ကိုကိုးကျွန်းတွင် ပါတီရုံးခွဲဖွင့်လှစ်ရန် NLD ပါတီ စီစဉ်နေ

ကိုကိုးကျွန်းတွင် ပါတီရုံးခွဲဖွင့်လှစ်ရန် NLD ပါတီ စီစဉ်နေ
Published 26 October 2019
ဉာဏ်လင်းထွန်း

ကိုကိုးကျွန်းမြို့နယ်တွင် ပါတီရုံးခွဲဖွင့် လှစ်ရန်စီစဉ်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် ဖွင့် လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

“အကုန်ပြီးနေပြီ။ မကြာခင် ဖြစ်မှာပါ။ နောက်တစ်လ၊ နှစ်လ အတွင်း သေချာတယ်။ အများဆုံး နှစ်လပဲ” ဟု မုံရွာအောင်ရှင်က ပြောကြားသည်။

လက်ရှိတွင် ကိုကိုးကျွန်းမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ မြို့နယ်ရုံးခွဲ ဖွင့်လှစ်ထားနိုင်ပြီး NLD ပါတီ အပါအဝင် အခြားပါတီများ ရုံးခွဲဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

ထို့ပြင် ၂၀၁၅ အထွေထွေရွေးကောက် ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း NLD ပါတီ ရှုံးနိမ့်ခဲ့သည့် တစ်ခုတည်းသောမြို့နယ် ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ယာယီရုံးခွဲပုံစံ ဖွင့်လှစ်ဆောင်ရွက်ခဲ့သော်လည်း ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက်တွင် ရုံးခွဲ ဆက်လက်ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ပါတီဝင်များထားရှိပြီး ဆက်သွယ်ရေးပုံစံ သာ ဆောင်ရွက်လျက်ရှိကြောင်း မုံရွာအောင်ရှင်က ပြောကြားသည်။

ကိုကိုးကျွန်းသည် ရန်ကုန်တောင်ပိုင်းခရိုင်တွင်တည်ရှိပြီး ၁၉၇၄ တွင် မြို့နယ်အဆင့် သတ်မှတ်ခံရကာ ရေလမ်းကြောင်းနှင့် လေလမ်းကြောင်း နှစ်ခုဖြင့်သာ သွားရောက် နိုင်သည့် မြို့နယ်ဖြစ်သည်။

အမှတ် ၂၈ ရေတပ်စခန်း အခြေစိုက် တည်ရှိပြီး တပ်မတော်သားများနှင့် မိသားစု ဝင်များအများစု နေထိုင်ကာ အရပ်သားနည်းပါးသည့် မြို့နယ်လည်းဖြစ်သည်။

NLD ပါတီအနေဖြင့် မြို့နယ်တိုင်းတွင် ပါတီရုံးခွဲ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေပြီး ယင်း အထဲတွင် ကိုကိုးကျွန်းလည်း ပါဝင်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အတည်ပြုသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကိုကိုးကျွန်း မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင် စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပင် အနိုင်ရခဲ့သည်။

သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကလည်း ပါတီပုံရိပ်အရ ကိုကိုးကျွန်းတွင် ပါတီရုံးခွဲဖွင့် လှစ်နိုင်ရေး ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဦးတင်မောင်ဦးက ပြောကြားထားသည်။

Most Read

Most Recent