၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ရောက်ရှိလာသည့် တိုင်ကြားစာ ၇၄၇၃ စောင်တွင် စုံစမ်းစစ်ဆေးသည့်တိုင်ကြားစာ ၆၄ စောင်ရှိပြီး ကြိုတင်စုံစမ်း ထောက်လှမ်းသည့် တိုင်ကြားစာ ၁၉၉ စောင်အထိ ရှိနေ

၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ရောက်ရှိလာသည့် တိုင်ကြားစာ ၇၄၇၃ စောင်တွင် စုံစမ်းစစ်ဆေးသည့်တိုင်ကြားစာ ၆၄ စောင်ရှိပြီး ကြိုတင်စုံစမ်း ထောက်လှမ်းသည့် တိုင်ကြားစာ ၁၉၉ စောင်အထိ ရှိနေ
Published 3 November 2019
ဖြိုးဝေ

၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ရောက်ရှိလာသည့် တိုင်ကြားစာ ၇၄၇၃ စောင်တွင် စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၆၄ စောင်ရှိပြီး ကြိုတင်စုံစမ်း ထောက်လှမ်းသည့် တိုင်ကြားစာ ၁၉၉ စောင်အထိ ရှိနေသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်း၊ တိုင်ကြားစာနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၌ ဖော်ပြထားမှုအရ သိရသည်။

တိုင်ကြားစာများ လက်ခံရာ၌ နေပြည်တော်ကော်မရှင်ရုံးသို့ ရောက်ရှိလာသည့် တိုင်ကြားစာ ၆၇၇၉ စောင်၊ ရန်ကုန်ရုံးခွဲသို့ ရောက်ရှိလာသည့် တိုင်ကြားစာ ၄၀၂ စောင်၊ မန္တလေးရုံးခွဲသို့ ရောက်ရှိလာသည့် တိုင်စာ ၂၉၂ စောင်အပါအဝင် ၂၀၁၈ ခုနှစ်မှ စတင်ပြီး ရောက်ရှိလာသော်လည်း စိစစ်နေသည့် တိုင်ကြားစာ ၆၁၀ အပါအဝင် တိုင်ကြားစာ ၈၀၈၃  စောင်ကို စိစစ်နေသည်ဟု သိရသည်။

အဆိုပါ တိုင်ကြားစာ ၇၄၇၃ စောင်၌ နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က တာဝန်ပေးအပ်သည့် တိုင်ကြားစာ ၈၇ စောင်နှင့် ပစ်စာ ၈၈ စောင်အပြင် ကော်မရှင်ထံ လိပ်မူတိုင်ကြားသည့် တိုင်စာ ၅၅၉၂ စောင်၊ တိုင်ကြားစာကို မိတ္တူပေးပို့မှု ၁၁၂၀ ပါဝင်ပြီး စိစစ်နေသည့် တိုင်ကြားစာအရေအတွက် ၁၁၉၆ စောင်ရှိကြောင်း သိရသည်။

ထိုသို့ရောက်ရှိလာသည့် တိုင်ကြားစာ ၈၀၈၃ စောင်ကို အကြောင်းအရာ ကိစ္စရပ် ခုနစ်ရပ်ဖြင့် ပြန်လည်ခွဲခြားရာ အဂတိလိုက်စားကြောင်း ဖော်ပြတိုင်တန်းမှု ၆၄ စောင်၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှား၍ ဆောင်ရွက်မှု ၁၃၂၆ စောင်၊ လယ်ယာမြေစီမံခန့်ခွဲမှု ၆၂၃ စောင်၊ တရားစီရင်မှုအပေါ် တိုင်ကြားမှု ၁၀၅၂ စောင်၊ ဌာနတွင်းပုဂ္ဂိုလ်ရေး မမှန်မကန်ဆောင်ရွက်မှု ၃၂၂၈ စောင်နှင့် အထွေထွေတိုင်ကြားစာ ၅၇၉ စောင်ရှိကာ စိစစ်နေဆဲတိုင်ကြားစာ ၁၁၉၆ စောင်နှင့် ပြန်လည်ရုပ်သိမ်းသွားသည် တိုင်ကြားစာ ၁၅ စောင် ရှိနေကြောင်း သိရသည်။

ယင်းတိုင်ကြားစာများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၆၄ စောင်ရှိပြီး ကြိုတင်စုံစမ်းထောက်လှမ်းသည့် တိုင်ကြားစာ ၁၉၉ စောင်ရှိနေကြောင်း သိရသည်။ ထို့ပြင် ဝန်ကြီးဌာနများနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ ၉၉၇ စောင်၊ ပြည်သူများထံ အကြံပြုချက်ဖြင့် အသိပေးပြန်ကြားသည့် တိုင်ကြားစာ ၃၇၂၅ စောင်၊ ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ခြင်းမရှိသည့် တိုင်ကြားစာ ၁၉၀၂ စောင် စသည်ဖြင့် ခွဲခြားလုပ်ဆောင်ထားပြီး စိစစ်ဆောင်ရွက်နေဆဲဖြစ်သည့် တိုင်ကြားစာမှာ ၁၁၉၆ စောင်ရှိနေသည်ဟု သိရသည်။

လက်ရှိတွင် နိုင်ငံအတွင်း ကျယ်ပြန့်စွာ အမြစ်တွယ်ပြီးဖြစ်သည့် အဂတိလိုက်စားမှုများအနက် အဂတိလိုက်စားမှု ၁၇၂ မှုအထိ တရားစွဲဆိုအရေးယူနိုင်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်က ပြောကြားသည်။

“ဒီနေ့အထိ တရားစွဲဆိုခဲ့တဲ့အမှုပေါင်း ၁၇၂ မှုမှာ နိုင်ငံတော်မှာ ကျယ်ပြန့်စွာအမြစ်တွယ်ပြီးဖြစ်နေတဲ့ အဂတိလိုက်စားမှုစနစ်ဆိုးကို တိုက်ဖျက်နိုင်ဖို့အတွက် တစ်နည်းအားဖြင့် အဂတိလိုက်စားမှု အကုသိုလ်စရိုက်ဆိုးကို ရိုက်ချိုးပစ်နိုင်ဖို့အတွက်သာ ရည်ရွယ်ပြီး ကော်မရှင်က တာဝန်ယူမှုအပြည့်အဝနဲ့ ကြိုးစားအားထုတ်ဆောင်ရွက်ထား ခြင်းဖြစ်ပါတယ်။ ဣဿာမစ္ဆရိယစိတ်နဲ့ ဆောင်ရွက်ခဲ့ခြင်း လုံးဝမရှိပါကြောင်းကိုလည်း တင်ပြလိုပါတယ်။ အထက်ပါ တရားစွဲဆိုခဲ့တဲ့အမှုတွေအပေါ်မှာ သင်ခန်းစာယူပြီးတော့ နိုင်ငံ့ဝန်ထမ်းများက မိမိတို့ရဲ့ တန်ဖိုးထားမှုများကို ဒီမိုကရေစီစံနှုန်းနဲ့အညီ လိုက်ပါပြောင်းလဲပေးနိုင်ကြမယ်ဆိုရင် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ ဆယ်စုနှစ်ပေါင်းများစွာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများကို ဆောလျင်စွာ ဆယ်တင်ကုသပေးနိုင်မှာဖြစ်ပြီးတော့ မိမိတို့ရဲ့မျိုးဆက်များအတွက်လည်းပဲ အဂတိကင်းတဲ့ လူ့ဘောင်ကို ထူထောင်ပေးခဲ့နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က ပြောကြားသည်။

 

 

Most Read

Most Recent