မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးတို့အနေဖြင့် နယ်မြေချင်း ထိစပ်လျက်ရှိသော ဒေသများတွင် ပေါ်ပေါက်လျက်ရှိသည့် မည်သည့်ပြဿနာမျိုးမဆို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာကြရန် မွန်နှင့် ကရင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးတို့အနေဖြင့် နယ်မြေချင်း ထိစပ်လျက်ရှိသော ဒေသများတွင် ပေါ်ပေါက်လျက်ရှိသည့် မည်သည့်ပြဿနာမျိုးမဆို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာကြရန် မွန်နှင့် ကရင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်
Published 27 October 2019
ဘိုဘိုမြင့်

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးတို့အနေဖြင့် နယ်မြေချင်း ထိစပ်လျက်ရှိနေသော ဒေသများတွင် ပေါ်ပေါက်လျက်ရှိသည့် မည်သည့် ပြဿနာမျိုးမဆို ပြည်သူလူထုဘဝ လုံခြုံမှုကိုရှေးရှုပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာကြရန် မွန်နှင့် ကရင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများက အောက်တိုဘာ ၂၆ ရက် နေ့စွဲဖြင့် သဘောထား ထုတ်ပြန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

မွန်လူမျိုးနှင့် ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးသည်နှင့် တစ်ပြိုင်နက် အမျိုးသား တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် အတူတကွ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ထို့ပြင် မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးတို့သည် သမိုင်းအစဉ်အလာကောင်းပြီး အမျ ိုးသားနိုင်ငံရေး ရပ်တည်ချက် ခိုင်မာသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သကဲ့သို့ နိုင်ငံရေး အတွေ့အကြုံ ရင့်ကျက်သော အဖွဲ့အစည်းများ ဖြစ်ကြကြောင်း အဆိုပါ မွန်နှင့် ကရင် လူမှုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်၌ ဘုရားသုံးဆူဒေသတွင် မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးတို့၏ အောက်ခြေတပ်ဖွဲ့ဝင်တချို့ ထိပ်တိုက်တွေ့ရာမှ အချင်းချင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားလာကြောင်းကို သိရှိရပါကြောင်း၊ ထိုသို့ စစ်ရေးပဋိပက္ခကြောင့် ပြည်သူလူထု အသက်ဆုံးရှုံးမှုများ ရှိသကဲ့သို့ မြောက်မြားစွာသော ပြည်သူတို့သည် အိုးအိမ်ပစ်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များဘဝသို့ ရောက်ရှိသွားသည်ကို သိရှိရပါကြောင်း သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်များကြောင့် မွန်နှင့် ကရင် လူမှုအဖွဲ့အစည်းအနေဖြင့် လွန်စွာ စိတ်မကောင်း ဖြစ်မိသည့်အပြင် စစ်ရေးပဋိပက္ခ  အရှိန်မြင့်လာမည်ကို လွန်စွာစိုးရိမ် ပူပန်လျက်ရှိကြောင်း၊ ထို့ကြောင့် မွန်လူမျိုးနှင့် ကရင်လူမျိုးတို့သည် နှစ်အတန်ကြာကတည်းက ရှိလာခဲ့ပြီးဖြစ်သော စည်းလုံးညီညွတ်ရေးကို လည်းကောင်း၊ လက်ရှိ အကောင်အထည် ဖော်လျက်ရှိသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်ကိုလည်းကောင်း ထိခိုက်လာသည်ဖြစ်၍ စစ်ရေးပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ပြီး ဖြစ်ပေါ်နေသော ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာဖြေရှင်းကြရန်၊ ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများကို လုယက်ဖျက်ဆီးခြင်း၊ လူ့အသက်ကို သေစေခြင်း၊ ဒုက္ခိတဘဝကို ရောက်ရှိသွားစေနိုင်သည့် မြေမြှုပ်မိုင်း ထောင်ခြင်းများနှင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် မဖြစ်ပွားစေရန် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက တာဝန်ယူတားဆီးရန်နှင့် မွန်ပြည်သစ် ပါတီနှင့်  ကရင်အမျိုးသားအစည်းအရုံးတို့ အနေဖြင့် နယ်မြေချင်း ထိစပ်လျက်ရှိနေသော ဒေသများတွင်  ပေါ်ပေါက်လျက်ရှိသည့် မည်သည့် ပြဿနာမျိုးမဆို  ပြည်သူလူထုဘဝ လုံခြုံမှုကို ရှေးရှုပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာကြရန် တိုက်တွန်းအပ်ပါကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

“ KNU နဲ့ မွန်ပြည်သစ်ပါတီကြားမှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့မှုတွေကြောင့် များသောအားဖြင့် ပြည်သူတွေ ထိခိုက်နစ်နာကြတဲ့အတွက် စစ်ပွဲတွေကို ရပ်တန့်ပေးဖို့နဲ့ ဒီကိစ္စတွေ မဖြစ်အောင် ဖြေရှင်းပေးနိုင်ဖို့  မွန် နဲ့ ကရင်က လူမှုအဖွဲ့အစည်းတွေ ပေါင်းပြီးတော့ သဘောထား ထုတ်ပြန်ချက် ထုတ်ဖြစ်တာပါ” ဟု မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ရက်မှ မိကွန်ချမ်းနွန်က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး ဒီသဘောထား ထုတ်ပြန်ချက်က ကျွန်မတို့ လူမှုအဖွဲ့အစည်းတွေအနေနဲ့ တိုက်ပွဲတွေ ရပ်တန့်ပေးပါလို ့ အသံပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။ ရှေးကာလတွေမှာလည်း ဒီလိုမျိုးတွေ ထပ်မဖြစ်အောင် အောက်ခြေမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေက ဘာတွေလဲဆိုတာကို သေသေချာချာကို သုတေသနတွေ လုပ်ပြီးတော့ နှစ်ဖက်တပ်တွေကို တောင်းဆိုသွားဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးတို့သည် အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကြိုးစားနေခြင်း အတူတူဖြစ်ကြောင်း၊ နိုင်ငံရေး ရည်မှန်းချက်လည်း တူညီသည့်အတွက် နိုင်ငံရေး ရည်မှန်းချက်ကို အတူတူချီတက်နေသည့် ကာလမျိုးတွင် ပဋိပက္ခ မဖြစ်သင့်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်း ပဋိပက္ခဖြစ်ပွားခြင်း ဖြစ်သော်လည်း၊ ၎င်းတို့သာ ထိခိုက်နစ်နာခြင်းမျိုး မဟုတ်ဘဲ ပြည်သူလူထုကပါ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခြင်း၊ ထိခိုက်ဒဏ်ရာရသွားခြင်း ဖြစ်သည့်အတွက် စစ်ရေး ပဋိပက္ခကို ရှောင်ကြဉ်စေချင်သည့်အတွက် မွန်နှင့် ကရင် CSO များပူးပေါင်းပြီး သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ကရင့်ရေးရာကော်မတီမှ စောကျော်စွာက ပြောကြားသည်။

Most Read

Most Recent