ပျော်ရွှင်ခြင်း

ပျော်ရွှင်ခြင်း
ဓာတ်ပုံ-ကြည်နိုင်
ဓာတ်ပုံ-ကြည်နိုင်
Published 18 October 2019
မင်းည

ကျွန်တော်တို့သည် ပျော်ရွှင်ခြင်းကို အမြဲလိုအပ်နေသူများ ဖြစ်ကြပါသည်။ ထို့ကြောင့်  တစ်နည်းနည်းဖြင့် ပျော်ရွှင်ခြင်းကို  ရှာဖွေနေတတ်ကြပါသည်။ ကျွန်တော်တို့သည် ပျော်ရွှင်ခြင်းရှိသည်ဆိုသည့် နေရာများဆီသို့ အရောက်သွား၍သော်လည်းကောင်း၊ စိတ်ချမ်းသာပျော်ရွှင်ခြင်းကို ပေးနိုင်သည့်မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနှင့်အတူတကွ နေထိုင်ကြခြင်းဖြင့်လည်ကောင်း၊ ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်အောင် နေထိုင်လေ့  ရှိတတ်ကြပါသည်။

ထို့အတူ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခြင်း၊ ပျော်ရွှင်ခြင်းကို ဖန်တီးပေးနိုင်သည်ဆိုသည့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း၊ ပျော်ရွှင်ခြင်းကို ဖန်တီးပေးနိုင်မည့် ပတ်ဝန်းကျင်များကို တည်ဆောက်ယူခြင်းဖြင့်လည်း ပျော်ရွှင်ခြင်းကို ရှာဖွေရယူတတ်လေ့ ရှိကြပါသေးသည်။ ထိုမျှသာမက ပျော်ရွှင်ခြင်းကို ပေးစွမ်းနိုင်မည်ဟု ထင်ရသည့် အသစ်အသစ်သော ရုပ်ဝထ္ထုပစ္စည်းများကို တီထွင်ဖန်တီး ထုတ်လုပ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ရှိနိုင်မည်ဟု ထင်ရသည့် အသစ်အသစ်သော နေရာဒေသများကို ရှာဖွေခြင်း ကဲ့သို့သောအမှုများကိုလည်း ပြုလုပ်ခဲ့ကြပါသေးသည်။ ပျော်ရွှင်ခြင်းသည် တီထွင်ဖန်တီး ပြုလုပ်ရှာဖွေရယူ၍ ရသည့်အရာဖြစ်ပါသလား။ ကျွန်တော်မသိပါ။ ကျွန်တော် သေချာစွာ သိနေသည်က စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းနေမှသာလျှင် ပျှော်ရွှင်ခြင်း၏ အရသာကို ပြည့်ဝစွာ ခံစားရရှိနိုင်လိမ့်မည်ဆိုတာကိုပင် ဖြစ်ပါသည်။

တကယ်လည်း ငွေပုံကြီးပေါ်မှာ ထိုင်နေခွင့်ရနေပါသော်လည်း စိတ်ရောကိုယ်ပါ မကျန်းမမာ ဖြစ်နေသူတစ်ယောက်ထံသို့  ပျော်ရွှင်ခြင်းသည် ပြည့်ဝစွာ ဆိုက်ရောက်လာနိုင်လိမ့်မည် မဟုတ်ပါ။ ဥပမာ သွေးတိုး၊ ဆီးချိုနှင့် အခြားရောဂါဝေဒနာတစ်ခုခုကို ခံစားနေရသူ လူတစ်ယောက် (ဝယ်ယူစားသောက်နိုင်သည့် ငွေကြေးလုံလောက်စွာ ရှိနေသော်လည်း)  မိမိကြိုက်နှစ်သက်သည့် အစားအသောက်တို့ကို ဝယ်ယူစားသောက် ခွင့်မရဘဲ ဖြစ်နေတတ်သည့် အခြေအနေမျိုးကိုဆိုလိုခြင်း  ဖြစ်ပါသည်။ ဟုတ်ပါသည်။ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်မရခြင်းသည် ဒုက္ခဖြစ်ပါသည်။ ထို့အတူ ကိုယ်မလုပ်ချင်တာကို လုပ်နေရခြင်းသည်လည်း ဒုက္ခပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ၎င်းအချက်များသည် ကျွန်တော်တို့ကို ပျော်ရွှင်ခြင်းနှင့် အလှမ်းကွာဝေသွားအောင် ပြုလုပ်နေသည့် အကြောင်းအချက်များပင်  ဖြစ်ပါသည်။

