NCA လေးနှစ်ပြည့်အခမ်းအနားနှင့် ခေါင်းဆောင်များ၏ မူဝါဒများ
“ကျွန်မတို့နိုင်ငံဟာ ငြိမ်းချမ်းရေးရရှိဖို့ အချိန်တန်နေရုံမကဘူး။ အချိန်တောင် အတော်လွန်နေပါပြီ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း၌ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုစကားကို ထည့်သွင်းပြောကြားခဲ့သည်။
NCA လေးနှစ်ပြည့် အခမ်းအနားတွင် ယခင်နှစ်ကနည်းတူ အစိုးရခေါင်းဆောင်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က မိန့်ခွန်းပြောခဲ့ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အပိုင်းသုံးပိုင်းပါဝင်သည်ဟု အကြမ်းဖျင်း သတ်မှတ်နိုင်ပြီး ပထမတစ်ပိုင်းတွင် NCA စာချုပ်နှင့်ပတ်သက်၍ အလေးပေးပြောကြားခဲ့ပြီး ဒုတိယပိုင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးစားပေး ပြောကြားကာ တတိယပိုင်း၌ NLD အစိုးရက နိုင်ငံရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို ချပြခဲ့သည်။
NCA စာချုပ်သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသက်သက်မဟုတ်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား မည်သို့အကောင်အထည်ဖော်သွားမည်ကို စာချုပ်တွင် တိတိကျကျ ဖော်ပြထားကာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို မည်သည့်လမ်းကြောင်းအတိုင်း သွားမည်ဆိုသည်ကိုလည်း ပြဋ္ဌာန်းပေးထားသော နိုင်ငံရေးပဋိညာဉ်တစ်ခုဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က NCA စာချုပ်နှင့် ပတ်သက်၍ ပြောကြားသည်။
မြန်မာနိုင်ငံသမိုင်းတစ်လျှောက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ အတိအလင်း ဖော်ပြထားသည့် တစ်ခုတည်းသော စာချုပ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က NCA ကို အမွှမ်းတင် ပြောကြားခဲ့ပြီး ယင်းစာချုပ်သည် အမျိုးသား တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အလွန်အရေးပါသော သဘောတူစာချုပ်တစ်ခုဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် ယခုအစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပေါ်နေသော အခက်အခဲများသည် NCA စာချုပ်ကြောင့် မဟုတ်ဘဲ NCA စာချုပ်ကို အကောင်အထည်ဖော်ရာ၌ လိုအပ်ချက်များနှင့် လိုက်နာရန် လိုအပ်ချက်၊ နားလည်မှု ကွဲပြားခြင်းများကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“NCA ကို ပါဝင်လက်မှတ်ရေးထိုးထားတဲ့ သက်ဆိုင်သူခေါင်းဆောင်တွေ အားလုံးအနေနဲ့ NCA ပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ ကတိသစ္စာ တည်ကြည်ကြဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို အားလုံးနားလည်ပြီး ဖြစ်ပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွင် ဘေးဒုက္ခ ကြုံတွေ့ခံစားရသူ အများစုသည် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခကြောင့် နေအိမ်၊ စည်းစိမ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အမေရိကန်ဒေါ်လာ ဘီလျံံနှင့်ချီသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။
“အကြီးမားဆုံးသော ဆုံးရှုံးမှုကတော့ ပြည်ထောင်စုရဲ့ အနာဂတ်ကို တိုက်ပွဲတွေက ခြိမ်းခြောက်သလို ဖြစ်နေခြင်းပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ပဋိပက္ခ ဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးသည် အနိမ့်-အမြင့်၊ အတက်-အကျများရှိနိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုသို့ချီတက်ရာ လမ်းခရီးသည် မှောင်တစ်ခါ လင်းတစ်လှည့်ဖြင့် မှောင်ရီဝိုးဝါး အချိန်ကာလများကို ဖြတ်သန်းရနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက် ခွဲဝေမှုများရှိရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်၍ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ကိုယ်ပိုင်ဥပဒေများ ရှိရမည်ဖြစ်ပြီး ပြည်နယ်များ၏ အာဏာများကို ခွဲဝေကျင့်သုံးသည့်အခါ ပြည်သူလူထုကို မျက်နှာမူရမည်ဟူသော အချက်ကို အစိုးရအနေဖြင့် လက်ခံထားပြီးဖြစ်ကာ အသေးစိတ် အခြေခံမူများ ချမှတ်ရာတွင် ညှိနှိုင်းတိုင်ပင်ရန် အားလုံးပါဝင်မှုသည် အရေးကြီးသည်ဟု ၎င်းက ဆိုသည်။
