လေလွင့်ငှက်၏ နားခိုရာ

လေလွင့်ငှက်၏ နားခိုရာ
ဓာတ်ပုံ-နေမျိုးဝင်း
ဓာတ်ပုံ-နေမျိုးဝင်း
Published 18 October 2019
မောင်ကြည်

သူ့ခြေထောက်သည် ယိုင်လုလု။ လျှောက်ရင်း လျှောက်ရင်း ပစ်လဲကျတော့မလားဟု သူမကြာခဏ တွေးမိသည်။ ထို့နောက် သူသည် ရှေ့မှာမြင်နေရသည့် လမ်းသွယ်တစ်ခုထဲသို့ ချိုးဝင်လိုက်သည်။ လမ်းမီးတိုင်မှ ၀ါကျင်ကျင်အလင်းသည် လမ်းမပေါ်သို့ ဖြာကျလျက်ရှိသည်။ ထိုလမ်းမီးတိုင်အောက်မှာ လူတစ်စု ကျားထိုးနေကြသည်။ ထိုကျားဝိုင်းဘေးမှ သူဖြတ်လျှောက်လာစဉ် တစ်ယောက်တစ်ပေါက် ငြင်းခုန်နေကြသောအသံတွေ သူ့နားထဲသို့ တိုးဝင်လာသည်။ ဘာသံလဲဟု သဲသဲကွဲကွဲ မကြားရအောင် သူ့နားထဲကနေ လေတွေထွက်နေသည်။ တကယ်တော့ သူအားနည်းနေခြင်း ဖြစ်သည်။

ဘာလိုလိုနှင့် ညရောက်ခဲ့ပြန်ပြီ။ ညသည် နေ့လယ်ခင်း၏ အပူရှိန်ကြောင့် ခပ်နွေးနွေးဖြစ်နေဆဲ။ ဆောင်းဝင်လုလုဆိုသော်ငြားလည်း ဆောင်း၏အနံ့အသက်ကို စိုးစဉ်းမျှမခံစားရသေး။ ထိုစဉ် လေတစ်ချက် သူ့ကိုဝေ့ တိုက်သွားသည်။ ဝေ့လာသည့်လေထဲမှာ စံပယ်နံ့လေးများ သင်းပျံ့နေမလားဟု သူစိတ်ကူး လိုက်မိသေးသည်။ သို့သော် စိတ်ကူးယဉ် သက်သက်သာဖြစ်သည်။ စံပယ်နံ့အစား ခပ်လှမ်းလှမ်းရှိ အမှိုက်ပုံမှ အနံ့ဆိုးသာ နှာခေါင်းထဲသို့ အလုအယက် တိုးဝင်လာလေသည်။ ဆိုးလိုက်တာ တော်တော်အနံ့ဆိုးတာပဲ။ သူသည် နှာခေါင်းကို လက်နှင့်ပိတ်ကာ ခပ်သုတ်သုတ် ခြေလှမ်းလိုက်ပါသည်။ ထိုအမှိုက်ပုံကို ဖြတ်အကျော်မှာ ဓနိတဲလေးတစ်တဲကို လှမ်းတွေ့လိုက်ရသည်။ သူ တော်တော် ဝမ်းသာသွားသည်။ ညောင်းညာနေသည့် ခြေထောက်များကို ခဏတာ အနားပေးရန် ထိုတဲရှိရာသို့ သူလှမ်းလိုက်ပါသည်။ သို့သော် …

