စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း

စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း
Published 22 October 2019
လင်းလင်းခိုင်

Birthday Show ဖျော်ဖြေပွဲအား အောင်မြင်မှုများစွာ ရရှိစေရန် တင်ဆက်ခဲ့ပြီးနောက် ဖျော်ဖြေပွဲများ ရန်ကုန်မြို့တွင် အတန်ငယ် ရပ်နားထားသည့် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်သည် နိုဝင်ဘာ ၁ ရက်တွင် Frenzo Artist များနှင့်အတူ Frenzo Halloween Party အား ကျင်းပမည် ဖြစ်သည်။ ယင်းဂီတဖျော်ဖြေပွဲတွင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် Frenzo Artist များ သည် Halloween Theme နှင့်ကိုက်ညီသည့် ဝတ်စားဆင်ယင်မှုများ၊ ဖျော်ဖြေမှုများဖြင့် တင်ဆက်ရန် ပြင်ဆင်လျက်ရှိသည်။ နိုဝင်ဘာလအတွင်းတွင် ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကား၌ ထိပ်တန်းသရုပ်ဆောင်များ၊ ထိုင်းနှင့် ဂျပန်မှ သရုပ်ဆောင်များနှင့်လည်း တွဲဖက်ပါဝင်ရန် စီစဉ်ထားသူ ဖြစ်သည်။ သရုပ်ဆောင်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံ၍ ဇာတ်ကားအတွက် ပြင်ဆင်မှုများနှင့် ဖျော်ဖြေပွဲအတွက် အကြိုသတင်းပေးလိုသည်များ မေးမြန်းဖြစ်ခဲ့ပါသည်။

မေး နိုဝင်ဘာ ၁ ရက်မှာကျင်းပမယ့် Halloween Party မှာဖျော်ဖြေမယ့် အကြောင်းကို အရင်ဆုံးပြောပေးပါဦး။

ဖြေ■ နိုဝင်ဘာ ၁ ရက်မှာ ကျွန်တော်တို့ Frenzo ဖျော်ဖြေပွဲ ရှိပါတယ်။ အောက်တိုဘာ ၃၁ နဲ့ နိုဝင်ဘာ ၁ ရက် နှစ်ရက်တွဲပြီး ပြုလုပ်တာဖြစ်ပါတယ်။ အောက်တိုဘာ ၃၁ က Halloween Party ရှိတယ်။ Wonder Festival ထဲမှာပဲ ပျော်ပွဲရွှင်ပွဲတွေ၊ ကစားစရာတွေ၊ စားသောက်ဆိုင်ခန်းတွေ ပါဝင်ပါမယ်။ Halloween Party ဖြစ်တဲ့အတွက် Halloween ဝတ်စုံတွေနဲ့ ဆင်နွှဲကြမယ်ပေါ့။ နိုဝင်ဘာ ၁ ရက်မှာ Snare၊ ဘန်နီဖြိုး၊ G Fatt၊ ကျွန်တော် စိုင်းစိုင်းနဲ့ အမရာဖုန်းတို့ ရှိပါမယ်။ ရိုးရိုးဖျော်ဖြေပွဲနဲ့ မတူတာက Halloween Party ပုံစံ ဖျော်ဖြေတင်ဆက်မှာ ဖြစ်မယ်။ လာရောက်ပါဝင်မယ့် ပရိသတ်တွေကလည်း အမိုက်စား costume တွေဝတ်ဆင်ပြီး ဆင်နွှဲလို့ရပါမယ်။ ဥပမာ-စူပါမန်းလို ဝတ်လာမလား၊ Iron Manလို ဝတ်လာမလား ဆိုတာမျိုးပေါ့။ ပရိသတ်တွေကို အဲဒီလိုကိုယ့်စိတ်ထဲက စိတ်ကူးအတိုင်း ဝတ်ဆင်လာဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အမိုက်စားတွေ စီစဉ်မယ်။ ကိုယ်ဘာဝတ်မယ် ဆိုတာတော့ မပြောသေးဘူး။ မင်းဘယ်လို ဖျော်ဖြေမယ် ဆိုတာလည်းမပြောနဲ့၊ ငါဘယ်လိုဖျော်ဖြေမယ် ဆိုတာလည်း မပြောဘူးဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ပိုမိုက်အောင် ပြင်ဆင်မယ်လို့တော့ ပြောထားကြတယ်။