“တွေ့ဆုံဆွေးနွေးကြရာမှာလည်း ကိုယ့်မူ-သူ့မူ၊ ကိုယ့်ရပ်တည်ချက်-သူ့ရပ်တည်ချက် ဒါတွေကို အသေဆုပ်ကိုင်ပြီး အလျှော့အတင်း၊ အပေးအယူ မလုပ်နိုင်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားရင် အမှန်တကယ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ချင်တယ်ဆိုရင် ပျော့ပျောင်းညင်သာမှုနဲ့ သဘောထား ကြီးမှုတို့လည်း လိုအပ်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကား ဆိုသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်၊ ၁၆ ရက်တွင် NCA စာချုပ် သုံးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် အစိုးရ၊ တပ်မတော်၊ NCA-SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးအတွင်း ဆွေးနွေးမှုများသည် သူ့မူ-ကိုယ့်မူ၊ သူ့ရပ်တည်ချက်-ကိုယ့်ရပ်တည်ချက်များအပေါ် အသေဆုပ်ကိုင် ဆွေးနွေးမှုများရှိခဲ့၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်နှစ်ကျော် ရပ်တန့်ခဲ့ရသည်ကို ၎င်းက သတိရစေလိုဟန် ရှိသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ထိုသို့ရပ်တန့်ခဲ့ပြီးသည့်နောက် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံဆွေးနွေးမှုများအပြီး နှစ်ဖက်အကြားတွင် မူအားဖြင့် သဘောတူ လက်ခံနိုင်သော အချက်သုံးချက် ရရှိခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ရှေ့ဆက်မည့် လုပ်ငန်းစဉ်သုံးရပ်နှင့်ပတ်သက်၍ ပြောကြားသည်။
ယင်းလုပ်ငန်းစဉ် သုံးရပ်နှင့်ပတ်သက်၍ ပထမလုပ်ငန်းစဉ်သည် NCA စာချုပ် အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းပြီး မူဘောင်သဘောတူညီချက်များကို ရယူမည်ဖြစ်ကာ အဆိုပါ သဘောတူညီချက်များသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ်၏ ပထမပိုင်းဖြစ်လာမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးနှင့် တတိယအစည်းအဝေးမှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၅၁ ချက် ရရှိထားပြီး စတုတ္ထအစည်းအဝေး မတိုင်မီ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များအကြား ရရှိနိုင်သမျှသော အခြေခံမူများ ရရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ ရရှိလာသော သဘောတူညီချက်များနှင့် အခြေခံမူ ၅၁ ချက်တို့သည် ပင်လုံစတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်၏ ဒုတိယပိုင်းဖြစ်လာမည်ဟု ၎င်းက ပြောကြားသည်။
အစိုးရအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက်ဖော်ဆောင်မည့် အဆင့်လိုက်လုပ်ငန်းစဉ်များ၊ ဦးစားပေး အစီအစဉ်များကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဘုံသဘောတူညီချက်များ ရယူသွားမည်ဖြစ်ပြီး ထိုသို့ အဆင့်လိုက် အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ရရှိလာသော သဘောတူညီချက်များသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်၏ တတိယပိုင်းဖြစ်လာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အထက်ပါ လုပ်ငန်းစဉ် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း NCA ပြင်ပတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကာ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းသည့် အခြေအနေတစ်ရပ်ကို ဖန်တီးသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
“အခုအချိန်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များအနေနဲ့လည်း သမိုင်းဝင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ ရှေ့ကိုခြေတစ်လှမ်း တက်ပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့ပြင် အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ပြည်သူလူထုက ငြိမ်းချမ်းရေးအသီးအပွင့်များကို ရရှိခံစားနိုင်ရေး ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီး ယင်းကိစ္စသည် NCA စာချုပ်ပါ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးရေးစသည့် ကြားကာလ အစီအစဉ်များဖြစ်သည်။
