ပွဲစျေးတန်း

ပွဲစျေးတန်း
ဓာတ်ပုံ-သီဟအောင်
ဓာတ်ပုံ-သီဟအောင်
Published 19 October 2019
ခက်ဆစ်လင်း( ပြည် )

 ထိုရပ်ဝန်းလေးများသည် တစ်နှစ်ပတ်လုံး အစဉ်သဖြင့် စည်ကား၍နေတတ်ခြင်းမျိုး မရှိဘဲ တစ်နှစ်မှတစ်ခါသာ ရာသီချိန်လေးရောက်ပါမှ လူပေါင်းများစွာဖြင့် ထိုရပ်ဝန်းလေးများသည် အထူးစည်ကား၍ နေတတ်ခြင်းသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သူ့အချိန် သူ့အခါရောက်ပါမှ လူအများ၏ တိုးဝှေ့ခြင်းများဖြင့် ထိုရပ်ဝန်းလေးများသည် အထူးစည်ကား၍ နေတတ်ခြင်းဖြစ်ပြီး၊ တစ်နှစ်ပတ်လုံးသော သာမန်အချိန်များတွင်တော့ ထိုရပ်ဝန်းလေးများသည် တိတ်ဆိတ် ခြောက်ကပ်မှုများဖြင့်သာ အသားတကျ ရှိနေတတ်သည်သာ ဖြစ်ပါ၏။ ဆိုရလျှင် တစ်နှစ်မှတစ်ခါ ရာသီချိန်လေးရောက်ပါမှ ထိုရပ်ဝန်းလေးများ၌ လူအများကြိတ်ကြိတ်တိုး စည်ကားခြင်းဖြင့် သဘာဝကျစွာပင် အသက်ဝင်လာတတ်စမြဲ ဖြစ်ပါပေသည်။

ထိုရပ်ဝန်းလေးများ၏ လူအများ အထူးစည်ကားခြင်းဖြင့် အသက်ဝင်လာတတ်သော ရာသီချိန်လေးများ၏ ကာလသက်တမ်းကလည်း တစ်နှစ်ပတ်လုံးသောအချိန်ဖြင့် တွက်ချက်ကြည့်မည်ဆိုလျှင် အလွန်တိုတောင်းသည့် ကာလလေးတစ်ခုလည်း ဖြစ်ပါသည်။ စင်စစ် ထိုရပ်ဝန်းလေးများတွင် လူပေါင်းများစွာဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေတတ်သည့် အချိန်ကာလလေးများမှ သာမန်အားဖြင့် ရက်အနည်းငယ်ခန့်သာ ဖြစ်ပေသည်။ တချို့သော ထိုရပ်ဝန်းလေးများ၏လူအများ ကြိတ်ကြိတ်တိုး စည်ကားခြင်းဖြင့် အသက်ဝင်နေတတ်သည့်ကာလမှာ သုံးရက်၊ ငါးရက်မျှသာဖြစ်ပြီး၊ တချို့သောထိုရပ်ဝန်းလေးများ၏ အသက်ဝင်မှုကာလကလည်း ရှစ်ရက်၊ ၁၀ ရက်မျှသော အချိန်ကာလ အပိုင်းအခြားသာ ဖြစ်တတ်ပေသည်။ ခြွင်းချက်အနေဖြင့် တစ်ခုနှစ်ခုသော ထိုရပ်ဝန်းလေးများ၏ အသက်ဝင်မှုကာလကတော့ အချိန်သုံးလလောက်အထိ ကြာမြင့်တတ်ခြင်းမျိုးလည်း ရှိနေတတ်ပြန်ပါသည်။

