သတိပြုရန်လိုသည့် ဆိုက်ဘာအနိုင်ကျင့်မှု

သတိပြုရန်လိုသည့် ဆိုက်ဘာအနိုင်ကျင့်မှု
Published 19 October 2019

ကမ္ဘာနှင့် တစ်ဝန်း Facebook  အမြဲတစေသုံးစွဲမှု လစဉ်နှစ်ဘီလျံခန့်အထိ ရှိလာသကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက်အမျိုးမျိုးကို အသုံးပြုသူနှုန်း တစ်ဟုန် ထိုးမြင့်မားလာသည်။ လူမှုကွန်ရက်သည် မြန်မာ့လူမှု အသိုက်အဝန်းတွင် လျင်မြန်စွာပျံ့ နှံ့၍ သက်ရောက်မှုကြီးစေသကဲ့သို့ အခြားဘက်တွင် ပြဿနာများစွာလည်း ရှိနေသည်။ အချို့မှာ ရည်ရွယ်ချက်အမျိုးမျိုးအတွက် လက်နက်တစ်ခုအသွင် အသုံးပြုလာခြင်းကြောင့် နောက်ဆက်တွဲအန္တရာယ်များနှင့် ကြုံတွေ့ရင်ဆိုင်ရပြန်သည်။ ခေတ်အဆက်ဆက် ထိတွေ့မှု နည်းလွန်းခဲ့သည့် အင်တာနက်အသုံးပြုနိုင်မှု အခြေအနေသည် ယခုအချိန်တွင် ပြည်သူလူထု ရာခိုင်နှုန်းအနည်းငယ်၏ နေ့စဉ်ဘဝထဲမှ မရှိမဖြစ်အရာတစ်ခုဖြစ်လာခဲ့သည်။ နည်းပညာရှင်ဖြစ်စရာမလိုဘဲ လွယ်ကူစွာအသုံးပြုနိုင်သော ဝက်ဘ်ဆိုက်ရေးသားခြင်းများ ဖွံ့ဖြိုးလာခဲ့သည့်အတွက် အချင်းချင်းကူးလူးဆက်ဆံမှု လျင်မြန်လာပြီး အခြားသူများ၏ အတွေးအခေါ် အသိအမြင်များကို လွယ်ကူစွာ သိမြင်လာနိုင်သကဲ့သို့ မိမိ၏အတွေးအခေါ် အသိအမြင်များကိုလည်း အလွယ်တကူကျယ်ကျယ်ပြန့်ပြန့် ရေးသားဖြန့်ဝေလာနိုင်သည်။ မည်သည့်အရာမဆို အကောင်းရှိလျှင် အဆိုးလည်းရှိမည်သာ။ ကြီးမားသောကောင်းကျိုးကို လက်ခံနိုင်မည်ဆိုလျှင် ဒွန်တွဲပါလာသော ဆိုးကျိုးများ၏ ဒဏ်ကိုလည်း ခံနိုင်ရမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှု တွင်ကျယ်လာပြီး လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များ ဖွံ့ဖြိုးလာခြင်း၌ ကောင်းကျိုးများနှင့် ဒွန်တွဲဖြစ်ပေါ်လာသည့် အကြီးမား ဆုံးဆိုးကျိုးမှာ ဆိုက်ဘာအနိုင်ကျင့်မှု (Cyberbullying) များဖြစ်သည်။

