Emirates နှင့် flydubai လေကြောင်းလိုင်း ပူးပေါင်းမှု သုံးနှစ်ပြည့်အဖြစ် ဒူဘိုင်း-ရန်ကုန် နေ့စဉ်တိုက်ရိုက်ခရီးစဉ်ကို flydubai လေကြောင်းလိုင်းက ပျံသန်းမည်

Emirates နှင့် flydubai လေကြောင်းလိုင်း ပူးပေါင်းမှု သုံးနှစ်ပြည့်အဖြစ် ဒူဘိုင်း-ရန်ကုန် နေ့စဉ်တိုက်ရိုက်ခရီးစဉ်ကို flydubai လေကြောင်းလိုင်းက ပျံသန်းမည်
 Emirates လေကြောင်းလိုင်းမှ လေယာဉ် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်
Emirates လေကြောင်းလိုင်းမှ လေယာဉ် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်
Published 4 November 2019
                    ရွှန်းလဲ့ဝင်း

Emirates နှင့် flydubai လေကြောင်းလိုင်းတို့ ပူးပေါင်းမှုသုံးနှစ်ပြည့်အဖြစ် ဒူဘိုင်း -ရန်ကုန် နေ့စဉ်တိုက်ရိုက်ခရီးစဉ်အား flydubai လေကြောင်းလိုင်းမှ ပျံသန်းသွားမည်ဖြစ်ကြောင်း Emirates လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်မှစ၍ Emirates လေကြောင်းလိုင်းပျံသန်းနေသည့် ရန်ကုန်-ဒူဘိုင်း တိုက်ရိုက်ခရီးစဉ်အား flydubai လေကြောင်းလိုင်းမှ ပျံသန်းသွားမည်ဖြစ်သည်။

Emirates လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန် - ဒူဘိုင်း တိုက်ရိုက်ခရီးစဉ်အား တစ်ပတ်လေးကြိမ် ပျံသန်းနေပြီး flydubai လေကြောင်းလိုင်းသည် ဒူဘိုင်းနှင့် ရန်ကုန်ကုန်ခရီးစဉ်အား နေ့စဉ်ပျံသန်း သွားမည်ဖြစ်သည်ဟု ဆိုသည်။

Flydubai လေကြောင်းလိုင်းသည် ဒူဘိုင်းနှင့် ရန်ကုန်ခရီးစဉ်အား လေယာဉ်အမှတ် FZ1585 နှင့် FZ1586 များဖြင့် နေ့စဉ်ပျံသန်းသွားမည်ဟု သိရသည်။

ထိုသို့ ဒူဘိုင်းအခြေစိုက်လေကြောင်းလိုင်းနှစ်ခု၏ မဟာဗျူဟာမြောက်ပူးပေါင်းမှုသည် ခရီးသည်များအတွက်လည်း ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။

Emirates လေကြောင်းလိုင်း၏ ဒူဘိုင်းမှ ရန်ကုန်သို့ လေယာဉ်အမှတ် EK388 ဖြင့် ပျံသန်းပြေးဆွဲမှုအား ဒီဇင်ဘာ ၉ ရက်တွင် နောက်ဆုံးပျံသန်းသွားမည်ဖြစ်ပြီး အလားတူပင် ရန်ကုန်မှ ဒူဘိုင်းသို့လေယာဉ်အမှတ် EK 389 ဖြင့် ပျံသန်းမှုအား ဒီဇင်ဘာ ၁၀ ရက် နောက်ဆုံးပျံသန်းသွားမည်ဟု သိရသည်။

လေကြောင်းလိုင်းနှစ်ခုအကြား ပျံသန်းပြေးဆွဲမှု သုံးနှစ်ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ Emirates လုပ်ငန်းစု၏ Chairman နှင့် Chief Executive ရာထူးအပြင် flydubai လေကြောင်းလိုင်း၏ Chairman ရာထူးကိုလည်း ထမ်းဆောင်နေသည့် HH Sheikh Ahmedbin Saeed AIMaktoum မှ “Emirates နဲ့ flydubai တို့အကြား မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်မှုကနေ အောင်မြင်မှုများစွာရရှိခဲ့ပြီး ခရီးသည်တွေနဲ့ လေကြောင်းလိုင်းနှစ်လိုင်းအတွက်သာမက ဒူဘိုင်းအတွက်ပါ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း Emirates နဲ့ flydubai လေကြောင်း လိုင်းနှစ်လိုင်းလုံးအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး ခရီးသည်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ခရီးစဉ်တွေနဲ့ သက်ဆိုင်ရာ Stakeholders တွေအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိသွားနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Emirates လေကြောင်းလိုင်းအနေနှင့် ၎င်း၏ ကမ္ဘာတစ်ဝန်းလေယာဉ်ခရီးစဉ်များ ပျံသန်းသည့်အခါတွင် စီးပွားရေးအရ အကောင်းမွန်ဆုံးနှင့် အသင့်တော်ဆုံးဖြစ်စေရန် ရည်ရွယ်၍ မကြာသေးမီက လုပ်ငန်းနယ်ပယ်အသီးသီးအား ပြန်လည်စိစစ်ပြီး ယခုကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွက် ဒူဘိုင်း သို့မဟုတ် ရန်ကုန်မှတစ်ဆင့် ကြိုတင်စာရင်းပေး သွင်းဝယ်ယူထားသည့် ခရီးသည်များအား Emirates လေကြောင်းလိုင်းမှ ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပြီး အသစ်ပြောင်းလဲပြေးဆွဲသွားမည့် ခရီးစဉ်သစ်များတွင် ပြန်လည်စာရင်းပေးသွင်းသွားမည်ဟု သိရသည်။

ရန်ကုန် - ဒူဘိုင်း တိုက်ရိုက်ခရီးစဉ်အား တစ်ပတ်လေးကြိမ် ပျံသန်းနေပြီး ရန်ကုန်မြို့နှင့် ဒူဘိုင်းမြို့အကြား ခရီးသွားကဏ္ဍတိုးတက်စေရန် မြန်မာခရီးသွားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း Emirates လေကြောင်းလိုင်းမှ Mohammed Alwahedi Commercial Manager Myanmar ၏ ပြောကြားချက်အရ သိရသည်။

Emirates လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်နှင့် ဒူဘိုင်းအကြား တစ်ပတ်လျှင် လေးကြိမ်ပျံသန်းနေပြီး မြန်မာနိုင်ငံမှ ခရီးသည်များအား ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အမေရိကတိုက်များသို့ ချိတ်ဆက်ပျံသန်းနေခြင်းဖြစ်သည်။ ခရီးစဉ်အများစုအတွက် အလယ်ဗဟိုချက်ဖြစ်သည့် ဒူဘိုင်းမှတစ်ဆင့် Emirates လေကြောင်း လိုင်းသည် ဥရောပတိုက်မှ နေရာဒေသပေါင်း ၄၂ ခု၊ အာဖရိကတိုက်မှ နေရာဒေသပေါင်း ၂၀ ကျော်၊ အာရှနှင့် ပစိဖိတ်ဒေသမှနေရာ ဒေသပေါင်း ၅၀၊ အရှေ့အလယ်ပိုင်းမှနေရာဒေသပေါင်း ၁၃ ခုနှင့် အမေရိကတိုက်မှ နေရာဒေသပေါင်း ၁၇ ခုအပါအဝင် နိုင်ငံပေါင်း ၈၅ နိုင်ငံမှ နေရာဒေသပေါင်း ၁၅၀ အား တိုက်ရိုက်ချိတ်ဆက်ပျံသန်းနေခြင်းဖြစ်ကြောင်း သိရသည်။

Emirates လေကြောင်းလိုင်းသည် ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက်မှစ၍ ရန်ကုန်မြို့သို့ Boeing 777 လေယာဉ်အမျိုးအစားဖြင့် ခရီးစဉ်များအား ပြေးဆွဲနေခြင်းဖြစ်ပြီး ယင်းလေယာဉ်တွင် ဆုတံဆိပ်များစွာရရှိထားသည့် Emirates ၏ လေယာဉ်တွင်းဖျော်ဖြေရေး၊ အစီအစဉ်များပါရှိပြီး Economy Class နှင့် Business Class နှစ်မျိုးစလုံးတွင် ခရီးသည်များ သက်သောင့်သက်သာရှိစွာ စီးနင်းလိုက်ပါနိုင်ရန် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။  

             

 

Most Read

Most Recent