သို့သော် အများစုသော ထိုရပ်ဝန်းလေးများ၏ အသက်ဝင်မှုကာလကတော့ သာမန်အား ၁၀ ရက်ထက် မကျော်လွန်တတ်ပါပေ။ မည်သို့ပင်ဆိုစေ ထိုရပ်ဝန်းလေးများ အသက်ဝင်လာချိန်တွင်တော့ ထိုရပ်ဝန်းလေးများအတွင်း၌ လူပေါင်းများစွာတို့သည် ဝတ်ကောင်းစားလှများဖြင့် ပျော်ရွှင်ချမ်းမြေ့ ခြင်းများစွာဖြင့် အသားတကျ စီးမျောနေတတ်ကြစမြဲသာ ဖြစ်ပေသည်။ အမှန်တော့ လူပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့မှုများဖြင့် အသားတကျ စီးမျောနေတတ်ခြင်းကြောင့်လည်း တစ်နှစ်တစ်ခါ ရာသီချိန်ရောက်တိုင်း ထိုရပ်ဝန်းလေးများသည် အသက်ဝင်လာခြင်းဖြင့် လှပနေတတ်ခြင်းလည်း ဖြစ်ပေသည်။

တစ်ဖက်ကတွေးကြည့်လျှင်လည်း ထိုရပ်ဝန်းလေးများကြောင့်သာ တစ်နှစ်တစ်ခါတော့ ရာသီချိန်ရောက်တိုင်း လူအများသည် ပျော်ရွှင်ချမ်းမြေ့မှုများဖြင့် ထိုရပ်ဝန်းလေးများအတွင်း၌ ပျော်ပျော်ရွှင်ရွှင် စီးမျောနေနိုင်ကြခြင်းလည်း ဖြစ်ပေသည်။ ထိုရပ်ဝန်းလေးများသည် အမိမြန်မာနိုင်ငံ၏ နေရာဒေသအနှံ့အပြား၌ အနည်းဆုံး တစ်နှစ်တစ်ခါတော့ ဖြစ်တည် တည်ရှိတတ်ကြသည်ဖြစ်သလို ရာသီချိန်ရောက်တိုင်းလည်း ထိုရပ်ဝန်းလေးများအတွင်း၌ လူပေါင်းများစွာတို့၏ြ ကိတ်ကြိတ်တိုး စည်ကားခြင်းဖြင့် အသက်ဝင်လာတတ်စမြဲဖြစ်ပါသည်။

သို့သော် နေရာဒေသတစ်ခုနှင့်တစ်ခု ထိုရပ်ဝန်းလေးများ ဖြစ်တည်၍လာတတ်သော အချိန်ကာလ အပိုင်းအခြားကတော့ မတူညီဘဲ၊ ကွဲပြားခြားနားတတ်ပါပေသည်။ ဆိုရလျှင် မြန်မာ့ဆယ်နှစ်လ ရာသီများဖြစ်သော တန်ခူး၊ ကဆုန်၊ နယုန်၊ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်း ဟူသည့်လတိုင်းတွင် အမိမြန်မာနိုင်ငံ၏ ကွဲပြားခြားနားသည့် နေရာဒေသများတွင် ထိုရပ်ဝန်းလေးများသည် သူ့ရာသီအလိုက်ဖြစ်တည်လာတတ်၊ အသက်ဝင်၍ လာတတ်စမြဲသာ ဖြစ်ပေသည်။ သို့သော် နေရာဒေသအနှံ့အပြားမှ ထိုရပ်ဝန်းလေးများ၏ ဖြစ်တည် အသက်ဝင်လာတတ်သည့် အချိန်ကာလအပိုင်းအခြားကတော့ တူညီမှုမရှိဘဲ ကွဲပြားနေတတ်ခြင်းလည်း ဖြစ်ပေသည်။