အမှန်တကယ်လည်း “အိမ်ကတက်ခိုင်းလို့သာ တက်လိုက်ရတာ ကျွန်တော်မပျော်ဘူး အစ်ကိုရာ” ဟု ဆိုလာခဲ့သည့် ဆေးတက္ကသိုလ်တက်နေရသူ ညီငယ်လေးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရဖူးပါသည်။ ထို့အတူပင် “ကျွန်တော်က ကျောင်းဆရာ ဖြစ်ချင်တာ” ဟု ပြောခဲ့ဖူးသည့် ရေကြောင်းတက္ကသိုလ်တက်နေသည့် ညီငယ်လေးတစ်ဦး၏ ရင်ဖွင့်စကားသံကိုလည်း နားထောင်ခဲ့ရဖူးပါသည်။ ထိုလူငယ်များကဲ့သို့ လုပ်ချင်တာနှင့် လုပ်နေရတာလွဲနေသည့် အခြားသော လူငယ်ပေါင်းမြောက်မြားစွာ ရှိနေလိမ့်ဦးမည်ဟူ၍လည်း ယုံကြည်နေခဲ့မိပါသေးသည်။ ယုံကြည်မိရုံသာမက ကျွန်တော်တို့နိုင်ငံရှိ လူငယ်အများစုသည် အချို့သောလူကြီးမိဘများ၏ လွဲမှားသည့် စံသတ်မှတ်မှု လောင်းရိပ်အောက်၌ ကောင်းစွွာဖွံ့ဖြိုးရှင်သန်ခွင့် မရဖြစ်နေကြရသည်ဟူ၍ပါ ထင်မြင်နေမိခဲ့ခြင်း ဖြစ်ပါသည်။ လူငယ်တို့သည် မိမိတို့ လုပ်ချင်တာကို မလုပ်ရသည့် ဒုက္ခ မိမိတို့ မလုပ်ချင်သည့် အလုပ်များကို (မိဘ၊ ညီအစ်ကိုမောင်နှမများ၏ စိတ်တိုင်းကျ) လိုက်လုပ်ပေးနေကြရသည့် ဒုက္ခများကို ခံစားနေကြရရင်း နေ့စဉ်နှင့်အမျှ မပျော်မရွှင်ဖြစ်နေကြရသည်ဟု ထင်မြင်မိပါသည်။

ဒါတင်ပဲလားဆိုတော့ မိဘများ၏ ဆုတံဆိပ်မက်မော ပြိုင်ဆိုင်မှုများကြောင့် ရိုးသားလွတ်လပ်သည့် ကလေးငယ်တို့၏ အခွင့်အရေးများကို ဆုံးရှုံးနေခဲ့ရသည့် ကလေးငယ်များ။ ကျောင်းနှင့် ကျူရှင်၊ ကျူရှင်နှင့် ကျောင်းတို့ကြားတွင် ကလေးတို့ဘာသာဘာဝ ကစားချိန်၊ နားချိန်များ ပျောက်ဆုံးနေကြရသည့် ကလေးငယ်များ၊ ကျောင်းလည်းတက်ခွင့်မရ စာလည်းသင်ခွင့်မရဘဲ လက်ဖက်ရည်ဆိုင်တွေမှာ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ရင်း မိမိတို့၏ လွတ်လပ်ချိုမြိန်သည့် အချိန်များကို ဆုံးရှုံးနေခဲ့ရသည့် ကလေးငယ်ပေါင်းမြောက်မြားစွာလည်း ပါသေးသည်ဟု ပြောရလိမ့်ဦးမည် ဖြစ်ပါသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ၎င်းကလေးငယ်များကို မိမိတို့ရောက်ရှိနေသည့် အခြေအနေမှာ ကျေနပ်ပျှော်ရွှင်နေသည့် ကလေးငယ်များဖြစ်သည်ဟု ကျွန်တော်ကတော့ မယုံကြည်မိပါ။