တဲဆီမရောက်ခင်မှာပင် အရက်နံ့ကို ထောင်းခနဲ ရလိုက်သောကြောင့် သူ့ခြေလှမ်းတွေ တုံ့သွားသည်။ တဲထဲမှာ သူ့အလျင်ရောက်နှင့်သူ ရှိနေပါလား။ ဆိုင်ခုံတစ်ခုပေါ်မှာ လဲလျောင်းနေသည့် ပုံရိပ်ပိုင်ရှင်က ယမကာသမားတစ်ယောက်ဖြစ်မည် ထင်သည်။ သူတဲထဲသို့ မဝင်တော့ဘဲ ချီတုံချတုံဖြစ်ကာ ရပ်နေမိသည်။ “ဟေ့ ငါ့နဲ့အတူ တစ်လုံးလောက် ကူသောက်ပေးဖို့ ဘယ်သူရှိလဲကွ ဟေ” လေချဉ်တက်သံနှင့်အတူ ထွက်ပေါ်လာသည့် လေးတွဲ့တွဲ့အသံကြောင့် သူ့ခြေလှမ်းကို လမ်းမပေါ်သို့ ပြန်ဦးတည်လိုက်ရသည်။ သူဆက်လျှောက်ရပေဦးမည်။ နားခိုစရာနေရာတစ်ခု မတွေ့မချင်းပေါ့လေ။ တကယ်တော့ သူလျှောက်လာခဲ့သည့် ခြေလှမ်းတွေက မနည်းလှပါ။ သူ့ခြေထောက်တွေက သူ့ကို တောင်းဆိုနေကြပြီ။ သူ သိပါသည်။ သို့သော် မတတ်နိုင်။ သူ ဘာမျှမတတ်နိုင်ပါ။ ဆက်လျှောက်ရုံမှတစ်ပါး အခြားမရှိပါချေ။

သူ့မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုသာ ပါလာသည်။ ခရီးဆောင်အိတ်မပါ။ အိပ်ရာလိပ်လည်း မပါ။ ယုတ်စွအဆုံး ပိုက်ဆံအိတ်ပင် မပါချေ။ ခြေဦးတည့်ရာ လျှောက်၊ ရောက်သည့်အရပ်မှာ နား၊ ကြုံသည့်နေရာ အိပ်မည် ဟူသော ရည်ရွယ်ချက်နှင့် သူထွက်လာခဲ့ခြင်း မဟုတ်ပါလား။ အခုထိတော့ သူကျောခင်းစရာ နေရာတစ်နေရာ ရှာမတွေ့သေးပါ။ ဘယ်အချိန်ထိ လျှောက်နေရဦးမလဲ မသိသော်လည်း ဆက်လျှောက်ရဦးမှာကတော့ သေချာပါသည်။ လမ်းမီးတိုင်များ၏ အလင်းရောင်အားကိုးနှင့် သူရှေ့ကို ဆက်တိုးလာခဲ့ သည်။ သူ ဘယ်နေရာရောက်နေသလဲဟု မသိသော်သည်း အခုရောက်နေသော နေရာ သည် သာမန်ဆင်းရဲသား ရပ်ကွက်လေးတစ်ခုဆိုတာတော့ ခန့်မှန်းမိပါသည်။ အိမ်ကြီးအိမ်ကောင်း တစ်အိမ်မျှ မတွေ့ရသေး။ မြင်ရသမျှက တဲသာသာ ယိုင်တိယိုင်ထိုး အိမ်ကလေးများသာ။ တချို့အိမ်ရှေ့မှာ ဆိုက်ကားတစ်စီးတလေ ရပ်ထားတာတွေ့ရသည်။ အချို့အိမ် ကလေးများကတော့ စျေးဆိုင်လား အိမ်လားပင် မသဲကွဲပါ။ စျေးအိမ်ဟုပင် ဆိုရလေမလား မသိ။ ဒီမှာ စျေးရောင်း ဒီမှာပင် အိပ်ပုံရသည်။ ကလေးအချို့ မအိပ်ကြသေးချေ။ လမ်းပေါ်မှာ ဆော့ကစားလို့ ကောင်းနေကြဆဲ။ သူတို့ ကစားနေကြသည်မှာ စိန်ပြေးတမ်းလား။ ကုန်းပိုးတမ်းလား သူမခန့်မှန်းနိုင်ပါ။ သို့သော် သူတို့အချင်းချင်း ကျီစယ်နောက်ပြောင် ရယ်မောလိုက်သည့် အသံကတော့ သူ့ငယ်ဘဝကို ပြန်အမှတ်ရသွားစေပါသည်။ သူခေတ္တခဏရပ်ပြီး သူတို့ကို ငေးမောကြည့်နေမိသည်။ ခါးကိုကုန်းထားသည့် ကလေးတစ်ယောက်၏ ကျောပေါ်သို့ ခုန်မတက်နိုင်သည့် ကလေးတစ်ယောက်ကိုကြည့်ပြီး အားလုံးက ၀ိုင်းရယ်နေကြလေသည်။ သူတို့ကို ကြည့်ပြီး သူပင်ပျော်သလိိုလို ခံစားလိုက်ရလေသည်။ သို့သော် မဖြစ်သေးချေ။ သူဆက်လျှောက်ရဦးမည်။ ဒီည အိပ်စရာတစ်နေရာရာ ရှာတွေ့မှ ဖြစ်မည်။ မနေ့ညက သူကောင်းကောင်း မအိပ်လိုက်ရပေ။ သန်းခေါင်ကျော်ခါနီး မှေးခနဲ အိပ်ပျော်လုဆဲဆဲမှာ လက်နှိပ်ဓာတ်မီးမှ အလင်းရောင်တစ်ခု သူ့ကိုယ်ပေါ် ဝေ့ဝဲရောက်လာသောကြောင့် အသာလစ်ထွက်ခဲ့ရလေသည်။ ထို့နောက် အိပ်စရာနေရာ လိုက်ရှာရင်း မိုးစင်စင်လင်းသွားပါတော့သည်။