 တချို့သောနေရာဒေသများတွင် တန်ခူးလ၌ ထိုရပ်ဝန်းလေးများဖြစ်တည်၍ အသက်ဝင်တတ်စမြဲဖြစ်သလို တချို့သော ထိုရပ်ဝန်းလေးများသည် ကဆုန်၊ နယုန်၊ ၀ါဆို၊ ၀ါခေါင် အစရှိသဖြင့် သူ့ရာသီနှင့်သူ နှစ်စဉ်အချိန်ကိုက် ဖြစ်တည် အသက်ဝင်လာတတ်စမြဲသာ ဖြစ်ပါသည်။ သို့သော် အထက်တွင်ဆိုခဲ့သလို တစ်နှစ်ပတ်လုံး သာမန်အားဖြင့်တော့ ထိုရပ်ဝန်းလေးများသည် တိတ်ဆိတ် ငြိမ်သက်ခြင်းဖြင့်သာ အသားတကျတည်ရှိ၍ နေတတ်သည်သာ ဖြစ်ပါ၏။ မည်သို့ပင်ဆိုစေ ရာသီချိန်ရောက်လာပြီဆိုလျှင်တော့ ထိုရပ်ဝန်းလေးများ၏  ဖြစ်တည်မှုသည် လူအများကြိတ်ကြိတ်တိုး စည်ကားခြင်းဖြင့် အသက်ဝင်လာတတ်စမြဲ ဖြစ်ပါ၏။

ထို့ကြောင့် နေရာဒေသအနှံ့အပြားမှ ထိုရပ်ဝန်းလေးများအား ရာသီပေါ်ရပ်ဝန်းလေးများဟု ဖွဲ့နွဲ့တင်စားလိုပါပေသည်။ ထိုကဲ့သို့သော တစ်နှစ်မှတစ်ခါသာ ဖြစ်တည်၍ လာတတ်သည့် ရာသီပေါ်ရပ်ဝန်းလေးများ ဖြစ်သည့်အတွက်ကြောင့်လည်း ထိုရပ်ဝန်းလေးများအတွင်း၌ လူပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့မှုများစွာဖြင့် နှစ်စဉ်အသားတကျ စီးမျောတတ်ကြခြင်းလည်း ဖြစ်ပါလိမ့်မည်။ စင်စစ် ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ ကလေးသူငယ်လေးများမှအစပြု၍ လူငယ်၊ လူလတ်၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီးအစုံ ပါဝင်စီးမျောနေတတ်ကြခြင်း ဖြစ်ပေသည်။

ဆိုရလျှင် ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ မိသားစုများစွာလည်း ပျော်ရွှင်မှုများဖြင့် အသားတကျ ပါဝင်စီးမျောနေတတ်ကြသလို၊ ချစ်သူစုံတွဲများလည်း ပျော်ရွှင်မှုများဖြင့် အသားတကျ ပါဝင်စီးမျောနေတတ်ကြပေသည်။ ထို့အတူ ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ အိမ်ထောင်သည် စုံတွဲများလည်း ပျော်ရွှင်မှုများဖြင့် အသားတကျ ပါဝင်စီးမျောနေတတ်ကြသလို လူငယ်၊ လူကြီး သူငယ်ချင်းအစုအဖွဲ့များလည်း ပျော်ရွှင်မှုများဖြင့် အသားတကျ ပါဝင်စီးမျောနေတတ်ကြပေသည်။ ထိုနည်းတူစွာပင် ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံတို့သည် တစ်သားတည်းပျော်ရွှင်မှုများဖြင့် အသားတကျ ပါဝင်စီးမျောနေတတ်ကြခြင်းလည်း ဖြစ်ပေသည်။

ထို့အပြင် ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ မူးယစ်ရမ်းကားတချို့လည်း ပျော်ရွှင်မှုများဖြင့် ပါဝင်စီးမျောနေတတ်ကြပြန်သည်။ ထိုမူးယစ်ရမ်းကား တချို့ကြောင့်တော့ ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ ရန်ပွဲတချို့လည်း ဖြစ်ပွားတတ်ပြီး၊ အနည်ငယ်သော ရှုပ်ထွေးမှုကိုလည်း ဖြစ်ပေါ်စေတတ်ပေသည်။ တစ်နည်းအားဖြင့် မူးယစ်ရမ်းကား တချို့ကြောင့်တော့ ထိုရာသီပေါ်ရပ်ဝန်းလေးများ၏ ပျော်ရွှင်ချမ်းမြေ့မှုများအား အနည်းမျှသော အကျည်းတန်မှုကို ဖြစ်ပေါ်စေတတ်ပေ၏။ ထို့ကြောင့်လည်း ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ သက်ဆိုင်ရာ တာဝန်ရှိသူ လုံခြုံရေးဝန်ထမ်းများလည်း အစဉ်သဖြင့် အသားတကျ ပါဝင်စီးမျောတည်ရှိနေတတ်ကြခြင်းလည်း ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ သာမန်အားဖြင့်တော့ ထိုရာသီပေါ်ရပ်ဝန်းလေးများသည် လူပေါင်းများစွာတို့၏ ပျော်ရွှင်ချမ်းမြေ့မှုများဖြင့်သာ ထုံလွှမ်း၍နေတတ်သည်သာ ဖြစ်ပါ၏။