အစိုးရအနေဖြင့် တိုင်းရင်းသားများ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ အိပ်မက်သဖွယ် လိုလားတောင့်တခဲ့ကြသည့် ပြည်သူအားလုံးက အသက်ပေး၍ ကာကွယ်ချင်လောက်အောင် အမြတ်တနိုး တန်ဖိုးထားရသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ပေးချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“တိုင်းရင်းသားတန်းတူရေးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သရွေ့ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းဖို့ မမြင်နိုင်ပါဘူး။ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ တိုင်းရင်းသားညီညွတ်ရေးကို မတည်ဆောက်နိုင်သရွေ့ ကျွန်မတို့နိုင်ငံ တိုးတက်အားကောင်းဖို့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
နှစ်ပေါင်း ၇၀ ကျော် တောက်လောင်နေသည့် ပြည်တွင်းစစ်မီးကို အပြီးတိုင် ငြိှမ်းသတ်နိုင်ရေးသည် ၎င်းင်းဦးဆောင်သည့် NLD အစိုးရလက်ထက်တွင် အဓိကဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အားကြိုးမာန်တက် ဆောင်ရွက်နေသော်လည်း ယင်းလုပ်ငန်းစဉ်မှာ လက်ရှိအချိန်အထိ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု မှတ်ချက်ပေးရန် ခက်ခဲနေဆဲဖြစ်သည်။
လက်နက်ကိုင်တိုက်ပွဲများတွင် အသက်ခန္ဓာ စွန့်လွှတ်တိုက်ပွဲဝင်နေကြသူများသည် တပ်မတော်သားများ ဖြစ်သည့်အတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရန် အလိုလားဆုံးသူများသည် တပ်မတော်သာဖြစ်သည်ဟု NCA စာချုပ် လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မရှိဖူးခဲ့သော ထာဝရငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို တပ်မတော် က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းကာလမတိုင်မီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများသည် တပ်မတော်က အပစ်ရပ်ပေးလျှင် ငြိမ်းချမ်းရေး ရရှိမည်ဟု ပြောဆိုမှုများ ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်သည် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ ကိုးလသက်တမ်း ဆောင်ရွက်ပေးခဲ့ပြီး ယင်းကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိထိရောက်ရောက် ဆောင်ရွက်ရန် ထုတ်ပြန်ချက်လေးကြိမ် ထုတ်ပြန်ပေးခဲ့သည်။
တိုင်းစစ်ဌာနချုပ်နယ်မြေငါးခုတွင် တပ်မတော်က အပစ်ရပ်ထားသည့် ကိုးလတာကာလအတွင်း အထူးသဖြင့် ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မရှိသလောက်နီးပါး ရပ်စဲခဲ့သည်။
သို့သော်လည်း အဆိုပါကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား နယ်မြေချဲ့ထွင် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် အရပ်သားဒုက္ခရောက်ရခြင်းများ၊ အင်အားတည်ဆောက်ခြင်းများ၊ နယ်မြေတည်ဆောက်ခြင်းများနှင့် အရပ်သားများအား သတ်ဖြတ်ခြင်းများကို ကြုံတွေ့ခဲ့ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ်သည် ယခင်ကတည်းက အဖြူရောင်နယ်မြေ ဖြစ်ခဲ့သော်လည်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် မတည်ငြိမ်မှုများဖြစ်လာကာ ဒေသခံရခိုင်၊ မြို၊ ခမီအပါအဝင် တိုင်းရင်းသားပြည်သူများ၏အသက်၊ အိုးအိမ်၊ စည်းစိမ်များ ခြိမ်းခြောက်ခံခဲ့ရပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည်ဟု ၎င်းက ပြောသည်။
ရခိုင်ဒေသတွင် ARSA အဖွဲ့၏ အကြမ်းဖက်မှုကြောင့် ဒေသခံများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို တပ်မတော်က အရင်းအနှီးများစွာပေးကာ ကာကွယ်ပေးခဲ့ရပြီး ထိုသို့ နယ်မြေမတည်မငြိမ်ဖြစ်နေချိန်တွင် AA အဖွဲ့က ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို တိုက်ခိုက်ကာ ၎င်းတို့အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို အရှိန်မြှင့်တင်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
“ဒီလုပ်ရပ်တွေဟာ ကျွန်တော်တို့ ဒီနေ့ကျင့်သုံးတည်ဆောက်နေတဲ့ ဒီမိုကရေစီနဲ့ လားလားမှမသက်ဆိုင်၊ မထိုက်တန်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီအကြမ်းဖက် လုပ်ရပ်တွေကို တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့မရပါဘူး” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် TNLA၊ MNDAA ၊ AA တို့က သြဂုတ် ၁၅ ရက်မှစ၍ မန္တလေး - လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်း၊ တံတား၊ မြို့၊ ရွာများကို ပစ်ခတ်နှောင့်ယှက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီးသည်။