ဟော ရှေ့မှာ နေရာတစ်နေရာ။ အကြော်တဲတစ်ခုဖြစ်မည် ထင်ရသည်။ သူ ဝမ်းသာသွားသည်။ ယိုင်လုလုခြေလှမ်းကို အားတင်းကာ လှမ်းလိုက်သည်။ သို့သော် သူ့ခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွားရသည်။ တဲအတွင်းရှိ ထိုင်ခုံပေါ်မှာ ဆန့်ဆန့်ကြီး နေရာယူထားသည့် ခွေးနှစ်ကောင်ကို ဘွားခနဲ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဒီကောင်နှစ်ကောင်ကို ဘယ်လိုမောင်းထုတ်ရပါ့မလဲဟု စဉ်းစားနေမိသည်။ ထိုစဉ် သကောင့်သားနှစ်ကောင် လူးလွန့်လာသည်။ သူ အားတက်သွားသည်။ မျက်နှာကို အစွမ်းကုန် မာထန်ကာ အသံကိုလည်း မာနိုင်သမျှ မာအောင်ကြိုးစားပြီး “ဟေ့ကောင်တွေ သွားစမ်း သွား” ဟု မောင်းထုတ်ပစ်လိုက်သည်။ ဘုရားရေ။ သကောင့်သားနှစ်ကောင်က ဘာမျှမဖြစ်သည့်အတိုင်း တစ်ချက်သမ်းဝေကာ ပြန်လှဲ အိပ်သွားကြသည်။ သူနောက်တစ်ကြိမ် ထပ်အော်သည်။ နောက်ထပ် တစ်ကြိမ်။ နောက်ထပ် တစ်ကြိမ်။ အလို ဘုရား ဘုရား သူ့အသံတွေ ဘယ်ရောက်သွားပါလိမ့်။ လေသံသဲ့သဲ့ မျှသာ ထွက်ပေါ်လာသည့် သူ့အသံက မယုံနိုင်ဖွယ်ရာပင်။ သူစိတ်ဓာတ်ကျသွားသည်။ သွားပြီ။ သုံးရက်လုံးလုံး အစာမစားထားသည့် သူ့ကိုယ်ခန္ဓာမှ အသံထွက်ပြေးသွားလေပြီလား မသိချေ။ ခွေးကပင် အလေးတမူ မပြုချင်လောက်အောင် သူ့မှာ အသံအင်အား ပျောက်ဆုံးသွားလေပြီလား။ သူအကြော်တဲ ရှေ့မှ အသာလှည့်ထွက်လာခဲ့သည်။