စင်စစ် ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ များစွာသောလူတို့သည် တစ်သားတည်း တိုးဝှေ့လမ်းလျှောက်လည်ပတ်ခြင်းဖြင့် အသားတကျ စီးမျောနေတတ်ကြခြင်းလည်း ဖြစ်ပေသည်။ ဆိုရလျှင် နယ်လှည့်စျေးသည်များ၊ နယ်ခံစျေးသည်များ၏ စျေးဆိုင်ခန်းများဖြင် ့ဝိုင်းဖွဲ့ရစ်သိုင်းထားသည့် ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ များစွာသောလူတို့သည် တစ်သားတည်း တိုးဝှေ့လမ်းလျှောက်ခြင်းဖြင့် လည်ပတ်နေကြခြင်းသာ ဖြစ်ပါသည်။ ထိုရာသီပေါ်ရပ်ဝန်းလေးများအား ရစ်သိုင်းထားသည့် စျေးဆိုင်များတို့သည်လည်း အမျိုးမျိုးစုံလင်လှပါပေ၏။ အရုပ်ဆိုင်၊ အထည်ဆိုင်၊ သံထည်ဆိုင်၊ အိုးခွက်ပန်းကန်ဆိုင်၊ စောင်ခေါင်းအုံးဆိုင် အစရှိသဖြင့် အစုံတို့ရှိနေတတ်သလို အစားအသောက်ဆိုင်မျိုးစုံကလည်း ထိုရာသီပေါ်ရပ်ဝန်းလေးများအား ၀ိုင်းဖွဲ့ရစ်သိုင်းထားတတ်ကြပါ၏။

ထို့အပြင် ရာသီပေါ်ရပ်ဝန်းလေးများ ဖြစ်သည်နှင့်အညီ ထိုရပ်ဝန်းလေးများအတွင်း၌ ရာသီပေါ်မုန့် မျိုးစုံလည်းတည်ရှိ၍ နေတတ်ပါ၏။ ကောက်ညှင်းကျည်တောက်၊ မုန်းသိုင်းခြုံ၊ ရေမုန့်၊ မုန့်လေပွေ၊ အာတာပူစီ၊ ကောက်ညှင်းဆိုင်း၊ အစရှိသဖြင့်သော ရာသီပေါ် မြန်မာ့စားသောက်ဖွယ်ရာလေးများလည်း ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ တည်ရှိ၍ နေတတ်ပေသည်။ ထိုကဲ့သို့သော ရာသီပေါ်အစားအစာများ၊ အဝတ်အထည်များ တစ်စုတစ်ဝေးတည်း ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ တည်ရှိ၍ နေတတ်ခြင်းကြောင့်လည်း ၊ ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ လူပေါင်းများစွာတို့ ပျော်ရွှင်မှုများဖြင့် လမ်းလျှောက်လည်ပတ်ခြင်းဖြင့် စားသောက်ဝယ်ယူမှု ပြုနေတတ်ကြခြင်းလည်း ဖြစ်ပေသည်။

