိန်အားဖြင့် ၁၇၄၂၀ တန်၊ ၂၀၁၈ ဘဏ္ဍာနှစ် (ကာလတို) ခြောက်လတွင် ၅၄ ခေါက်၊ ကုန်သေတ္တာ ၅၂၂၄ လုံး၊ တန်ချိန်အားဖြင့် ၅၂၂၄၀ တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၀၈ -၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလအတွင်း ၁၉ ခေါက်ပြေးဆွဲနိုင်ခဲ့ပြီး ကုန်သေတ္တာ ၁၈၄၈ လုံး၊ တန်ချိန်အားဖြင့် ၁၈၄၈၀ တန်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မြစ်တွင်းကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုအား အတန်သင့်လျှော့ချပေးနိုင်မည်ဖြစ်ပြီး ကုန်သေတ္တာပိုင်ရှင်များအနေဖြင့် ရေကြောင်းမှ သယ်ယူပို့ဆောင်ရခြင်းသည် ယခင်ထက် ကုန်ကျမှုပိုမိုသက်သာလာခြင်း အကျိုးရလဒ်များ ရရှိလာသည်ဟု သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ကုန်စည်ပို့ဆောင်ရေးစနစ်အားသမားရိုးကျ ပို့ဆောင်သည့်စနစ်မှ  ကုန်သေတ္တာဖြင့်ပို့ဆောင်သည့် Containerization အဖြစ် ဆောင်ရွက်နေပြီး ယာဉ်ကြောကျပ်တည်းမှု လျှော့ချစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် သယ်ယူပို့ဆောင်မှုစရိတ်များ သက်သာစေရေးတို့အတွက် ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်တည်းမှုများ လျှော့ချနိုင်ရန် ၀ါးတန်း-ဒလ ဇက်ကူးတို့ရေယာဉ်အား ခေါက်ရေတိုးမြှင့်ပြေးဆွဲနေပြီဖြစ်ကြောင်း ၀ါးတန်း - ဒလ ဇက်ကူးတို့ ရေယာဉ်တိုးမြှင့်ပြေးဆွဲမှု တစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းကဲ့သို့ ၀ါးတန်း-ဒလမှတစ်ဆင့် တွံတေးလမ်းမကြီးအတိုင်း ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ ကျိုက်လတ်၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာမြို့အစရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ သွားရောက်ရာတွင် အချိန်ကြန့်ကြာမှု သက်သာသွားပြီး လက်ရှိတွင် ဘုရင့်နောင်တံတားအား ပြန်လည်ပြုပြင်နေချိန်ဖြစ်သဖြင့် ယခုကဲ့သို့ ၀ါးတန်း-ဒလကူးတို့မှ သွားရောက်ခြင်းသည် ပိုမိုအချိန်ကုန်သက်သာစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဇက်ကူးတို့ရေယာဉ်တင်ခနှုန်းထားများအနေဖြင့် အိမ်စီးကားအသေးတစ်စီးလျှင် ကျပ် ၂၅၀၀၊ ကျပ် ၃၀၀၀၊ နှစ်တန်မှ သုံးတန်ကြားတစ်စီးလျှင် ကျပ် ၄၀၀၀၊ သုံးတန်မှ ခြောက်တန်ကြား တစ်စီးလျှင် ကျပ် ၉၀၀၀ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှ ချယ်ရီသင်္ဘောများဖြင့် ရန်ကုန်-ဒလကူးတို့အား ပြေးဆွဲနေရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလကုန်အထိ ခြောက်လတာအတွင်း နိုင်ငံခြားသားခရီးသည်စီးနင်းမှု နှစ်သောင်းကျော်ရှိကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနလက်အောက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနသည် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ချယ်ရီအမည်ရှိ ကူးတို့သင်္ဘော သုံးစင်းနှင့် ရန်ကုန်(ပန်းဆိုးတန်း) မှ ဒလမြို့သို့ ပြေးဆွဲပေးနေခြင်းဖြစ်သည်။

အဆိုပါ ကူးတို့ခရီးစဉ်အား ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံများသည် ရန်ကုန်မြို့သို့ ကူးသန်းသွားလာရာတွင် ဒလမြို့နယ်သင်္ဘောဆိပ်မှတစ်ဆင့် ကူးသန်းသွားလာကြရခြင်းဖြစ်သည်။

 

 

Most Read

Most Recent