ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအို အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအကြီးအကဲ တွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ အချက်အလက်များ ဆွေးနွေး

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအို အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအကြီးအကဲ တွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ အချက်အလက်များ ဆွေးနွေး
Published 24 October 2019
မင်းနိုင်စိုး

လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် လာအို အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith THIENGTHAM တို့သည် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာပါ အချက်အလက်များ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

အဆိုပါ ဂုဏ်ပြုကြိဆိုပွဲ အခမ်းအနားသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမင်းတို့ တက်ရောက်ကြပြီး လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲနှင့်အတူ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး လာအို အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦး စီးဌာန ဒုတိယအကြီးအကဲနှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီးနောက် နှစ်နိုင်ငံ တပ်မတော် အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

၎င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် လာအို အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲတို့  တွေ့ဆုံဆွေးနွေးရာတွင် သမိုင်းကြောင်းအရ တည်ရှိခဲ့သော နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအား ပိုမိုခိုင်မာအောင် တည်ဆောက်ရေး၊ မြန်မာ့တပ်မတော်နှင့် လာအိုပြည်သူ့တပ်မတော်တို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ အချက်အလက်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဒေသ လုံခြုံရေး၊ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးနှင့် တရားမဝင် လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးတို့အတွက် နှစ်ဖက်တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး၊ အလားတူ တပ်မတော်နှစ်ရပ်အကြား လက်တွေ့ကျသော ပညာရေး၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာ ကိစ္စရပ်များ၌ သက်ဆိုင်ရာ ပညာရှင်များအလိုက် အချင်းချင်းပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမင်းနှင့် တာဝန်ရှိသူတို့ လိုက်ပါပြီး ဗီယင်ကျန်းမြို့ရှိ အညတရစစ်သည်ဗိမာန်သို့ သွားရောက်၍ ပန်းခွေချအလေးပြုကြသည်။

ထို့နောက် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင်သို့ သွားရောက်၍ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန General Chansamone CHANYALATH  အား ဂါရဝပြုတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် စက်မှုစီးပွားရေး ကဏ္ဍရပ်၌ ကျွမ်းကျင်ပညာရှင်များအချင်းချင်း ဆွေးနွေးအကောင်အထည်ဖော်ခြင်းဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေးတို့ အား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

 

Most Read

Most Recent