မေး■ Halloween Fashion နဲ့ပတ်သက်လို့ အမှတ်တရ ဖြစ်ရတာမျိုး ရှိလား။

ဖြေ■ များသောအားဖြင့်တော့ သရဲပုံတွေ၊ တစ္ဆေပုံတွေ၊ vampire တွေ ပြင်ဆင်ပြီးမှ အရင်နှစ်တွေက ပါတီတွေသွားတဲ့အခါ သွားခဲ့ဖူးပါတယ်။

မေး■ ငါ့ရည်းစားက ပိုမိုက်တယ်သီချင်းက Regional Awards အတွက် ဆုရတယ်လို့လည်း သိရတယ်။ အဲဒီအတွက် ခံစားမှုလည်း ပြောပေးပါဦး။

ဖြေ■ ဒါကတော့ Pencell Studio ကနေ ကျွန်တော့်ရဲ့ သီချင်းကို animated video အဖြစ်ဖန်တီးခဲ့ရာမှာ Regional Awards ရတယ်လို့ ကျွန်တော်လည်း ဒီမနက်မှကြားတာပါ။ ဒီလောက်ပဲ သိပါသေးတယ်။ Pencell Studio က ညီအစ်ကိုမောင်နှမတွေက အုပ်စုလိုက် စည်းစည်းလုံးလုံးနဲ့ လုပ်ကြတယ်။ ရှေ့မှာလည်း ခဏခဏဆုတွေရတယ်။ သူတို့အတွက် ဂုဏ်ယူတယ်။ အားလည်းကျတယ်။ အခုလိုကျွန်တော်တို့ရဲ့ ပူးပေါင်းဖန်တီးမှုက ပရိသတ်တွေကြားမှာ ပျံ့နှံ့တယ်။ ဆုလည်းရတယ်ဆိုတော့ ဂုဏ်ယူသလို ဝမ်းသာရပါတယ်။

မေး■ Tik Tok နဲ့ Instagram မှာ follow လုပ်တာနဲ့ ပတ်သက်လို့လည်း ပြောပါဦး။

ဖြေ■ Instagram ကတော့ ကျွန်တော်သုံးတာလည်း ကြာပြီ။ follow လုပ်ထားတာလည်း အများကြီးရှိပါတယ်။ ကျွန်တော်သိတဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော်ကြည့်ချင်တဲ့ သူတွေကို follow လုပ်ထားပါတယ်။ facebookကတော့ လူငါးထောင်ပဲ ဆံ့တယ်။ သိတဲ့လူတွေရော မသိတဲ့လူတွေရော ရှိတယ်။ Tik Tokကတော့ ကျွန်တော်လုံးဝမသိဘူး။ ဒါပေမဲ့ ကျွန်တော်က Samaung Ambassador ဖြစ်တဲ့အတွက် သူတို့က Tik Tok လုပ်ကြရအောင် ပြောတဲ့အခါ Tik Tokဆိုတာ ဘာလဲမသိသေးဘူး။ မသိသေးတဲ့အတွက် Tik Tok စဖွင့်တယ်။ အစီအစဉ်တစ်ခုအတွက် တခြားမင်းသမီးတွေလည်း ပါတယ်။ အဲဒီနေ့က သက်မွန်တို့လည်း ပါတယ်။ နော်ဖောအယ်ထားလည်း ပါတယ်။ နင့်မှာ Tik Tok ရှိလား။ ငါခုမှ စသုံးတာလို့ ပြောတဲ့အခါ သူလည်းသိပ်မသုံးဖြစ်ဘူးတဲ့။ နင်လည်းငါ့ကို follow လုပ်၊ ငါလည်းနင့်ကို follow လုပ်ဆိုပြီး လုပ်ဖြစ်တယ်။ အခုလည်း သိပ်မသုံးဖြစ်တော့ ဘာမှထပ်မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ ဗီဒီယိုတွေလိုက်ကြည့်တော့ ပျော်စရာကောင်းတဲ့အတွက် လုပ်ကြည့်ဖို့ ကြိုးစားနေတယ်။ မကျွမ်းသေးဘူးပေါ့။