မီးမလင်းသည့် လမ်းမီးတိုင်တစ်တိုင်အောက်မှာ သူခဏရပ်လိုက်သည်။ ည အမှောင်အောက်မှာ ပြားပြားဝပ်နေသည့် တဲအိမ်စုစုလေးများကို မြင်နေရသည်။ တဲအတွင်းရှိ မီးရောင်လဲ့လဲ့လေးများက လမ်းမ ပေါ်သို့ မဝံ့မရဲ ဖြာဆင်းကျနေသည်။ တစ်ချက် တစ်ချက် ကလေးငိုသံကို မပီမသကြားရသည်။ ထို့နောက် ခွမ်းခနဲမြည်သံနှင့်အတူ ဆဲဆိုကြိမ်းမောင်းသံတစ်သံ ပျံ့လွင့်လာသည်။ ဝုန်းခနဲ လဲပြိုကျသံ ငိုရှိုက်သံ တဖုန်းဖုန်းရိုက်သံများ အဆက်မပြတ် ပေါ်ထွက်လာပြန်သည်။ ပြီးနောက် ပြန်ငြိမ်သွားပြန်သည်။ ဘယ်အိမ်ကမှန်းမသိ အောက်အီးအီးအွတ်ဟု ကြက်တွန်လိုက်သံကို ကြားရပြန်သည်။ သူသည် အမှောင်ထဲမှ ရပ်ကွက်လေးကို တစ်ချက်ငေးကြည့်ပြီး ခြေလှမ်းကို ပြင်လိုက်သည်။ ခြေလှမ်းရသည်မှာ အားမပါ။ လူက တစ်နေရာရာမှာ ဝုန်းခနဲ ပစ်လှဲအိပ်ချင်စိတ်သာ ပေါက်နေသည်။ ရှေ့မှာ နေရာတစ်နေရာရာတော့ တွေ့တန်ကောင်းပါရဲ့ဟုလည်း မရဲတရဲ မျှော်လင့်နေမိပြန်သေးသည်။

သူ့ရှေ့မှာ ချောင်းတစ်ခုကို ဖြတ်ထိုးထားသည့် သစ်သားတံတားတစ်ခု။ ထိုသစ်သား တံတားဆီရောက်ဖို့ သူအားတင်းပြီး လှမ်းနေရသည်။ တံတားပေါ်မှာ လူရိပ်သုံးခုကို တွေ့လိုက်ရသည်။ ဆေးလိပ်မီး ရဲခနဲ လင်းလာသည်ကိုလည်း တွေ့ရသည်။ လူငယ်လေးတစ်စု ဆေးလိပ်ထိုင်သောက်နေပုံရသည်။ သူတံတားပေါ် တက်လိုက်သောအခါ အော်ကြီးဟစ်ကျယ် စကားပြောနေသံများ ရပ်တန့် သွားကာ “ရှုး တိုးတိုး လူလာတယ်ကွ” ဟူသောအသံကို ကြားလိုက်ရသည်။ သူ ရုတ်တရက် ဘာလုပ်ရမှန်းမသိ။ သို့သော် ရှေ့ဆက်လျှောက်ရုံမှတစ်ပါး သူ့မှာ ရွေးချယ်စရာ မရှိပါ။ သူတို့အုပ်စု သူ့ကိုရန်ပြုလျှင် မည်သို့ ခုခံကာကွယ်ရမည်ကိုလည်း သူမသိပါ။ ထိုသို့စဉ်းစားရင်း တံတားပေါ်သို့ ရောက်လာသည်။ သူ့မှာ သူတို့ကိုပေးစရာ ဘာမျှမပါမှန်း သူတို့ ရိပ်မိသွားကြပါလိမ့်မည်။ တံတားပေါ်မှ အရိပ်သုံးခု ပူးကပ်သွားကြသည်။ သူတို့ရှေ့မှ သူဖြတ်လျှောက်လာခဲ့သည်။ နှာခေါင်းထဲမှာ စိမ်းရွှေရွှေလိုလို အောက်သိုးသိုး မှိုနံ့လိုလို အနံ့အသက် အချို့ရနေသည်။ သူတို့ထံမှ ဘာသံမျှ ထွက်ပေါ်မလာချေ။ သူတို့ကို လွန်လာတော့မှ သူပြုံးလိုက်မိသည်။ အဆိုပါ အနံ့အသက်များသည် သူတို့ထံမှမဟုတ်ဘဲ သူ့ဆီမှလည်း ဖြစ်ကောင်းဖြစ်နိုင်သည် မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် သူရေမချိုး ဖြစ်သည်ပင် ရက်ပေါင်း မနည်းလှတော့ပါ။