“ဒီလိုလုပ်ရပ်တွေဟာ သူတို့တောင်းဆိုနေတဲ့ တိုင်းရင်းသားအခွင့်အရေးလားဆိုပြီး ပြန်ပြီးသုံးသပ်စရာတွေ ဖြစ်လာခဲ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများစုက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟူသော အကြောင်းအရာနှင့်ပတ်သက်၍ များစွာပြောဆိုနေကြပြီး ယင်းကိစ္စသည် ဦးစားပေး ဖြေရှင်းသင့်သော ကိစ္စဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပင်လုံညီလာခံသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်နှင့် လွတ်လပ်ရေး ရရှိပြီးပါက ပြည်ထောင်စုကို မည်သို့တည်ဆောက်မည်ဆိုသည်ကို ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးများသည် လက်နက်ကိုင်ပဋိပက္ခများကို အရင်ဆုံး မည်သို့ရပ်တန့်ကြမည်ဆိုသည့် ငြိမ်းချမ်းရေးကို အဓိက ဦးတည်ဆွေးနွေးခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပင်လုံညီလာခံနှစ်ခုကို နှိုင်းယှဉ်ပြသည့် အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ နိုင်ငံရေးအသိုင်းအဝိုင်းတွင် ဝေဖန်မှုအချို့ ရှိခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်၊ အစွဲကင်းကင်း သုံးသပ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသောစိတ်ဖြင့် ရှေ့ဆက်လုပ်ဆောင်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ပြီးမြောက်မည်ဖြစ်ပြီး ထိုသို့ ဆွေးနွေးရာတွင် သံသယစိတ်နှင့် အတ္တလိုလားချက်များ ကြီးမားလွန်းပါက ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ မည်သို့မျှ အောင်မြင်မည် မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတိပေးပြောကြားသည်။
ထို့နောက် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်၊ မူဝါဒများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပြီး အနီးစပ်ဆုံး အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုစနစ် ကျင့်သုံးပုံအား လေ့လာရာတွင် ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ခွင့်မဟုတ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ဟု ဆိုရာတွင်လည်း အများသဘောတူညီသည့် ပုံစံဖြင့် နိုင်ငံ၊ လူမျိုး၊ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ဗဟိုအစိုးရနှင့် ဒေသအစိုးရများအကြား အာဏာခွဲဝေကျင့်သုံးခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားရမှာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ကိစ္စပါ။ ဒီကိစ္စကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့၊ အဖြစ်နိုင်ဆုံးနည်းလမ်းရှာဖွေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီမိုကရေစီပြည်ထောင်စုကို အောင်မြင်စွာတည်ဆောက်နိုင်ဖို့ ဘယ်သူကမှ လာရောက်ကြိုးပမ်းပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်သွားမှာဖြစ်ပြီး တိုင်းရင်းသား ပြည်သူလူထု၊ နိုင်ငံသူ နိုင်ငံသားတွေကပဲ ကိုယ်တိုင်ကြိုးစားရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မဖြစ်နိုင်သော၊ နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီမှုမရှိသည့် ဖြစ်လိုခြင်း ဆန္ဒတစ်ခုတည်းအပေါ် အာရုံစိုက် ဆောင်ရွက်နေမည့်အစား မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသင့်လျော်သည့် ဖြစ်နိုင်ခြေများအပေါ်တွင် အာရုံစိုက်ဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်ထိရောက်စေမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့နောက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မိန့်ခွန်းပြောကြားခဲ့ပြီး NCA လက်မှတ် ရေးထိုးနိုင်ခဲ့သည်မှာ လေးနှစ်ပြည့်မြောက်ပြီဖြစ်သော်လည်း တိုးတက်မှု များများစားစား မရရှိသေးခြင်းသည် အချင်းချင်းအကြား သံသယများ၊ စိုးရိမ်မှုများနှင့် ယုံကြည်မှုများ အားနည်းနေခြင်းကြောင့်ဖြစ်ကာ အာဃာတတရားများ အားကောင်းနေသေးသည်ဟု ၎င်းက ပြောကြားသည်။
