၂၀၂၀ ရွေးကောက်ပွဲဝင်ဖြစ်ပါက တစ်သီးပုဂ္ဂလအနေဖြင့်သာ ရပ်တည်ယှဉ်ပြိုင်မည်ဟု ဒေါက်တာညိုညိုသင်း ပြောကြား

၂၀၂၀ ရွေးကောက်ပွဲဝင်ဖြစ်ပါက တစ်သီးပုဂ္ဂလအနေဖြင့်သာ ရပ်တည်ယှဉ်ပြိုင်မည်ဟု ဒေါက်တာညိုညိုသင်း ပြောကြား
Published 27 October 2019
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ဖြစ်မည်ဆိုပါက နိုင်ငံရေးပါတီတစ်ရပ်ကို ကိုယ်စားမပြုဘဲ တစ်သီးပုဂ္ဂလအနေဖြင့်သာ ရပ်တည်ယှဉ်ပြိုင်မည်ဟု ရန်ကုန်စောင့် ကြည့်အဖွဲ့တည်ထောင်သူလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သည့်  ဒေါက်တာညိုညိုသင်းက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။

ပြည်သူ့လိုအပ်ချက်ကို မြန်ဆန်စွာ ဆောင်ရွက်လိုသည့် ၎င်းအား ပါတီစည်းမျဉ်း၊ စည်းကမ်းများနှင့် ထိန်းသိမ်းမည်ကို မလိုလားသောကြောင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“နိုင်ငံရေးပါတီဆိုတာ သူ့ရဲ့စည်းမျဉ်း၊ စည်းကမ်းတွေ ရှိကြမှာပဲလေ။ အဲဒီအခါကျတော့ ပြည်သူရဲ့ လိုအပ်ချက်ကို မြန်မြန်ဆန်ဆန် ဆောင်ရွက်တတ်တဲ့ အန်တီရဲ့ ပင်ကိုသဘာဝနဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုပြီး လွှတ်တော်ထဲမှာ ထိုင်ဖို့က မအပ်စပ်ဘူးပေ့ါ။ ဒါကြောင့်မို့ အန်တီက တစ်သီးပုဂ္ဂလ အနေနဲ့ ပဲ နေခြင်းအားဖြင့် ပြည်သူလူထုအကျိုး၊ ပြည်သူလူထု ဒီနေ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရင် မနက်ဖြန် တန်းပြီးတော့ လွှတ်တော်ထဲမှာ အဆိုတင်သွင်းနိုင်တဲ့ အနေအထားမျိုးကို ပိုပြီး နှစ်သက်တယ်ပေါ့။ ဒါကြောင့် အန်တီရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကတော့ ရွေးကောက်ပွဲ ဝင်ဖြစ်မယ်ဆိုရင် ဘယ်နိုင်ငံရေးပါတီကိုမှ ကိုယ်စားမပြုဘဲနဲ့ တစ်သီးပုဂ္ဂလအနေနဲ့ပဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်” ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

လက်ရှိ တွင် တည်ထောင်လျက်ရှိသည့် နိုင်ငံရေးပါတီအသစ်အချို့ထံမှ ကမ်းလှမ်းမှုများရရှိသော်လည်း ဥပဒေနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးခြင်းမှလွဲ၍ ပါတီသို့ ဝင်ရောက်မည် မဟုတ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် ပြီးခဲ့သည့်ရွေးကောက်ပွဲအတွေ့အကြုံ များနှင့် လက်ရှိ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် သံသယရှိနေဆဲဖြစ်၍ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ် နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

“ရွေးကောက်ပွဲ ဝင်၊ မဝင် ဆုံးဖြတ်ချက် ကို လာမယ့်နှစ် နှစ်လပိုင်း၊ သုံးလပိုင်းလောက် ကျမှ ချဖို့ စိတ်ကူးထားတယ်” ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

မည်သည့် လွှတ်တော်အမျိုးအစားတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ကိုလည်း ဆုံးဖြတ်ရ ခြင်းမရှိသေးဟု ၎င်းက ဆိုသည်။

ဒေါက်တာ ညိုညိုသင်းသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရက် တစ်ပါတီ (မြန်မာ) မှနေ၍ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ဗဟန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ သည်။

ထို့နောက် ပါတီမှ နုတ်ထွက်ခဲ့ပြီး တစ် သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံရန် စီစဉ်ခဲ့သော်လည်း ပယ်ချခံခဲ့ရပြီးနောက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဗဟန်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယင်းနှစ်၏ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး အချိန်အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။                

 

 

Most Read

Most Recent