တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးအတွက် အဓိကဆွေးနွေးခဲ့

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးအတွက် အဓိကဆွေးနွေးခဲ့
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၂၉ ရက်က တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၂၉ ရက်က တွေ့ဆုံစဉ်
Published 29 October 2019
မင်းနိုင်စိုး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြကြောင်း KNU အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောကြားသည်။

“အဓိက ဆွေးနွေးတာကတော့ အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးကိစ္စကို ကျွန်တော်တို့ ဘယ်လိုဆောင်ရွက်ကြမလဲပေါ့။ အဓိက အရေးကြီးတဲ့ အပစ်အခတ်ရပ်စဲရေးဆိုရင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ပါတာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စကို ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သွားမလဲပေါ့။ NCA အခန်း (၃) ဆိုင်ရာ ကိစ္စတွေဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဖြစ်တဲ့အတွက် ပစ်ခတ်ရပ်စဲမှု ခိုင်မာအောင်လုပ်ဖို့က တပ်ပိုင်းဆိုင်ရာတွေ တွေ့ဆုံနိုင်မယ့် အခင်းအကျင်းတွေ လိုအပ်တယ်ပေါ့။ ကျွန်တော်တို့ အောက်ခြေမှာ ထိတွေ့မှုတွေ မဖြစ်လာဖို့က သက်ဆိုင်ရာ အဆင့်ဆင့်သော တပ်မှူးတွေရဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော် လုပ်ဆောင်နိုင်တဲ့ပုံစံတွေ ခုနကလို ရှိကြမယ်ဆိုရင် ကျွန်တော်တို့ အချင်းချင်းကြားမှာ ယုံကြည်မှုတွေ ပိုမိုရှိလာပြီးတော့ အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာလာစေမှာ ဖြစ်ပါတယ်။ အဲဒါမှပဲ ကျွန်တော်တို့ ဒီဘက် JMC ဆိုင်ရာလုပ်ငန်းကိုလည်း ပိုမိုအားကောင်းအောင် လုပ်နိုင်မှာပေါ့” ဟု KNU အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) သည် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရမည် ဖြစ်သည့်အတွက် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ထိတွေ့မှုများ မဖြစ်စေရန်၊ ထိတွေ့မှုများ ရှိလာပါကလည်း အမှန်တကယ် လျော့နည်းသွားစေမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU တို့၏ တွေ့ဆုံမှုတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် ကာလရှည်ကြာ ရပ်တန့်နေခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် အောက်တိုဘာ ၃၀ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူရန် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ အစောပိုင်းကာလများက အဆိုပြုခဲ့ပြီး KNU ကမူ ၎င်းတို့အဖွဲ့အစည်းနှင့် အစိုးရ၊ တပ်မတော် ခေါင်းဆောင်များ သီးသန့်တွေ့ဆုံ ဆွေးနွေးပြီးမှသာ JICM အစည်းအဝေး ခေါ်ယူရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ အဆိုပြုခဲ့သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် KNU တို့၏ တွေ့ဆုံမှုတွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး JICM အစည်းအဝေး ပြန်လည်စတင်နိုင်ရန် လိုအပ်နေသကဲ့သို့ အရေးကြီးသည်ကိုလည်း အားလုံးက လက်ခံထားကြောင်း ပဒိုစောလှထွန်းက ပြောကြားသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ဖို့အတွက်က JICM အစည်းအဝေး ပြန်လည်စတင်ဖို့ အတွက်က လိုအပ်တယ်။ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့အားလုံး လက်ခံထားတယ်။ သဘောတူထားတယ်။ ဆောင်ရွက်သွားကြမှာလည်း ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ဆောင်ရွက်သွားနိုင်ဖို့ အတွက်ကျတော့ အဓိကက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အစိုးရဘက်က ဆိုရင်လည်း နိုင်ငံတော် အတိုင်ပင်ခံပေါ့။ တပ်ဘက်က ဆိုရင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပေါ့။ သူတို့ဘက်က သွားရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သဘောထားတွေကို ရှင်းရှင်းလင်းလင်း သိစေဖို့၊ ရစေဖို့အတွက် သွားတွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ တပ်ချုပ်ဘက်ကရော၊ နိုင်ငံတော်အတိုင်ပင်ခံ ဘက်ကရော ခုနက ငြိမ်းချမ်းရေးကို ရှေ့ဆက်ဖို့နဲ့ အောင်အောင်မြင်မြင်နဲ့ သွားနိုင်ဖို့က လုံးဝသဘောထား ရှိထားတယ်။ JICM အစည်းအဝေးကတော့ ကျွန်တော်တို့ နဂိုကတည်းကလည်း သဘောထား ရှိထားတယ်ပေါ့” ဟု ပဒိုစောလှထွန်းက ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေး ကိစ္စနှင့်ပတ်သက်၍ JICM တွင် အဓိကအားဖြင့် မည်သည့် အကြောင်းအရာများ ဆွေးနွေးကြမည်၊ လက်ရှိရှိနေသော အခက်အခဲ ပြဿနာများကို မည်သို့ ကျော်လွှားကြမည် ဆိုသည့်ကိစ္စရပ်များ ဆွေးနွေးရန် ရှိနေပြီး ထိုသို့ဆွေးနွေးနိုင်ရေးနှင့် JICM အစည်းအဝေး ခေါ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာက ဖွဲ့စည်းပေးထားသော ညှိနှိုင်းရေး အဖွဲ့များအကြား ဆွေးနွေးရမည်ဖြစ်ကာ အဆိုပါ လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်ရန် လိုနေသေးသည်ဟု KNU အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောကြားသည်။

Most Read

Most Recent