NCA စာချုပ် ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်သည် ပြည်ထောင်စုကြီးတွင် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ ယနေ့တိုင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအားလုံးကို ချုပ်ငြိမ်းနိုင်စေရေးအတွက်ဖြစ်ပြီး နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာကာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့၊ ၂၀၁၈ ခုနှစ်တွင် နှစ်ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက NCA ပြင်ပမှ အဖွဲ့များ NCA တွင် ပါဝင်လာရန် ကြိုးစားခဲ့ကြသော်လည်း ယနေ့အထိ ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့်အပေါ် ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
NCA စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် လေးနှစ်တာကာလအတွင်း NCA စာချုပ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို ရောက်ရှိရန် NCA အဝန်းအဝိုင်းတွင် ပါဝင်သူအားလုံးက ကြိုးစားခဲ့ကြသော်လည်း NCA စာချုပ်တွင် ပါဝင်သည့် စာသားများအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် မရသေးသည့်အတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မိမိတို့ နားလည်ထားကြသည့် အဓိပ္ပာယ် အရသာ အကောင်အထည်ဖော်သကဲ့သို့ ဖြစ်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့အားလုံး တစ်သားတည်းကျတဲ့အမြင်နဲ့ သုံးသပ်ချက် မဟုတ်ရင်တောင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျွန်တော်တို့ တည်ဆောက်ချင်သော လမ်းကြောင်းကနေ တိမ်းစောင်းသွားနေသည့် အခြေအနေသို့ တွန်းပို့လာနေတယ်ဆိုတာကို ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအချို့က သုံးသပ်ထားကြတာတွေ ရှိသလို ပါဝင်ပတ်သက်နေကြသည့် အစုအဖွဲ့တွေကြားမှာ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အစွန်းရောက်မှုတွေ၊ အသာစီးရလိုမှုတွေ ရှိနေကြလို့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မပြုလုပ် မကျင်းပနိုင်ခဲ့ကြဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်နေသလို ဖြစ်နေပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှစ်သာရရှိရှိဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရန် လိုအပ်နေပြီး အစုအဖွဲ့များအကြား အပြန်အလှန် လေးစားအသိအမှတ်ပြုမှုထားရှိ၍ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကာ အရေးကြီးသည့်အချက်မှာ အစုအဖွဲ့များအကြား ယုံကြည်မှု တည်ဆောက်ရေးကို မဖြစ်မနေ ဆောင်ရွက်သွားရမည်ဟု ၎င်းက ဆိုသည်။
“တစ်ပြိုင်နက်တည်းမှာပဲ ဖြစ်ပေါ်နေတဲ့ တစ်ဆို့မှုတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့အတွက် ပါဝင်ပတ်သက်နေကြသည့် Stakeholder များအကြားမှာ ဘုံနားလည်မှု၊ ဘုံရည်မှန်းချက်တွေကို ရယူထားရှိခြင်းဖြင့် နည်းလမ်းရှာဖွေနိုင်ကြမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
NCA အရ သဘောတူထားခဲ့ကြသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတိုိ့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရေးကို ဦးလည်မသုံ လုပ်ဆောင်သွားကြရမည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။
ခေါင်းဆောင်များ၏ မိန့်ခွန်းများကို ခြုံငုံသုံးသပ်ကြည့်ပါက ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ထားရှိသည့် စေတနာကို မြင်တွေ့ရသော်လည်း လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် နည်းလမ်းရှာရမည် သို့မဟုတ် ညှိနှိုင်းဆွေးနွေးရမည်ဟု ပါသော်လည်း တိကျသော လမ်းညွှန်မှုများ မပါရှိပေ။
အဓိကအားဖြင့် အစိုးရအဖွဲ့က ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လုပ်ငန်းစဉ်သုံးရပ် ချပြခဲ့သော်လည်း ယင်းလုပ်ငန်းစဉ်သုံးရပ်စလုံး အောင်မြင်ရန်အတွက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ သဟဇာတဖြစ်မှုအပေါ် များစွာမူတည်နေသည်။
လက်တွေ့ဆောင်ရွက်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အစိုးရသည် ဒိုင်လူကြီးသဖွယ် ကြားတွင်ညှိနှိုင်းဆောင်ရွက်ပေးနေရသည့် အနေအထားဖြစ်ပြီး အစိုးရ၏ ရှေ့လုပ်ငန်းစဉ် သုံးရပ်အောင်မြင်ရေး သို့မဟုတ် အောင်မြင်မှု ရှိ၊ မရှိ ရွေးကောက်ပွဲမတိုင်မီ ကာလအကြား စောင့်ကြည့်ရဦးမည်ဖြစ်သည်။
NCA လေးနှစ်ပြည့်အလွန် နိုင်ငံရေးဆွေးနွေးပွဲများ၏ လားရာ
