ပေါင်းတည်မြို့တွင် သမီးဖြစ်သူ ခိုးရာလိုက်ပြေးသဖြင့် မိခင်ဖြစ်သူ ဆွဲကြိုးချ သေဆုံး

ပေါင်းတည်မြို့တွင် သမီးဖြစ်သူ ခိုးရာလိုက်ပြေးသဖြင့် မိခင်ဖြစ်သူ ဆွဲကြိုးချ သေဆုံး
Published 22 October 2019
ဝေလင်း (ပြည်)

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် သမီးဖြစ်သူ ခိုးရာလိုက်ပြေးသဖြင့် မိခင်ဖြစ်သူ ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါင်းတည်မြို့၊ ပျဉ်းပင်ကန် ရပ်ကွက်၊ မှတ်တိုင်လမ်းနေ ဒေါ်ညွန့်ညွန့်ဌေး (၅၆ နှစ်) မှာ အောက်တိုဘာ၂၁ ရက် ည ၈ နာရီခန့်က နေအိမ်ခေါင်ထုပ်တန်းတွင် လက်သန်းလုံးခန့်အရှည် ၁၂ပေခန့်ရှိ အပြာရောင် နိုင်လွန်ကြိုးအား ချည်နှောင်ပြီး ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးက သူက စျေးရောင်းတယ်။  ယောက်ျားက ဆိုက်ကားနင်းတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က အသက် ၂၀ ရှိတဲ့ သမီးလေး ဂျပန်ကို အလုပ်သွားလုပ်ဖို့ သူ့ညီမတွေနဲ့ စီစဉ်ထားတာ ယောက်ျားနောက် လိုက်ပြေး သွားတယ်။ အဲဒီအပေါ်မှာစိတ်ညစ်သွားတာလည်း ပါတာပေါ့။ အဲဒီတော့ သူကိုယ်သူ ဆွဲ ကြိုးချသွားတာ ဖြစ်သွားတယ်” ဟု ဒုရဲမှူးမြင့်သိန်းက ပြောကြားသည်။

သေဆုံးသူအမျိုးသမီး၏ သမီးဖြစ်သူမှာ လွန်ခဲ့သောတစ်ပတ်ခန့်က ခိုးရာလိုက် ပြေးသွားသည့်ကိစ္စနှင့်ပတ်သက်၍ စိတ်ညစ်ကာ ယခုကဲ့သို့ဖြစ်ပွာခဲ့ကြောင်း မိသားစုဝင်များက သုံးသပ်ပြီး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ပေါင်းတည် မြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၉/၂၀၁၉)  ဖြင့် ဖွင့်လှစ်ထားရှိ စစ်ဆေး လျက်ရှိကြောင်း ပေါင်းတည်မြို့မရဲစခန်းက သိရသည်။