ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီက တိုင်းရင်းသား ရာခိုင်နှုန်း ထက်ဝက်ကျော်ရှိသည့် မဲဆန္ဒနယ်များကို ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟုဆို

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီက တိုင်းရင်းသား ရာခိုင်နှုန်း ထက်ဝက်ကျော်ရှိသည့် မဲဆန္ဒနယ်များကို ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟုဆို
Published 26 October 2019
ဉာဏ်လင်းထွန်း

တိုင်းရင်းသားရာခိုင်နှုန်း ထက်ဝက်ရှိသည့် မဲဆန္ဒနယ်များကို ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဘဲ တိုင်းရင်းသားပါတီများကို ဦးစားပေးမည်ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဦးတင်မောင်ဦးက ပြောကြားသည်။

“တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေကို ဦးစားပေးတဲ့အနေနဲ့ တိုင်းရင်းသား ရာခိုင်နှုန်း ၅၀ အထက်ရှိရင် ကျွန်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုပါဘူး။ တကယ်လို့ ၅၀ အောက် ဗမာလူမျိုးတွေလည်း ရှိတယ်ဆိုရင်တော့ အဲဒီဒေသတွေကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်” ဟု ဦးတင် မောင်ဦးက ပြောကြားသည်။

လက်ရှိတွင် မြို့နယ်ပေါင်း ၂၅၀ ကျော် ၌ ပါတီရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပါတီရုံးခွဲရှိသည့် မြို့နယ်တိုင်းတွင် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီသို့ ပါတီဝင်အဖြစ် ဝင်ရောက်လိုလျှင် နိုင်ငံသားနှင့် အသက် ၁၈ နှစ်ပြည့်ရန် လို အပ်ပြီး ပါတီကို ယုံကြည်သက်ဝင်ပါက ပါတီဝင်ဖြစ်နိုင်ပြီး ပါတီဝင်ကြေး၊ လစဉ်ကြေး ပေးရန် မလိုအပ်ကြောင်း သိရသည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကို ဗိုလ်ချုပ်ကြီး (ငြိမ်း) သူရဦးရွှေမန်း ဦးဆောင်ပြီး ၂၀၁၉ ဖေဖော်ဝါရီတွင် ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့သည်။

ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ ဧပြီ ၄ ရက် တွင်ရရှိခဲ့ပြီး ဧပြီ ၂၅ ရက်တွင် ပါတီမှတ်ပုံတင် ရရှိခဲ့သည်။

ပါတီ တည်ထောင်မှု ခြောက်လကျော် ကြာမြင့်သည့် အချိန်တွင် ပါတီဝင်အင်အား သုံးသိန်းကျော် စုဆောင်းရရှိပြီဖြစ်ကြောင်း ဦးတင်မောင်ဦးက ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို လိုအပ်၍ တည်ထောင်ခြင်းဖြစ်ပြီး အာဏာရနိုင်ငံရေးပါတီများ၏ ဗဟုသုတများစွာရှိထားသောကြောင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိထားပြီးဖြစ်သည်ဟု ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန် ၂၉ ရက် ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်သည့် ပါတီမိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားထား သည်။

သူရဦးရွှေမန်းသည် တပ်မတော် အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်များ ထမ်းဆောင်ခဲ့ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယာယီဥက္ကဋ္ဌ တာဝန်လည်း ထမ်းဆောင်ခဲ့သည်။

 

 

Most Read

Most Recent