NCA လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယခင်နှစ်များနည်းတူ အစဉ်အလာမပျက် ဆက်လက်ပြုလုပ်နိုင်ရန် တပ်မတော်ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး သီတင်းကျွတ် ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေသည့်အတွက် ပုံမှန်ကျင်းပနေသည့် အောက်တိုဘာ ၁၅ ရက်ကို နောက်ဆုတ်ကာ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
NCA စာချုပ် လေးနှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား၏နောက်တွင် ကောင်းမွန်သည့် နိုင်ငံရေး ရည်မှန်းချက်များ ရှိခဲ့သော်လည်း ယင်းရည်မှန်းချက်များမှာ မထင်မှတ်ဘဲ ဝင်ရောက်လာခဲ့သည့် ပြဿနာ တချို့ကြောင့် လတ်တလောတွင် ပျက်ပြယ်သွားခဲ့သည်ဟူ၍သာ ပြော၍ရမည်ဖြစ်သည်။
ထိုသို့ ပျက်ပြယ်သွားခဲ့သည့် အရေးကြီး ရည်မှန်းချက်တစ်ခုမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ပင်ဖြစ်သည်။
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲများ ရပ်တန့်ခဲ့ရပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ရသည်။
NCA စာချုပ်အရ အကောင်အထည်ဖော်ရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေး လေးခုရှိသည်ဟု သတ်မှတ်နိုင်ပြီး ၎င်းတို့မှာ JCM၊ UPDJC၊ JICM နှင့် UPC တို့ဖြစ်သည်။
အဆိုပါ အစည်းအဝေး လေးခုအနက် JCM၊ UPDJC၊ JICM တို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ဆောင်ရွက်သည့် ယန္တရားများဖြစ်ကြပြီး UPC သည် ယင်းယန္တရားများမှ ရရှိလာသော အချက်များကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အချက်အလက်များ အတည်ပြုပေးရသော အရာဖြစ်သည်။
JCM သည် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပေါ်အောင် စောင့်ကြည့်လေ့လာသည့် ယန္တရားတစ်ခုဖြစ်ပြီး UPDJC သည် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် ရလဒ်ကောင်းများ ရရှိရေးအတွက် ကြီးကြပ်ရသော ယန္တရားဖြစ်သည်။
JICM သည် NCA စာချုပ်က လွှမ်းခြုံခြင်းမရှိသော ဆုံးဖြတ်ရခက်ခဲ့သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရသော အဆင့်မြင့် ယန္တရားတစ်ခုဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များသာ တက်ရောက်ခွင့်ရှိသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (UPC) သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကောင်အထည်ဖော်ရန် UPDJC က တင်ပြလာသော အချက်များကို အတည်ပြုပေးရသော အစည်းအဝေးဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် NCA စာချုပ် သုံးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တစ်ခုတည်းသော တပ်မတော်၊ ခွဲမထွက်ရေးဟူသော အချက်များနှင့်ပတ်သက်၍ အစုအဖွဲ့များအကြား သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။
ထို့နောက် KNU သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး RCSS ကလည်း JMC အစည်းအဝေး တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ရာမှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများသည် တစ်နှစ်ကျော်ကြာ ရပ်တန့်နေခဲ့သည်။
ထို့ကြောင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ယင်း၏ရည်ရွယ်ချက်သည် တရားဝင်အစည်းအဝေးများ ပြန်လည်စတင်ရန်နှင့် ပြန်လည်စတင်သည့် အစည်းအဝေးများတွင် ရလဒ်ကောင်း ထွက်ရှိရန်ဖြစ်သည်။
အနီးစပ်ဆုံး တရားဝင် အစည်းအဝေး အဖြစ် JICM အစည်းအဝေးကို NCA စာချုပ် လေးနှစ်ပြည့် အခမ်းအနားအလွန် အောက်တိုဘာ ၃၀ ရက်တွင် ပြုလုပ်ရန် အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ အဆိုပြုခဲ့သော်လည်း အစည်းအဝေး ကျင်းပနိုင်ရန် ရက်ပိုင်းအလိုတွင်ပင် ယင်းအစည်းအဝေးမှာ ပျက်ပြယ်သွားခဲ့သည်။
NCA လေးနှစ်ပြည့်အလွန်လားရာ နိုင်ငံရေးဆွေးနွေးပွဲများမှာ လတ်တလော အခြေအနေတွင်မူ ရပ်တန့်နေဆဲသာဖြစ်ပြီး JICM အစည်းအဝေး ပျက်ပြယ်သွားခြင်းသည် RCSS အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော်ခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
ခေါင်းဆောင်မစုံခဲ့သော NCA လေးနှစ်ပြည့်နှင့် ပွဲဆူခဲ့သော အခင်းအကျင်း
