မနက်မိုးလင်းတာနဲ့ ကျွန်တော်လည်း လမ်းမပေါ်ကို အရေးတကြီး ထွက်လာခဲ့လိုက်တယ်။ ဆောင်းရာသီ မနက်ခင်းဆိုတာ တစိမ့်စိမ့်အေးစိမ့်နေတတ်တာမို ့ခေါင်းစွပ်ပါတဲ့ အနွေးထည်ထူထူ ဝတ်ခဲ့ဖို့ဆိုတာကိုတော့ ဘဝပေးအသိက အလိုအလျောက် ပြဋ္ဌာန်းပေးပါတယ်။ ကိုယ်ကပဲ စားဝတ်နေရေးနောက် ပြေးလိုက်နေရသလို ကိုယ့််နောက်ကပဲ သေရေးရှင်ရေး ကျားတစ်ကောင် ပြေးလိုက်လာနေသလို မြေအောက်ရထားရှိရာ ဘူတာဆီ ဒီလိုပင်မရိုးနိုင်မအီနိုင် နေ့စဉ်ရက်ဆက် ပြေးလွှားရလေ့ရှိပါတယ်။ မနက်စောစောဆိုပေမဲ့ လမ်းမပေါ်မှာတော့ သန့်ရှင်းရေးဝန်ထမ်းများ၊ တာဝန်ကျရဲသားများ၊ လမ်းသွား လမ်းလာများစသဖြင့် တစ်ယောက်စ နှစ်ယောက်စကိုတော့ အမြဲတမ်းလိုလို မြင်တွေ့ရလေ့ရှိပါတယ်။ လမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့တဲ့ လမ်းအတိုများ၊ လမ်းဆုံလမ်းခွများ၊ လမ်းမကြီးများ အားလုံးမှာ လူတွေကို မတွေ့မြင်မိတဲ့ လမ်းဆိုတာ မရှိသလောက်ပါပဲ။ အမြဲတမ်းလိုလို လူတစ်ယောက် နှစ်ယောက်လောက်ကတော့ မြင်တွေ့ရလေ့ရှိပါတယ်။ ဟုတ်တာပေါ့ မြို့တော်ရဲ့လမ်းတွေဆိုတာ လူတွေရှိနေမှ အသက်ဝင်မှာပေါ့။ ဒါမှသာ လမ်းဆိုတဲ့အမည်ကို ရရှိမှာပေါ့။ ပြီးတော့ လူသွားရင် လမ်းဖြစ်ရမှာပဲပေါ့။ အအေးဓာတ် အမြဲတမ်းကဲနေတဲ့နိုင်ငံမို့ နွေရာသီမှာတောင် အချိန်တိုင်းနီးပါး အအေးဓာတ်ရှိနေတတ်ရာ ယခုလိုဆောင်းရာသီဆိုရင်တော့ ပုံမှန်ထက် ပိုအေးလာပါပြီ ။ လူတွေဟာ ကုတ်အကျႌထူထူ၊ ခေါင်းစွပ်၊ လက်အိတ်၊ အနွေးထည်ကိုယ်စီနဲ့အတူ သူတို့ရဲ့ကိုယ်စီလက်တွေကို အကျႌအိတ်ကပ်တွေထဲ ထိုးထည့်ကာ လမ်းမတွေပေါ် ခပ်သုတ်သုတ် လျှောက်လှမ်းနေကြပါတယ်။ ခေတ်မီမြို့တော်ထဲမှ လျှပ်စစ်မီးရောင်များကတော့ လမ်းမပေါ်ဖြာကျနေဆဲ။ ကောင်းကင်ရထားတွေရဲ့ ခုတ်မောင်းသွားသံတွေကိုတော့ အဝေးကနေ ခပ်သဲ့သဲ့ ကြားနေရဆဲ ။ တဖြည်းဖြည်းနဲ့ မနက်ခင်းထဲ အလင်းရောက်ဟာ အနည်းအကျဉ်း ရောက်ရှိလာပါပြီ။ မြို့တော်ဟာ သူ့အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လာပါပြီ။