ထို့ပြင် ထိုရာသီပေါ်ရပ်ဝန်းလေးများအား ၀ိုင်းဖွဲ့ရစ်သိုင်းထားတတ်သည့်အထဲတွင် မြန်မာ့ဇာတ်သဘင်များ၊ မြန်မာ့ဆိုင်းအဖွဲ့များ၊ မြန်မာ့ခြင်းအလှပြအဖွဲ့များ၊ ဆပ်ကပ်အဖွဲ့များ၊ မျက်လှည့်အဖွဲ့များ၊ ချားရဟတ်၊ ပင်လယ်ဓားပြလှေ( အပျော်စီးလှေ )အဖွဲ့များ အစရှိသည့် ဖျော်ဖြေရေးအဖွဲ့များလည်း ပါဝင်နေပေသည်။ အမှန်တော့ ထိုအဖွဲ့များ၏ ၀ိုင်းဖွဲ့ရစ်သိုင်းခြင်းကို ခံရပါမှလည်း ထိုရာသီပေါ်ရပ်ဝန်းလေးများ၏ အသက်ဝင်မှုသည် ပိုမို၍ သရုပ်သဏ္ဌာန်ပီပြင်နိုင်သည်လည်း ဖြစ်ပါ၏။ တစ်ဖက်က တွေးကြည့်မည် ဆိုလျှင်လည်း ထိုရာသီပေါ်ရပ်ဝန်းလေးများ ဖြစ်တည်လာမှလည်း အထက်ပါဖျော်ဖြေရေးအဖွဲ့များက ထိုရပ်ဝန်းလေးများအား ၀ိုင်းဖွဲ့ရစ်သိုင်းခွင့်ရကြခြင်းလည်း ဖြစ်ပေသည်။

ထိုကဲ့သို့သော အချင်းအရာများကြောင့်လည်း ထိုရာသီပေါ်ရပ်ဝန်းလေးများသည် လူပေါင်းများစွာ ကြိတ်ကြိတ်စည်ကားခြင်းဖြင့် အသက်ဝင်နေခြင်းလည်း ဖြစ်ပါသည်။ အမှန်တော့ ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ တိုးဝှေ့လမ်းလျှောက် လည်ပတ်နေကြသူများသည် စားသောက်ခြင်း၊ ဝယ်ယူခြင်းများ၏အရသာထက်၊ ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ နှစ်စဉ်နှစ်တိုင်း ရာသီချိန်တိုင်း မရိုးနိုင်ကြဘဲ၊ တိုးဝှေ့လမ်းလျှောက် လည်ပတ်နေကြရခြင်းကပင် ထူးကဲသည့်စိတ်ခံစားချက်အရသာကို ခံစားရရှိစေနိုင်ခြင်းကြောင့်လည်း  တစ်သားတည်း တိုးဝှေ့လမ်းလျှောက်လည်ပတ်မှု ပြုနေကြခြင်းလည်း ဖြစ်ပါ၏။ အထူးသဖြင့် ထိုရာသီပေါ်ရပ်ဝန်းလေးများအတွင်း၌ ရောင်စုံမီးများ ထိန်ထိန်လင်းနေတတ်သော ညပိုင်းအချိန်များတွင် ဖြစ်ပါ၏။ ဤသည်ကို ပွဲစျေးတန်းလျှောက်လည်ခြင်းဟု ဆိုရမည်သာဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အထက်တွင် ထိုရပ်ဝန်းလေးများ( သို့မဟုတ် ) ထိုရာသီပေါ်ရပ်ဝန်းလေးများဟု ရည်ညွှန်းခဲ့သည့်နေရာလေးများမှာ အများအားဖြင့် နေရာဒေသအသီးသီးမှ ဘုရားစေတီတစ်ဆူဆူကို အခြေပြု၍ မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားတွင် နှစ်စဉ်နှစ်တိုင်း မတူညီသော ရာသီချိန်ရောက်တိုင်း ကျင်းပဖြစ်တည်၍လာတတ်သော ပွဲစျေးတန်းလေးများအား ဆိုလိုရခြင်းကြောင့်သာ ဖြစ်ပါပေတော့သည်။           ။

 

Most Read

Most Recent