မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို NLD ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် (၃) အဖြစ် တာဝန်ပေးအပ်ခြင်းခံရ

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို NLD ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် (၃) အဖြစ် တာဝန်ပေးအပ်ခြင်းခံရ
Published 29 October 2019
ဉာဏ်လင်းထွန်း

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ အောင်မိုးညိုကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင် (၃) အဖြစ် တာဝန်ပေးလိုက်ကြောင်း ပါတီ က အောက်တိုဘာ ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပ သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အ စည်းအဝေးဆုံးဖြတ်ချက်အရ ယင်းသို့ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ရွေးကောက်ပွဲနီးတဲ့အခါကျတော့ ထပ်ပြီးတော့ အားဖြည့်တဲ့သဘောလို့ ထင်ပါတယ်’’ဟု ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်၊ ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သည့် မုံရွာအောင်ရှင်က မှတ်ချက်ပြုသည်။

NLD ပါတီ၏ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အတွင်းရေးမှူးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်းနှင့် ဦးဟံသာ မြင့် စသည့် ပါတီဗဟိုအလုပ်အမှုဆောင်ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ထိုစဉ်က ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် အတွင်းရေးမှူးအဖွဲ့သည် ဒုတိယအမြင့်ဆုံး ဖြစ်သည်။

၂၀၁၈ ဇွန် ၂၃ ရက်နှင့် ၂၄ ရက်တွင် NLD ပါတီ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံ ကျင်းပပြီးနောက်် ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့သည် ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၁) နှင့် (၂) ဖြစ်လာခဲ့ပြီး အတွင်း ရေးမှူးအဖွဲ့တွင် အဖွဲ့ဝင်ဦးဝင်းထိန်မှာ ပါတီ သဘာပတိအဖွဲ့ဝင်ဖြစ်သွားသောကြောင့် ဒေါက်တာအောင်မိုးညိုကို အတွင်းရေးမှူး အဖွဲ့ဝင် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပါတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများပြီးလျှင် ပါတီ၏ တတိယအမြင့်ဆုံးနေရာတွင် အတွင်းရေးမှူးအဖွဲ့ တည်ရှိမည်ဟု မုံရွာအောင်ရှင် က ပြောကြားသည်။

“အတွင်းရေးမှူးအဖွဲ့က ပါတီရဲ့ကိစ္စ အဝဝအားလုံးမှာ တာဝန်ရှိတယ်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ပြီးတော့ အဆင့်သုံးပေါ့” ဟု ၎င်းက ဆိုသည်။ ဒေါက်တာ အောင်မိုးညိုသည် NLD ပါတီ စတင်တည်ထောင်စဉ်ကတည်း က ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ကျင်းပသည့် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအပြီးတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် စတင်တာဝန်ယူခဲ့သည်။