ကလေးများသာမက မလုပ်ချင်တာကို လုပ်နေရသည့် လူငယ်များ၊ လုပ်ချင်တာကို လုပ်ခွင့်မရဖြစ်နေသည့် လူငယ်များ၊ လူရွယ်များ၊ လူကြီးများသည်လည်း ပျော်ရွှင်ခြင်း၏အရသာကို ပြည့်ဝစွာ ခံစားရရှိနေကြလိမ့်မည်ဟု ကျွန်တော်ကတော့ မယုံကြည်မိပါ။ထို့အတူပင် တစ်ပါးသူတစ်ယောက် မျက်ရည်ပေါက် ကြီးငယ်ကျပြီးမှ ရရှိလာသည့် ပျော်ရွှင်မှုများ၊ သူတစ်ပါးထမင်းလုပ်ကို ပုတ်ချပြီးမှ ဖြစ်ပေါ်ရရှိလာသည့် ပျော်ရွှင်မှုများ၊ သူတစ်ပါး၏ ဂုဏ်သိက္ခာကိုချနင်းပြီးမှ ရရှိလာသည့် ပျော်ရွှင်မှုများကိုလည်း  စစ်မှန်သောပျော်ရွှင်မှုများဖြစ်သည်ဟု ကျွန်တော်ကတော့ လက်သင့်မခံမိပါ။

 

တကယ်လည်း ကျွန်တော်တို့ ရရှိလာသည့် ပျော်ရွှင်ခြင်းများသည် စစ်မှန်သည့် ပျော်ရွှင်ခြင်းများ၊ သန့်စင်သည့် ပျော်ရွှင်ခြင်းများဖြစ်ဖို့ လိုအပ်မည်ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့ ရရှိလာသည့် ပျော်ရွှင်မှုများသည် တခြားသူတစ်ယောက်၏ ပျော်ရွှင်မှု၊ တခြားသူတစ်ယောက်၏ လွတ်လပ်မှု၊ တခြားသူတစ်ယောက်၏ စိတ်ချမ်းသာမှုတို့ကို ထိခိုက်ထွက်ပေါ်လာသည့် ပျော်ရွှင်မှုမျိုး မဖြစ်ဖို့လိုအပ်မည် ဖြစ်ပါသည်။ ဟုတ်ပါသည်။သူတစ်ပါးကို ကူညီရခြင်းကြောင့် ရရှိလာသည့် ပျော်ရွှင်ခြင်း၊ ရောင့်ရဲနိုင်ခြင်းကြောင့် ရရှိလာသည့် ပျော်ရွှင်ခြင်း၊ ကိုယ့်အစွမ်းအစ ကိုယ့်ကြိုးပမ်းမှုကြောင့် ရရှိလာသည့် အောင်မြင်ပျော်ရွှင်ခြင်းတို့လောက် ချိုမြိန်လှပသည့် ပျော်ရွှင်မှုမျိုးသည်လောက၌ မရှိတော့ပြီ ဖြစ်ပါသည်။ ထို့အတူပင် အဆိုးမြင်စိတ်၊ သံသယဖြစ်သည့်စိတ်၊ မနာလိုဝန်တိုဖြစ်သည့် စိတ်တို့လောက် ကျွန်တော်တို့၏ နှလုံးသားများထဲမှာရှိနေသည့် ပျော်ရွှင်မှုများကို ဖျက်ဆီးပစ်နိုင်သည့် အခြေအနေများသည်လည်း ဒီလောကထဲ၌ မရှိနိုင်တော့ပြီ ဖြစ်ပါသည်။တကယ်လည်း လူတစ်ယောက်ကို အဆိုးမြင်နေသမျှ စိတ်ချမ်းသာ ပျော်ရွှင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်ဟု ဆိုပါသည်။ သံသယစိတ်ကို မွေးမြူထားနေသမျှ  မပျော်ရွှင်နိုင်ဟု ဆိုပါသည်။ မနာလိုဝန်တိုစိတ်ကို မိမိတို့၏ နှလုံးသားထဲမှာ လက်ခံထားနေသမျှ ပျော်ရွှင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်ဟု ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ ယနေ့ဖြစ်ပွားဆဲ ဖြစ်ပွားပြီးခဲ့သည့် သဘာဝဘေးအန္တရာယ် အခြေအနေများ၊ အကြမ်းဖက်တိုက်ခိုက်ခံရမှုများ၊ တိုက်ပွဲများကြောင့် နိုင်ငံနှင့်အဝနလ်းရှိ ပြည်သူတို့၏ စိတ်နှလုံးတို့ များစွာညှိုးချုံးခဲ့ကြရသည်ဆိုတာကတော့ အသေအချာပင် ဖြစ်ပါသည်။ အထူးသဖြင့် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့်ဒေသမှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ တိုက်ပွဲများ ဖြစ်ပေါ်နေရာဒေသမှ တိုင်းရင်းသားပြည်သူများ၊ ရေကြီးနစ်မြုပ်ခံခဲ့ကြရသည့်ဒေသများမှ ဒေသခံတိုင်းရင်းသားပြည်သူများသည် ပို၍မပျှော်မရွှင် ဖြစ်နေလိမ့်ကြမည်ဟု ထင်မြင်မိပါသည်။ သူတို့သည် တိုက်ပွဲများ သဘာဝဘေးများကြောင့် မိမိတို့၏အရပ်ဒေသ အိုးအိမ်စည်းစိမ်များကို စွန့်လွှတ်ထားပစ်ခဲ့ကြရပါသည်။ မိမိတို့၏ လယ်ယာကိုင်းကျွန်းများကို စွန့်ခွာထားပစ်ခဲ့ကြရပါသည်။ အချို့ဆိုလျှင် မိမိတို့၏ မိသားစုဝင်များ မိမိတို့၏ ဆွေမျိုးသားချင်းများ မိမိတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပင် ဆုံးရှုံးစွန့်လွှတ်ခဲ့ကြရပါသည်။

