Brexit သဘောတူညီချက်အတွက် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား သဘောတူညီမှုရရန် နီးစပ်လာ

Brexit သဘောတူညီချက်အတွက် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား သဘောတူညီမှုရရန် နီးစပ်လာ
  အောက်တိုဘာ ၁၆ ရက်တွင် ဗြိတိန်ပါလီမန်၌ Brexit သဘောတူညီချက်အတွက် ဆွေးနွေးနေကြစဉ်
အောက်တိုဘာ ၁၆ ရက်တွင် ဗြိတိန်ပါလီမန်၌ Brexit သဘောတူညီချက်အတွက် ဆွေးနွေးနေကြစဉ်
Published 16 October 2019
Ref: AFP

ဗြိတိန်နှင့် ဥရောပသမဂ္ဂမှ စေ့စပ်ညှိနှိုင်းသူများသည် Brexit သဘောတူညီချက် မူကြမ်းအတွက် ညနှောင်းပိုင်း ဆွေးနွေးမှုအပြီး သဘောတူညီမှုရရန် နီးကပ်ခဲ့သော်လည်း ခက်ခဲလှသော နောက်ဆုံးသဘောတူညီချက်ကို အတည်မပြုနိုင်ခဲ့ပေ။

ထို့နောက် အောက်တိုဘာ ၁၆ တွင် ဆွေးနွေးပွဲများ ပြန်လည်စတင်ခဲ့သည်။ ဥရောပသမဂ္ဂနှင့် သဘောတူညီချက်အတွက် မြောက်အိုင်ယာလန်ဆိုင်ရာ အကောက်ခွန် သတ်မှတ်ချက်ကို ဗြိတိန်က လျှော့ပေါ့ပေးခဲ့သဖြင့် ယခုသီတင်းပတ် ဥရောပသမဂ္ဂအစည်းအဝေးတွင် Brexit အတွက် သဘောတူညီချက် ရရှိပြီး “သဘောတူညီချက်မရှိဘဲ ဥရောပသမဂ္ဂမှ နုတ်ထွက်မှု” ကို ရှောင်ရှားနိုင်မည်ဟူသော မျှော်လင့်ချက်များ မြင့်တက်စေခဲ့သည်။

ဗြိတိန်က အုပ်ချုပ်သော မြောက်အိုင်ယာလန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် အိုင်ယာလန်တို့အကြား နယ်စပ်တွင် အကောက်ခွန်ရှင်းလင်းမှုများအတွက် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ အကြိတ်အနယ် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရန်  ၂၀၁၆ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် သုံးနှစ်ကြာသည်အထိ ဆွေးနွေးမှုများ မပြီးပြတ်ဘဲ ဖြစ်နေသည်။

ဥရောပသမဂ္ဂ၏ ဘရပ်ဆဲဌာနချုပ်တွင် ဆွေးနွေးညှိနှိုင်းမှုများက အောက်တိုဘာ ၃၁ တွင် ဥရောပသမဂ္ဂမှ ဗြိတိန်က နုတ်ထွက်မှုအတွက် သတ်မှတ်ချက်များ ရရှိရန် မျှော်လင့်ချက်ရှိလာသည်။ အောက်တိုဘာ ၁၇ တွင် စတင်မည့် ဥရောပကောင်စီထိပ်သီး၌ ဥရောပခေါင်းဆောင် ၂၈ ဦးထံ ဗြိတိန်၏ ကမ်းလှမ်းချက်ကို တင်ပြရန် စေ့စပ်ညှိနှိုင်း သူများက ကြိုးပမ်းခဲ့ကြသည်။

ဥရောပသမဂ္ဂနှင့် ဗြိတိန်သည် Brexit သဘောတူညီချက်ကို ရရှိနိုင်ခြေရှိကြောင်း သို့သော်လည်း မသေချာမှု ရှိသေးကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းဝီလေဒရီယန်က အောက်တိုဘာ ၁၆ တွင် ပြောကြားခဲ့သည်။ ပြင်သစ်သည် ဥရောပသမဂ္ဂတွင် Brexit နှင့်ပတ်သက်ပြီး သဘောထားတင်းမာသော နိုင်ငံအဖြစ် ယူဆခံရသည်။

သို့သော်လည်း Brexit အတွက် အပြုသဘော အရှိန်အဟုန်များ ရရှိနေပြီဖြစ်ကြောင်း ပြင်သစ်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၅ တွင် ပြောကြားခဲ့ပြီး သဘောထားပြောင်းလာခဲ့သည်။

အိုင်းရစ်ပင်လယ်ဆိုင်ရာ အကောက်ခွန်နယ်နမိတ်သတ်မှတ်ချက်ကို သဘောတူခြင်းဖြင့် ဗြိတိန်သည် မြောက်အိုင်ယာလန်အား ဥရောပသမဂ္ဂ၏ စည်းမျဉ်းများအောက်တွင် ထားရှိရန် ခွင့်ပြုပေးနိုင်သည်။ ဥရောပဘုံစျေးကွက်ကို ဝင်ရန်အတွက် မြောက်အိုင်ယာလန်ကို နောက်ဖေးပေါက်အဖြစ် ဗြိတိန်ကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း  ဥရောပခေါင်းဆောင်များက သတိပေးထားသည်။

သို့သော်လည်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အိုင်ယာလန်နယ်စပ်ဆိုင်ရာ လိုက်လျောမှုအတွက် သဘောထားတင်းမာသော ကွန်ဆာဗေးတစ်အမတ်များနှင့် မြောက်အိုင်ယာလန်၏ Democratic Unionist Party မှ မဟာမိတ်များကို လက်ခံသဘောတူရန် စည်းရုံးရဦးမည်ဖြစ်သည်။

Brexit လွန် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် မျှတမှုရှိသော ကစားကွင်းကို ဗြိတိန်က ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း၊ ထို့ကြောင့် ဥရောပတာဝန်ရှိသူများသည် အပြန်အလှန်ရှိသော သဘောတူညီချက်ရရှိရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က အောက်တိုဘာ ၁၅ တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၆ ရက်တွင် Brexit သဘောတူညီချက် မရခဲ့ပါက လာမည့်သီတင်းပတ်တွင် ဆွေးနွေးမှုများ ပြန်စနိုင်ပြီး ယခုလမကုန်မီ အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူနိုင်သည်။                        

 

 

Most Read

Most Recent