ယခုနှစ် ပြုလုပ်ခဲ့သော NCA စာချုပ် လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ စုံညီစွာ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
အထူးသဖြင့် NCA လေးနှစ်ပြည့် အခ မ်းအနားသို့ တက်ရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား RCSS အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က မိန့်ခွန်းပြောကြားရန်နှင့် နောက်ဆက်တွဲ အနေဖြင့် JICM အစည်းအဝေးတက်ရောက်ရန် မူလက စီစဉ်ထားသော်လည်း RCSS ဘက်က နေပြည်တော်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။
NCA လေးနှစ်ပြည့် အခမ်းအနားမတိုင်မီ တစ်ရက်အလိုတွင် ဖြစ်သွားခဲ့သော အဆိုပါ အဖြစ်အပျက်ကြောင့် ဝေဖန်သံများ ထွက်ပေါ်လာခဲ့ပြီး RCSS ဘက်ကမူ ဟိုမိန်း -လွယ်တိုင်းလျဲန်း-လင်းခေး-တောင်ကြီး-နေပြည်တော်သို့ ကုန်းလမ်းခရီးဖြင့် လာရောက်ရန် စီစဉ်ထားသော်လည်း တပ်မတော်ဘက်က တားမြစ်သည်ဟုဆိုကာ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
တပ်မတော်ဘက်ကမူ RCSS အဖွဲ့ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့တို့၏ ခရီးစဉ်ကို အချိန်နီးကပ်မှသာ တပ်မတော်သို့ အသိပေးခဲ့ခြင်းဖြစ်သည့်အပြင် အဆိုပါ ခရီးစဉ်လမ်းကြောင်းသည် လုံခြုံမှုမရှိသဖြင့် တာချီလိတ်မှတစ်ဆင့် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် လာရောက်ရန် ညှိနှိုင်းအကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ရှင်းလင်းသည်။
“အကြောင်းအမျိုးမျိုးပြပြီး မတက်ရောက်နိုင်တဲ့ အဖွဲ့များဟာလည်း ၎င်းတို့အကြောင်းနဲ့ ၎င်းတို့သာ ဖြစ်ပါလိမ့်မယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏ NCA လေးနှစ်ပြည့်မိန့်ခွန်းတွင် RCSS အဖွဲ့အား ရည်ညွှန်း၍ ထည့်သွင်းပြောကြားခဲ့သည်။
“ဤအခမ်းအနားသို့ NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတို့မှ စုံစုံလင်လင် တက်ရောက်ကြမည်ဟု မျှော်လင့်ထားကြသော်လည်း အခြေအနေ အကြောင်းအမျိုးမျိုးတို့ကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့မှ တက်ရောက်လာနိုင်ခြင်းမရှိသည့်အပေါ် လွန်စွာမှ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်” ဟုလည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
NCA စာချုပ် အခန်း (၃) အပိုဒ် ၈ (က) တွင် လုံခြုံရေးအရ ကန့်သတ်ထားသော နယ်မြေများမှအပ မည်သည့်နေရာမဆို လက်နက်မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန် ပြဋ္ဌာန်းထားပြီး (ခ) တွင် တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေတွင် လက်နက်ကိုင်ဆောင် သွားလာရန် လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့် သွားလာရန် ပြဋ္ဌာန်းထားသည်။
ထိုပြဋ္ဌာန်းချက်ကို ကိုးကား၍ RCSS အဖွဲ့က တပ်မတော်သည် NCA စာချုပ်ကို ချိုးဖောက်ခဲ့သည်ဟု ဝေဖန်ခဲ့ပြီး တပ်မတော်ဘက်ကမူ အချိန်နီးကပ်မှ အသိပေးခဲ့သည့် ခရီးစဉ်လမ်းကြောင်း ရေးဆွဲမှုအပေါ် ဝေဖန်ခဲ့ကာ နောက်ဆုံးအနေဖြင့် RCSS အဖွဲ့ လေယာဉ်ခရီးစဉ်ဖြင့် နေပြည်တော်သို့ လာနိုင်ရန် ထိုင်းအာဏာပိုင်းများနှင့် ညှိနှိုင်းပေးမည့် အစီအစဉ်များကိုပါ RCSS အဖွဲ့ထံ အသိပေးခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။
RCSS အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော်ခရီးစဉ် ဖျက်သိမ်းလိုက်ခြင်းက ထိပ်သီးခေါင်းဆောင်များသာ တက်ရောက်ရသည့် JICM အစည်းအဝေးအား အလိုအလျောက် ရပ်တန့်သွားစေခဲ့ပြီး လက်ရှိအချိန်တွင်မူ အဆိုပါ အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြန်လည်ညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တပ်မတော်နှင့် RCSS တို့အကြား အဖုအထစ်ကို မည်မျှမြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မည်နည်းဟု မေးခွန်းထုတ်စရာ ရှိသည်။
အစိုးရနှင့်တပ်မတော်ကမူ ယင်းအဖြစ်အပျက်အတွက် RCSS အဖွဲ့ထံ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်၍ ပြန်လည်ရှင်းလင်းသွားမည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
NCA စာချုပ် အဓိပ္ပာယ်ဖွင့်ဆိုချက် လိုအပ်နေပြီလား
