ဆာလ်ဇ်ဘာ့ဂ်အသင်း၏ နော်ဝေလူငယ်ကြယ်ပွင့် ဟာလန်းကိုခေါ်ယူရန် ဥရောပထိပ်တန်းကလပ်အသင်း ၂၀ ကျော်အထိ စောင့်ကြည့်နေ

ဆာလ်ဇ်ဘာ့ဂ်အသင်း၏ နော်ဝေလူငယ်ကြယ်ပွင့် ဟာလန်းကိုခေါ်ယူရန် ဥရောပထိပ်တန်းကလပ်အသင်း ၂၀ ကျော်အထိ စောင့်ကြည့်နေ
Photo: Getty Images
Photo: Getty Images
Published 2 November 2019

 

သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်း၏ နော်ဝေလူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းကိုခေါ်ယူရန် ဥရောပထိပ်တန်းကလပ်အသင်း ၂၀ ကျော်အထိ စောင့်ကြည့်နေကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

အသက် ၁၉ နှစ်သာရှိသေးသည့် ဟာလန်းသည် ယခုနှစ်မှသာ ချန်ပီယံလိဂ်ပြိုင်ပွဲ စတင်ကစားခွင့်ရသော်လည်း ဘယ်လ်ဂျီယံကလပ် KRC ဂျန့်အသင်းနှင့် အုပ်စုအဖွင့်မှာပင် ဟက်ထရစ်၊ လီဗာပူးလ်အသင်းနှင့် ဒုတိယပွဲတွင် တစ်ဂိုး၊ နာပိုလီအသင်းနှင့် တတိယပွဲတွင် နှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ 

သို့ဖြစ်ရာ ၎င်းသည် ကစားသမားဘဝ ချန်ပီယံလိဂ် အဖွင့်သုံးပွဲကစားအပြီးတွင် ခြောက်ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ထားပြီး ဂိုးအများဆုံးကစားသမားစာရင်းတွင်လည်း ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးထက် တစ်ဂိုးအသာဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ 

၎င်းသည် ယခုနှစ် ဇန်နဝါရီမှသာ နော်ဝေကလပ် မိုလ်ဒီအသင်းမှ ဆာလ်ဇ်ဘာ့ဂ်အသင်းသို့ ယူရိုကိုးသန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့လာသော်လည်း အချိန်တိုအတွင်း လျင်မြန်စွာအထိုင်ကျခဲ့သောကြောင့် ပြိုင်ပွဲစုံ ၁၉ ပွဲကစားအပြီးမှာပင် ၂၂ ဂိုးအထိ သွင်းယူ ကာ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။ 

သို့ဖြစ်ရာ ၎င်းကို ဂျူဗင်တပ်စ်နှင့် မန်ယူအသင်းတို့အပြင် ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကို၊ မန်စီးတီး၊ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီး၊ နာပိုလီ စသည့် ဥရောပထိပ်တန်းကလပ် ၂၀ ကျော်က စောင့်ကြည့်နေခြင်းဖြစ်ကြောင်း The Guardian သတင်းဌာနက ဖော်ပြသည်။ 

၎င်း၏ လက်ရှိစျေးကွက်ပေါက်စျေးမှာ ယူရိုသန်း ၄၀ ဝန်းကျင်ရှိနေပြီး ဆာလ်ဇ်ဘာ့ဂ် အသင်းအနေဖြင့် ယူရိုသန်း ၆၀ အထက်ရရှိ ပါက လာမည့်နွေရာသီတွင် ရောင်းချဖွယ်ရှိ ကြောင်း သိရသည်။ 

ဂျူဗင်တပ်စ်အသင်း အားကစားဒါရိုက်တာ ပါရာတီချီသည် ဟာလန်း မိုလ်ဒီအသင်း၌ကစားနေစဉ် ၂၀၁၈ ခုနှစ် နွေရာသီတွင် ယူရိုခြောက်သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်ခဲ့ဖူးသလို မန်ယူအသင်း နည်းပြ ဆိုးလ်ရှားမှာလည်း ၎င်းနှင့် နှစ်ရာသီ လက်တွဲခဲ့ဖူးသဖြင့် ရင်းနှီးသည့်ဆက်ဆံရေးရှိထားကြောင်း သိရသည်။ 

အီဘရာဟီမိုဗစ်လက်သစ်အဖြစ် တင်စားခံနေရသူ ဟာလန်းသည် ယခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း စံချိန်တင်အဖြစ် တစ်ပွဲတည်း ကိုးဂိုး သွင်းယူကာ ရွှေဖိနပ်ဆုရယူနိုင်ခဲ့သည်။

 

Most Read

Most Recent