ကျွန်တော် ဘူတာရုံထဲရောက်တော့ လူအုပ်ကြီးကို ရုတ်တရက် တွေ့မြင်လိုက်ရ ပါတယ်။ အချို့က မြို့ထဲဘက်ကိုသွားရာ ရထားလာမယ့်ဘက်မှာ ရပ်စောင့်နေကြပြီး လူအချို့ကတော့ မြို့ထဲကနေ ပြန်ထွက်လာရာ ရထားလာမယ့်ဘက်မှာ ကိုယ်စီစောင့်ရပ်နေကြပါတယ်။ လှေကားအဆင်းမှာ၊ ဓာတ် လှေကားရဲ့ ထွက်ပေါက်ဘေးမှာ၊ စက်လှေကားတွေပေါ်မှာ၊ ရထားပလက်ဖောင်းပေါ်မှာ တစ်နေရာတည်းမှာသာမဟုတ်ဘဲ မြင်နေရတဲ့ မြင်ကွင်းအားလုံးထဲမှာ လူအုပ်ကြီးကို ပြန့်ကျဲစွာ မြင်နေရတာပါ။ ဒီလိုလူအုပ်ကြီးကို အခုလို မနက်အစောပိုင်းအချိန်မှာသာ တွေ့မြင်ရလေ့ရှိတာမဟုတ်ဘဲ နေ့လယ်ပိုင်း၊ ညနေခင်း၊ ညဦးပိုင်းစသဖြင့် အချိန်တိုင်း တွေ့မြင်ရလေ့ရှိပါတယ်။ လူအုပ်ကြီးကို မြင်နေရပုံဟာ နွေရာသီပူပြင်းပြင်းထဲ သစ်ပင်အောက်မှာ ရွက်ခြောက်တွေ ထူထဲများပြားစွာ ကျရောက်ပြီး စုပုံနေသလိုမျိုးပါပဲ။ ဒါမှမဟုတ် ပန်းချီကားပေါင်းများစွာထဲက အရုပ်ပုံတွေ အမြောက်အမြားကို ကင်းဗတ်စ်တစ်ခုတည်း အပေါ်မှာပဲ စုပုံရေးဆွဲထားသလိုမျိုးပါပဲ။ ရထားတစ်စင်းပေါ် လူတွေအုပ်လိုက်ကြီး ပြေးတက်သွားလည်း နောက်ထပ်လူအုပ်ကြီးဟာ စက္ကန့်မခြား ရောက်ရှိလာတာပါပဲ။ ဟီရာကလိုက်တတ်ရဲ့ မြစ်ထဲကရေတွေ တစ်ခုနဲ့ တစ်ခုဆက်စပ်ပြီး ဆက်တိုက်စီးဆင်းနေသလို ဒီလူအုပ်ကြီးဟာလည်း ပြတ်တောက်သွားခြင်းမရှိဘဲ အမြဲတမ်းတစ်ဆက်တည်းပါပဲ။ လူသားတစ်ယောက်ရဲ့အရွယ်လို ဒါမှမဟုတ် နေ့များ၊ ညများ၊ အတွေ့အကြုံများ၊ မိနစ်နဲ့ အချိန်များ၊ ခေတ်များ၊ နှစ်များဟာ ကလေးဘဝကတည်းကနေ ဆက်တိုက်ရောက်ရှိလာ ကြီးပြင်းသွားသလို လူအုပ်ကြီးဟာ ရပ်တန့်ခြင်းမရှိဘဲ အမြဲတမ်းရှိနေဆဲပါပဲ။ ခေတ်မီ နည်းပညာများကြောင့် ထင်ပါတယ် ရထားဘူတာရုံထဲမှာတော့ အအေးဓာတ်ကို မခံစားရပါဘူး။ ပူလောင်အိုက်စပ်တဲ့ အရသာကိုလည်း မထိတွေ့ရသလို အေးစိမ့်မှုကိုလည်း မခံစားရပဲ နေရထိုင်ရတာ သက်သောင့်သက်သာ ဆန်လှပါတယ်။ လူတွေဟာ သူတို့ရှေ့ကို တစ်စုံတစ်ရာဟာ ရုတ်တရက် ရောက်ရှိလာတော့မယ့်ပုံမျိုးနဲ့ ရထားသံလမ်းရဲ့ ဘယ်ညာအရပ်တွေကို မကြာခဏ ခေါင်းငဲ့ကြည့်နေကြပါတယ်။ လူတွေကိုကြည့်ရတာ သူတို့မှာ ကိုယ်စီကိုယ်ငှ အရေးတကြီးလုပ်စရာတွေ ရှိနေကြတဲ့ပုံပါပဲ။ ရထားဘူတာရုံထဲရှိ လှေကားအသီးသီးဆီကနေ လူတွေတစ်ယောက်ပြီးတစ်ယောက်ဟာ မြေပေါ်ကနေ မြေအောက်ထဲ ဆင်းလာနေကြဆဲပါပဲ။ ဆာလောင်မှုဆိုတာဟာ ငွေကြေး၊ အချစ်၊ အနုပညာ၊ ၀ိုင်တစ်ခွက်၊ ခန္ဓာကိုယ်အရေပြားပေါ်မှ တတ်တူးရုပ်၊ ဖိနပ်လှလှတစ်ရန် စသဖြင့် လူသားတွေတစ်ယောက်နဲ့ တစ်ယောက်ရဲ့အကြားမှာ ဘယ်လိုကွဲပြားတဲ့ ပုံစံမျိုးရှိနေတတ်သလဲဆိုတာမသိပေမဲ့ အခုလောလောဆယ် ကျွန်တော် ဆာလောင်နေတာကတော့ အလုပ်ရှိရာအရပ်ဆီ အချိန်မီရောက်ရှိရေးပါပဲ။ အခြားသူတွေလည်း ကျွန်တော့်လိုပင် အလုပ်ဆီအချိန်မီရောက်ရှိလိုမှု။ ဒါမှမဟုတ် အစားအသောက်၊ လစာတိုးလိုမှု၊ အဝတ်အထည်၊ မေတ္တာတရား၊ မိသားစုရဲ့နွေးထွေး မှုအစရှိတဲ့ တစ်စုံတစ်ရာကိုတော့ ဆာလောင် လိုအပ်နေကြမယ် ထင်ပါတယ်။ လိုအပ်မှုတွေဟာ တူညီမှုရှိမနေဘူး ဆိုရင်တောင်မှ တစ်ယောက်ချင်းစီဟာ သေချာတဲ့ တစ်ခုခုကိုတော့ လိုအပ်ချက်ရှိနေကြမယ် လိုချင်နေကြမယ်ထင်ပါတယ်။ တစ်ယောက်တည်း ဖြစ်နေတဲ့ ကျွန်တော်ဟာ မြင်နေရတဲ့ လူအုပ်ကြီးကို လူတစ်ယောက်ချင်း ပေါင်းစည်းထားတဲ့ အစုအဖွဲ့တစ်ခုလို့သာမြင်နေပြီး လူတစ်ယောက်ချင်းစီရယ်လို့သာ ခွဲခြားတွေးထင်နေမိပါတယ်။ ၀ါးလုံးတွေ စုစည်းထားတဲ့ အထုပ်တစ်ခုကို ၀ါးတစ်ချောင်းစီအဖြစ် ခွဲခြားမြငနေမိသလိုမျိုးပဲ။ ဘူတာရုံထဲမှာ တစ်ယောက်က အသွားဖြစ်ပြီး အခြားတစ်ယောက်က အပြန်၊ တစ်ယောက်က ရထားပေါ် ခပ်သုတ်သုတ်တက်သွားပြီး အခြားတစ်ယောက်က ဆင်းချလာ၊ တစ်ယောက်က အောင်မြင်နေပြီး အခြားတစ်ယောက်က