လတ်တလော ဖြစ်ပျက်ခဲ့သော RCSS အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော်ခရီးစဉ် ဖျက်သိမ်းခြင်းနှင့် ယခင်က KNU နှင့် RCSS တို့၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းခြင်းများသည် NCA အား အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ချက် ရှိ၊ မရှိ မေးမြန်းရန် ရှိလာသည်။
NCA စာချုပ်က လွှမ်းခြုံခြင်း မရှိသော ကိစ္စရပ်များကို JICM အစည်းအဝေးတွင် ညှိနှိုင်းဖြေရှင်းကြရန် NCA စာချုပ်တွင် အတိအလင်း ပြဋ္ဌာန်းထားသော်လည်း အထက်ပါကိစ္စရပ်များသည် NCA ပါ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲစွာ ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည်။
NCA စာချုပ်သည် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကောင်းမွန်ဆုံး ပြဋ္ဌာန်းချက်ဟု အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဦးသုံးဖလှယ်စလုံးက ချီးမွမ်းပြောဆိုနေကြသည်။
သို့သော်လည်း တစ်ဖက်တွင် ယင်းစာချုပ်ပါ ပြဋ္ဌာန်းချက်များအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် လိုရာဆွဲ အဓိပ္ပာယ် ဖွင့််ဆိုကြသည့်အတွက် အခက်အခဲနှင့်တစ်ဆို့မှုများ ကြုံတွေ့နေရသည်ဟု သုံးဦးသုံးဖလှယ်စလုံးကပင် ပြန်လည်ဝေဖန်ကြသည်။
ထို့အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အထောက်အကူ ဖြစ်စေရန်အတွက် NCA စာချုပ်ပါ စကားရပ်များအား အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်နေပြီဟု ပြော၍ရသော်လည်း ယခု NCA စာချုပ်လေးနှစ်ပြည့်သည့်အထိ မည်သည့်အတွက်ကြောင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပူးပေါင်းမရေးဆွဲကြသနည်း။
လက်နက်ကိုင်တပ်ဖွဲ့များ တည်ဆောက်နေကြသော မြန်မာ့ငြိမ်းချမ်းရေး
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ “ဤခရီးနီးပြီလား” ဟု မေးမြန်းလာပါက NCA စာချုပ် လေးနှစ်ပြည့်သည့်အချိန်အထိ အဖြေပေးရန် ခက်ခဲနေဆဲဖြစ်သည်။
နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားလာခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အချိန်တိုအတွင်း ဖြေရှင်းရန် အခက်အခဲရှိသည်မှာ မှန်သော်လည်း NCA စာချုပ် ဖြစ်တည်လာပြီးနောက် လေးနှစ်အတွင်း ဖက်ဒရယ်စနစ်ဖြင့် တည်ဆောက်မည့် ပြည်ထောင်စုအတွက် အခြေခံမူ ၅၁ ချက်သာ ရှိသေးသည်။
အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များရှိသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များ တည်ဆောက်နေကြသော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကြားဝင်ညှိနှိုင်း စေ့စပ်ပေးသည့် နေရာတွင် အားမရစွာ ရပ်တည်နေသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် KNU နှင့် RCSS တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့သာ NCA ၏ထီးရိပ်အောက်တွင် ရှိနေပြီး ကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ NCA ၏ ပြင်ပတွင် ကျန်ရှိနေသေးသည်။
ထိုသို့ NCA ပြင်ပတွင် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် “၀” အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIA) တို့သည် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြပြီး လက်ရှိအချိန်တွင်လည်း NCA ပြင်ပတွင် ရှိနေသည့် တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA) နှင့် တပ်မတော်တို့ကြား ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြသည်။
အဆိုပါ တိုက်ပွဲများကြောင့် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား အသက်သေဆုံး ဒဏ်ရာရရှိမှုများ ရှိသကဲ့သို့ အပြစ်မဲ့အရပ်သားများနှင့် ကလေးငယ်များလည်း အသက်ဆုံးရှုံး ထိခိုက်ဒဏ်ရာရရှိမှုများရှိကာ အနည်းဆုံးခံစားရသည့် ဒုက္ခအဖြစ် အိုးအိမ်များ ပျက်စီးဆုံးရှုံးကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသည်။
ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များ အပြည့်အဝရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးသည် အရေးပါသကဲ့သို့ အပြစ်မဲ့အရပ်သားများ လုံခြုံစိတ်ချစွာ အသက်ရှင်နေထိုင်ရေးသည်လည်း အရေးပါသည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုအား အရှိန်မြှင့်တင် ဆောင်ရွက်ကြရန် လက်နက်ကိုင်အဖွဲ့အစည်းများအား တိုက်တွန်းအပ်သည်။










