နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (ABIS) တွင် တက်ရောက်မိန့်ခွန်းပြောကြားမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (ABIS) တွင် တက်ရောက်မိန့်ခွန်းပြောကြားမည်
Published 1 November 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသတွင်းထိပ် သီးအစည်းအဝေးတစ်ခုဖြစ်သော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးတွင် တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ဘန်ကောက်သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာကိုယ်စားလှယ်များနှင့်အတူ နိုဝင်ဘာ ၂ ရက်တွင် ပြုလုပ်မည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစည်းအဝေး (ABIS) သို့ တက်ရောက်မည်ဖြစ်ကာ ထိုင်း ဒေသစံတော်ချိန် ၃ နာရီခွဲတွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ယင်းအစည်းအဝေးသည် ထိပ်သီးခေါင်းဆောင်များပါဝင်သော စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကဏ္ဍအတွက် အရေးပါပြီး အာဆီယံဒေသတွင်းမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

အစည်းအဝေးကို  IMPACT Exibation Hall တွင် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းမှ စ၍ Empowering Asean 4.0 ခေါင်းစဉ်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသော ထိုင်းဝန်ကြီးချုပ် ပရာယွတ်က အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

ထို့ပြင် ယင်းအစည်းအဝေးပွဲတွင် Air Asia ၏ CEO ဖာနန်ဒက်က ဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

နိုင်ငံတော််၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်မှာ ဖိလစ်ပိုင်တွင်ပြုလုပ်ခဲ့သော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထိပ်သီးအစည်းအဝေးနှင့် စင်ကာပူတွင်ပြုလုပ်ခဲ့သော ABIS အစည်းအဝေးတို့တွင် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ဖူးသည်။

နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို အရှေ့တောင်အာရှ၏ နောက်ဆုံးနယ်စပ်ဟု တင်စားခံရသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် ABIS အစည်းအဝေးတွင် တိုက်တွန်းခဲ့ပြီး မြန်မာ အစိုးရက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းနေသည်ဟု ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ယှဉ်ပြိုင်မှုကို အားပေးပြီး ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်း ဖန်တီးပေးခြင်းကြောင့် သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့နိုင်ကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်ရန် အရေးကြီးသည်မှာ ပုဂ္ဂလိကကဏ္ဍ၏ အခန်းကဏ္ဍဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသည့် အခြေခံအဆောက်အအုံစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် ပုဂ္ဂလိက ကဏ္ဍကအရေးပါသည့်အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း၊ One Stop Service Center များတည်ထောင်ခြင်း၊  Single-Window System ဟုခေါ်သည့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဆင်ပြေချောမွေ့အောင် လုပ်ဆောင် သည့် စနစ်ချမှတ်ခြင်း၊ အွန်လိုင်းမှ လျှောက်ထားသည့်စနစ် အစရှိသည့် လုပ်ဆောင်ချက်များကို ဗျူရိုကရက်ကြိုးနီစနစ်လျှော့ချရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ကြီးပွားတိုးတက်လာနိုင်မည့် စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖန်တီး ပေးရန်ဆောင်ရွက်နေကြောင်းတို့ကို ဖိလစ်ပိုင် ABIS တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။

အလားတူ စင်ကာပူနိုင်ငံ၌ ပြုလုပ် သည့် ABIS အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ ရေလုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအပါအဝင် Sectors များတွင် ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများ ရှိနေကြောင်းကို ထည့်သွင်းပြောကြားသည်။

မြန်မာပြည်တွင် စီးပွားရေးလုပ်ကိုင်နေသူအချို့က မည်သူ့ကို လာဘ်ထိုးရမည်ကို သိသောကြောင့် လွယ်ကူသည်ဟု ယခင်က ပြောခဲ့သော်လည်း ယခုအခါ ခက်ခဲကြောင်း၊ ထိုသို့ခက်ခဲရခြင်းမှာ ယခုအခါ စီးပွားရေးလုပ်ငန်းများကို ကျွမ်းကျင်မှန်ကန်သည့်နည်းလမ်း ဖြင့် လုပ်ကိုင်ရန်နှင့် သမာဓိရှိရှိလုပ်ကိုင်ရ မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း စင်ကာပူ ABIS တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားသည်။

ABIS သို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးသောင်းထွန်း၊ ဦးကျော်တင်အပါအဝင် မြန်မာကိုယ် စားလှယ်အဖွဲ့တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။

 

Most Read

Most Recent