ဆိုက်ဘာအနိုင်ကျင့်မှုဆိုသည်မှာ အင်တာနက်နှင့် နည်းပညာကို အသုံးပြု၍ အခြား လူတစ်ဦး တစ်ယောက်အား ထိခိုက်အရှက်ရစေမှုဖြစ်သည်။ အင်တာနက်နှင့် နည်းပညာကို အသုံးပြု၍ လူတစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်းပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်များ၊ စွပ်စွဲချက်များဖြင့် ထိခိုက်အရှက်ရစရာ ဖြစ်အောင်၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်အောင် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်ရှိ တွင် လူမှုကွန်ရက်နှင့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်များပေါ်၌ ဖြစ်ပွားနေသည့် ဓာတ်ပုံ၊ ဗွီဒီယိုများကို ခွင့်ပြုချက်မရှိဘဲ ကူးယူကာ ညစ်ညမ်းသည့်နေရာများတွင် အသုံးပြုခြင်း၊ သတင်းအချက်အလက်မှား၊ ကောလာဟလများဖြင့် တစ်ပါးသူ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခြင်း အစရှိသည်တို့သည် ဆိုက်ဘာအနိုင်ကျင့်မှုများပင် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခံရ ခြင်းအားဖြင့် အနိုင်ကျင့်ခံရသူတွင် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လူမှုရေး၊ စီးပွားရေးပြဿနာများ ဖြစ်ပေါ်ရပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်။ နည်းပညာကို အသုံးပြု၍ လူတစ်ဖက်သားအပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ထိုကဲ့သို့အနိုင်ကျင့်ခွင့် ရှိပါသလား ဟူ၍ဖြစ်သည်။ လူမှုကွန်ရက်နှင့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် ထိုကဲ့သို့အနိုင်ကျင့်မှုများ၊ ရေးသားဖြန့်ဝေနေသူများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ယူ၍ အပြစ်မရှိသယောင် ရေးသားပြောဆိုလုပ်ဆောင်နေကြသည်။ အင်တာနက်ပေါ်တွင် ရေးသားဖြန့်ဝေခြင်းများဖြစ်သည့်အတွက် တာဝန်ယူစရာမလိုဘဲ ဥပဒေကင်းလွတ်ခွင့်ရသည်ဟု ထင်မြင်ယူဆလျှင် မှားယွင်းမည်သာဖြစ်သည်။ ဆိုက်ဘာအနိုင်ကျင့်မှုမှန်း သိလျက်နှင့် ဆက်လက်ရေးသားဖြန့်ဝေမှုများ ပြုလုပ်နေသူများရှိသကဲ့သို့ ရာဇဝတ်မှု မြောက်နေမှန်း မသိသောကြောင့် ရေးသားဖြန့်ဝေနေသူများလည်း ရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေ ဆိုက်ဘာအနိုင်ကျင့်မှုများ ပြုလုပ်နေသူတို့အနေဖြင့် မိမိတို့၏မှားယွင်းသော လုပ်ရပ်အပေါ် အချိန်မလွန်မီ သတိပြုသင့်သည်။

အဖြစ်အပျက်အကြောင်းရာများတွင် ကိုယ်ချင်းစားစိတ်ထား၍ ဘက်ပေါင်းစုံမှ ဆင်ခြင်သုံးသပ်မှုမျိုး မပြုဘဲ အလွယ်တကူပင် ဆိုက်ဘာတိုက်ခိုက်မှုမျိုးကို လုပ်တတ်ကြသည့်ဓလေ့မှာ အရုပ်ဆိုး အကျည်းတန်လှသည်။ အထူးသဖြင့် လူမှုကွန်ရက် Facebook စာမျက်နှာများတွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အကြောင်းအရာတစ်ခုအပေါ် ချဉ်းကပ်ရာ၌ မှားခြင်းမှန်ခြင်းထက် အနိုင်ကျင့်စော်ကား တိုက်ခိုက်လိုစိတ် အလေးသာနေခြင်းမှာ မဖြစ်သင့်ပေ။ ဆိုက်ဘာအနိုင်ကျင့်မှုများသည် မြန်မာ့လူ့အသိုက်အဝန်းတွင် လျော့နည်းသွားခြင်း မရှိဘဲ ပို၍တိုးလာသည်ဟု ဆိုရမလိုဖြစ်နေသည်။ လူမှုကွန်ရက်များ၊ ဆိုက်ဘာအသုံးပြုမှု မြင့်မားလာမှုနှင့်အတူ မြန်မာ့လူ့အသိုက်အဝန်းတွင် ဆိုက်ဘာနှင့် ပတ်သက်၍ အသိပညာဗဟုသုတ တိုးလာ၍ ဆိုက်ဘာလုံခြုံရေးမြင့်သောအခြေအနေ တစ်ခုကို ဖန်တီးပေးနိုင်ခြင်းမရှိသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းပညာသည် ခေတ်သစ်ကမ္ဘာကြီးကို လျင်လျင်မြန်မြန်တိုးတက် ပြောင်းလဲလာစေသည်မှာ မှန်သော်လည်း လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်များလည်း ပို၍ထင်ရှားစွာတိုးမြင့်လာစေသည်။ အကျိုးရှိသကဲ့သို့ နောက်ဆက်တွဲအပြစ်နှင့် အန္တ ရာယ်များလည်း ရှိနေပြန်သည်။ ယင်းတို့ကို မည်သို့တားဆီး ကာကွယ်နိုင်မည်နည်းဆို သည်ကို အာဏာပိုင်များအနေဖြင့် ဂရုပြုဆောင်ရွက်ပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(အောက်တိုဘာ ၂၀ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)