ညသည် တဖြည်းဖြည်းနက်လာသည်လား တဖြည်းဖြည်းလင်းလာသည်လား သူဝေခွဲ မရပါ။ ကောင်းကင်သည် အမည်းရောင်မှ ခရမ်းရောင်သို့ ပြောင်းလာသလိုလို ထင်ရသည်။ မိုးကုန်ခါနီးလျှင် မိုးမင်းက မိုးသားလေးများကို ပြန်ခေါ်လေ့ရှိသည်ဟု သူကြားဖူးသည်။ သို့သော် သူ့ကို ပြန်ခေါ်မည့်သူ မရှိပါ။ ထို့ပြင် သူ့မှာ ပြန်စရာအိမ်လည်း မရှိပါ။ ပိုဆိုးသည်က သူ့မှာ နားခိုစရာနေရာတစ်ခု ပျောက်ဆုံးနေခြင်းပင်။ အချိန်တန်လျှင် အိမ်ပြန်ရမည်ဟု ပြောကြသည်။ သူသည် အချိန်မတန်သေးသောကြောင့် အိမ်မပြန်ရသေးခြင်းလား။ မိုးလင်းခဲ့သည့် မနက်ခင်းများ၊ မိုးချုပ်ခဲ့သည့် ညများ အကြိမ်ကြိမ် အလီလီ ဖြတ်သန်းခဲ့ပြီးပါပြီ။ အဘယ်ကြောင့် သူ အချိန်မတန်သေးသနည်း။ သူသည် ငယ်စဉ်က ငှက်သိုက်ကလေးများကို ဖျက်ခဲ့ဖူးပါသည်။ ငှက်သားပေါက်ကလေးများကိုလည်း အမေငှက်မနှင့် ခွဲထားခဲ့ဖူးပါသည်။ ထို့အတွက်ကြောင့် သူသည် နေအိမ်အတည်တကျ မရှိဘဲ အခုလို တစ်နေရာပြီး တစ်နေရာ လှည့်လည်သွားလာနေရခြင်းများလား။ အဖော်မဲ့အထီးကျန် ဖြစ်နေရခြင်းများလား။ ထိုသို့တွေးမိလိုက်သောအခါ သူဝမ်းနည်းသွားသည်။ ငယ်စဉ်ကလေးဘဝက သူ၏ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါရန် အဘယ်သူ့ထံ တောင်းပန်ရချေမည်နည်း။ တပည့်တော်အတွက် နားခိုရာ နေရာတစ်နေရာကို အမြန်ဆုံး ပေးသနားတော်မူပါ အရှင်ဘုရား။ သူသည် ကောင်းကင်ကို မော့ကြည့်ကာ အားနည်းဖျော့တော့သောအသံဖြင့် တိုးလျှိုးတောင်းပန် အသားနားခံမိပါသည်။

ထိုစဉ် မည်းမှောင်လာသော ကောင်းကင်သည် သူ့ကို ထောက်ခံ အားပေးသည့်အလား လျှပ်စီးတွေ တဝင်းဝင်းလက်ကာ မိုးစက် မိုးပေါက်တွေ တဖွဲဖွဲ ရွာသွန်းဖြိုးလိုက်ပါတော့သတည်း။

 

Most Read

Most Recent