အထူးသဖြင့် သူတို့သည် သူတို့၏ ပျော်ရွှင်မှု၊ သူတို့၏ လွတ်လပ်မှု၊ သူတို့၏ ငြိမ်းချမ်းမှုတို့ကို ဆုံးရှုံးစွန့်လွှတ်လိုက်ကြရပါသည်။ ဒါတင်မက ခဲမှန်ခံခဲ့ရဖူးသည့် စာသူငယ်လေးများလို သူတို့၏ နှလုံးသားတို့သည် တစ်စုံတစ်ရာကို အစဉ်အမြဲ ကြောက်ရွံ့တုန်လှုပ်နေကြရတော့မည် ဖြစ်ပါသည်။ ကျီးလန့်စာစားရင်း စိုးရိမ်မှုတို့ကို ရင်မှာပွေ့ပိုက်ထားနေကြရတော့မည် ဖြစ်ပါသည်။ ဟုတ်ပါသည်။ တစ်စုံတစ်ရာကို ကြောက်ရွံ့နေသူများထံပါးသို့ ပျော်ရွှင်ခြင်းသည် ဘယ်လာ၍ တွယ်ကပ်နေနိုင်ပါမည်နည်း။ တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေရသူများ၏ နှလုံးသား၌ ပျော်ရွှင်ခြင်းသည် ဘယ်မှာလာ၍ ရှင်သန်ပေါက်ရောက်နိုင်ပါမည်နည်း။ တစ်စုံတစ်ရာကို ကြောင့်ကြနေသူများထံသို့ ပျော်ရွှင်ခြင်းသည် ဘယ်မှာလာ၍ တိုးပုတ်ကျီစယ်နိုင်ပါမည်နည်း။ မည်သို့ပင်ဖြစ်စေ သေနတ်သံများ၊ အမြောက်သံများ၊ ငိုးကြွေးသံများ၊ ညည်းညူသံများကြား၌ ပျော်ရွှင်ခြင်းတို့ ရှင်သန်ပေါက်ရောက် မလာနိုင်ဘူးဆိုတာကိုတော့ သတိပြုမိကြဖို့ လိုအပ်မည် ဖြစ်ပါတော့သည်။