မေး■ စိုင်းစိုင်းကို idol အနေနဲ့ သတ်မှတ်တဲ့၊ ချစ်ခင်အားပေးတဲ့ လူငယ်တွေအများကြီး ရှိနေတယ်။ အဲဒီအပေါ် ဘာများပြောချင်တာများ ရှိမလဲ။

ဖြေ■ ကျွန်တော့်အနေနဲ့ဆိုု ငယ်ငယ်က လူကြီးတွေကို အားကျတယ်။ နောက်တော့ ရွယ်တူတန်းတူ သူငယ်ချင်းတွေ အလုပ်လုပ်ကြတာ အားကျတယ်။ အခုနည်းနည်းကြီးလာတော့ ကျွန်တော့်ထက်ငယ်တဲ့ ကောင်လေးတွေ ကောင်မလေးတွေ ကြိုးစားနေကြတယ်။ သူတို့မှာအခွင့်အရေးတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ထက်ပိုပြီး အခွင့်အရေးတွေ၊ လေ့လာခွင့်တွေ ရှိတာကြောင့် သူတို့ကိုလည်း အားကျတယ်။

မေး■ Halloween Party နဲ့ပတ်သက်လို့ ပြောချင်တာများ ရှိဦးမလား။

ဖြေ■ နိုဝင်ဘာ ၁ ရက် Halloween Party Thuwunna Bhumi Event Park မှာ လုပ်ပါမယ်။ Frenzo က ရန်ကုန်မှာ ဖျော်ဖြေပွဲ မရှိတာကြာပြီ။ ပြင်ဆင်ဝတ်စားပြီး လာရောက်ပါဝင်ဆင်နွှဲရမှာ ဖြစ်တယ်။ မခြယ်လာဘူးဆိုလည်း ပွဲမှာ make up artist တွေက မျက်နှာတွေ ဆေးခြယ်ပေးမယ်။ ကျွန်တော်ဆိုလည်း အမိုက်စား တစ်ခုလုပ်မယ်။ ဘာဖြစ်မလဲတော့ မသိသေးဘူး။

မေး■ နိုဝင်ဘာလမှာ ရိုက်ကူးမယ့် ကောင်းကင်မရှိတဲ့ကြယ်ဇာတ်ကားမှာ ကိုနေတိုးနဲ့ တွဲဖက်ပါဝင်ရမယ်။ ကိုနေတိုးနဲ့ ရှေ့မှာလည်း ဆုံဖူးတဲ့ဇာတ်ကားတွေ ရှိခဲ့တယ်နော်။

ဖြေ■ ကိုနေတိုးနဲ့ ကျွန်တော်နဲ့ တွဲဖက်ပါဝင်ဖြစ်ခဲ့တာက မင်္ဂလာပါဆိုတဲ့ ဇာတ်ကား ရှိခဲ့ပါတယ်။ ကျူးပစ်ရဲ့ကျေးကျွန်များဆိုတဲ့ ဇာတ်ကားရှိပါတယ်။ Bangkok to mandalay ရှိပါတယ်။ အခုဒီဇာတ်ကားက လေးကားမြောက်ဆုံတွေ့မှုလို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားက ၁၉၄၅ လောက်ကို အခြေခံမယ့်ဇာတ်ကားပါ။ အဖြစ်အပျက်တစ်ခုကို အခြေခံထားတာပါ။

မေး■ စိုင်းစိုင်းရိုက်ခဲ့တဲ့ ဇာတ်ကားတွေမှာ အခုလို အရင်ခေတ်ကိုပြန်ပြီးပုံဖော်ရတာမျိုး သိပ်မတွေ့ရဘူးနော်။

ဖြေ■ မှန်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က ဦးကျော်ဟိန်းနဲ့ ရိုက်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ မရိုက်ဖူးဘူး။ အခုမှ ပြန်ရိုက်ခွင့်ရတာပေါ့။ ဒီဇာတ်ရုပ်နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားနေပါတယ်။

Most Read

Most Recent