ကျရှုံးနေမှု၊ တစ်ယောက်ပျော်ရွှင်နေပြီး အခြားတစ်ယောက်က ဝမ်းနည်းသိမ်ငယ်နေမှု စသဖြင့် ခံစားမှု၊ ဘဝဖြတ်သန်းမှုနဲ့အတူ မတူညီတဲ့ ဘဝပုံစံတွေ တွဲစပ်စုပေါင်းထားမှုရယ်လို့ပဲ လူအုပ်ကြီးကို ခွဲခြားမြင်နေမိပါတယ်။ ကြက်တစ်ကောင်က မြေကြီးပေါ်ကြဲပက်ထားတဲ့ ဆန်စေ့တွေကို မြေကြီးခဲတွေနဲ့ ကျောက်စရစ်လုံးလေးတွေကိုဖယ်ကာ ဆန့်တစ်စေ့ချင်းစီကို ချွန်ထက်တဲ့ သူ့နှုတ်သီးနဲ့ ရွေးချယ်ကောက်ယူနေသလိုပါပဲ။ တောင်စောင်းတစ်ခုရဲ့ အကွယ်က စစ်သားတစ်ယောက်ဟာ ဟိုးအောက်ခြေကနေ တောင်ပေါ်ပြေးတက်လာနေတဲ့ ရန်သူ့ လူအုပ်ကြီးထဲကနေ သူ့မြင်ကွင်းထဲ ရှင်းလင်းနေတဲ့ တစ်ယောက်ချင်းစီကို ရွေးချယ်ပစ်ခတ်နေသလိုပါပဲ။ ကျွန်တော့်မျက်လုံးထဲမှာ ဒီလောက် များပြားထူထဲနေတဲ့လူအုပ်ကြီးကို တစ်ယောက်ချင်းအနေနဲ့ပဲ ထင်မြင်နေမိပါတယ်။ စာအုပ်အထူကြီးထဲက စာရွက်တွေကို တစ်ရွက်ချင်း လှန်ဖတ်နေသလို ကျွန်တော်လည်း တစ်ယောက်ချင်း တစ်ယောက်ချင်းကို စိတ်ဖြာနေမိပါတယ်။ သားလှီးသမားဟာ သူ့ရှေ့က အသားတုံးကို ဓားနဲ့နုတ်နုတ်စဉ်းနေသလို ကျွန်တော်လည်း တွေးထင်မှုဓားဦးနဲ့ လူအုပ်ကြီးကို မွှန်းနေမိပါတယ်။ မနက်မိုးလင်းရင် တစ်ယောက်ချင်းဟာ အိမ်ကနေ ထွက်ခွာလာခဲ့ချည်း ညနေမိုးချုပ်လာတဲ့ အခါမှာလည်း ထိုတစ်ယောက်ချင်းစီကသာ ကိုယ့်အိမ်ကိုပြန်သွားကြရတာ ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ “ငါက ငါ့နိုင်ငံကနေ တစ်ယောက်တည်း ထွက်လာခဲ့ရတာဆိုတော့ ပိုပြီးရုန်းကန်ရတယ်” လို့ ပြောပါတယ်။ အရင်အလုပ်ဟောင်းမှာ အတူတူလုပ်ခဲ့တဲ့ လူတစ်ယောက်ကတော့ “ကျွန်တော်က မိသားစုနဲ့ဆိုတော့ ပိုပြီးရှာဖွေရတယ်၊ ခင်ဗျားက တစ်ယောက်တည်းသမားဆိုတော့ အေးဆေးပေါ့ဗျာ။ ပူစရာသိပ်မရှိပါဘူး” လို့လည်း ကျွန်တော့်ကို ပြောပါသေးတယ်။ တစ်ယောက်တည်းသမား ကျွန်တော်ဟာ အခြားသူတွေကိုလည်း ကိုယ့်လို တစ်ယောက်တည်းသမားတွေအဖြစ်သာ မြင်နေမိပါတယ်။ ဟုတ်ပါတယ် အားလုံးဟာ တစ်ယောက်ချင်းတွေ ချည်းပါပဲ။ သိဒ္ဓတ္ထဟာ တစ်ယောက်တည်း၊ ဆော့ခရတ္တိဟာ တစ်ယောက်တည်း၊ နစ်ဆင်မင်ဒဲလားဟာ တစ်ယောက်တည်း၊ ကဗျာဆရာ ဖော်ဝေးဟာ တစ်ယောက်တည်း၊ လမ်းဘေးမှာ တောင်းစားနေတဲ့သူဟာ တစ်ယောက်တည်း၊ အသည်းကွဲသမား လူငယ်ဟာလည်း တစ်ယောက်တည်း၊ ထို့အတူ လူအုပ်ကြီးဟာလည်း တစ်ယောက်တည်းသာ။ တစ်ယောက်ချင်းတွေဟာ ကိုယ်ရည်ရွယ်ထားရာ ပန်းတိုင်ဆီရောက်ဖို့အရေး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှောက်လှမ်းနေကြရပါတယ်။ တစ်ယောက်တည်းသမားတွေဟာ ကြည်လင်ရဲရင့်မှု ရှိကြတယ်လို့ မြင်မိတယ်။ လူအုပ်ကြီးတွေဟာ တစ်ယောက်တည်းသမားတွေကို အရှုံးပေးခဲ့ကြရဖူးတယ်။ အမေရိကန်နိုင်ငံမှ ကျွန်စနစ်ကိုကျင့်သုံးတဲ့ လူအုပ်ကြီး၊ ဒါမှမဟုတ် တောင်ပိုင်းနဲ့ မြောက်ပိုင်းစစ်ပွဲကြီးဟာ ၁၈၆၅ ခုနှစ်မှာတော့ တစ်ယောက်တည်းသမား မစ္စတာ အေဗရာဟင်လင်ကွန်းကို အရှုံးပေးခဲ့ရပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော် ကျွန်စနစ်ကျင့်သုံးလာခဲ့တဲ့ အင်္ဂလိပ်အစိုးရ လူအုပ်ကြီးဟာ ကမ္ဘာမြေပုံပေါ်ရှိ အမိမြန်မာနိုင်ငံတော်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ခွင့်ပေးဖို့ တစ်ယောက်တည်းသမား မစ္စတာအောင်ဆန်းကို ကတိပေးလိုက်ရပါတယ်။ ဘဝမှာ လူအုပ်ကြီးဖြစ်ရတာ ကောင်းပါတယ်။ ဒီမိုကရေစီရဲ့ပြယုဂ်နဲ့ အသံဆိုတာ လူအုပ်ကြီးရဲ့ လိုအပ်ချက်နဲ့ အသံပါပဲ။ ဒါပေမဲ့ ကျွန်တော်က လူအုပ်ကြီးကို ခွဲခြမ်းနေမိတယ်။ ဧရာမ သစ်ပင်ကြီးကို သစ်ကိုင်းငယ်တွေ တစ်ခုပြီးတစ်ခု ဓားနဲ့ဖျင်နေသလို လူအုပ်ကြီးကို ဖျင်နေမိပါတယ်။ တစ်ယောက်ချင်း စုပေါင်းထားတဲ့ လူအုပ်ကြီးကို တစ်ယောက်ချင်းရယ်လို့ မြင်နေမိပါတယ်။ ဒါမှမဟုတ် လူအုပ်ကြီးဖြစ်ဖို့ ကျွန်တော့်မှာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတစ်ခုခု လိုအပ်နေတာလား။ ဒါမှမဟုတ် မိဝေးဖဝေး၊ ဆွေမျိုးတွေနဲ့ဝေး၊ ညီအစ်ကိုမောင်နှမတွေနဲ့ သူငယ်ချင်းတွေရဲ့ အဝေးမှာ ရောက်ရှိနေရလို့ တစ်ယောက်တည်းဖြစ်နေရမှုကို မကျေမနပ်ဖြစ်နေတာလား။ လူအုပ်ကြီးထဲ နေ့စဉ်ရောက်ရှိနေသော်လည်း လူအုပ်ကြီးထဲ ကျွန်တော်ဘယ်တုန်းကမှ မရောက်ရှိခဲ့သလို ဖြစ်နေပါတယ်။ စာအုပ်စင်ပေါ်ကနေ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ကြမ်းပြင်ပေါ်ပစ်ချနေသလို အဲဒီလူအုပ်ကြီးထဲကနေ ကျွန်တော် ထွက်ခွာလာနေမိပါတယ်။ ထိုလူအုပ်ကြီးကို ဆက်လက် ဖျင်ယူနေမိပါတယ်။ ဓားနဲ့မွှန်းသလို မွှန်းနေမိတယ်။ ကျွန်တော့်ဆီမှာ ရှုပ်ထွေးမှုနဲ့ ရှင်းလင်းမှုဟာ တစ်ပြိုင်နက်တည်း ဖြစ်နေပါတယ်။ ပျံသန်းခြင်းနဲ့ ရပ်တန့်ခြင်း၊ ဒါမှမဟုတ် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း တစ်ပြိုင်နက်တည်း ဖြစ်နေသလိုမျိုးပါပဲ။ တစ်ခါတစ်ရံမှာ တစ်ယောက်တည်းသော ကျွန်တော်ဟာ လူအုပ်ကြီးကို ကြည့်မြင်နေရင်းနဲ့ ထိုလူအုပ်ကြီး ဖြစ်သွားပါတယ်။ လူတစ်ယောက်နဲ့ လူအုပ်ကြီးဆိုတာ အတူတူပဲလို့ ဆိုလိုက်ရင် မဖြစ်နိုင်ဘူးလို့လည်း တွေးထင်ဖွယ် ဒါမှမဟုတ် သံသယဖြစ်ဖွယ်ရှိပါတယ်။ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်မြင်နေရတဲ့ လူအုပ်ကြီးဟာ တစ်ယောက်တည်းတွေဆိုတာ။ ခင်ဗျားဟာ လူအုပ်ကြီးနဲ့ ဘယ်တုန်းကမှ တစ်သားတည်းမဖြစ်ခဲ့ဘူးသလို နောင်အခါမှာလည်း ဘယ်တော့မှ သဟဇာတ မဖြစ်တော့ဘူးဆိုရင် ခင်ဗျားကိုယ်တိုင် လူအုပ်ကြီးဖြစ်ဖို့ လိုအုပ်ပါတယ်။ ခင်ဗျားမြင်နေရတဲ့ လူအုပ်ကြီးဆိုတာ တစ်ယောက်တည်းသမားတွေ စုပေါင်းထားခြင်းသာ ဖြစ်ပါတယ်။ အထက်ပါ စာသားတွေနဲ့ မသက်ဆိုင်ပေမယ့့် တစ်ယောက်တည်းသမား ကျွန်တော်ဟာ ဘဝင်မြင့်နေမိပါတယ်။ ကျွန်တော်ဟာ တစ်ယောက်တည်း နေ့စဉ်ဆူညံနေတဲ့ မြို့တော်ကြီးထဲ လျှောက်သွားနေမိပါတယ်။ တစ်ယောက်တည်းသော လူအုပ်ကြီးတစ်ခု အနေနဲ့ပေါ့။










