ရေခဲပြင်ဟော်ကီကစားသမားဘဝ ပထမဆုံးပွဲတွင် ပီတာချက် ပယ်နယ်တီနှစ်ကြိမ်ကာကွယ်

ရေခဲပြင်ဟော်ကီကစားသမားဘဝ ပထမဆုံးပွဲတွင် ပီတာချက် ပယ်နယ်တီနှစ်ကြိမ်ကာကွယ်
Published 15 October 2019

ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်း ဂိုးသမားဟောင်း ပီတာချက်သည် ရေခဲပြင်ဟော်ကီကစားသမားဘဝ ပထမဆုံးပွဲတွင် ပယ်နယ်တီနှစ်ကြိမ် ကာကွယ်နိုင်ခဲ့ပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်က ဂီလ်ဖို့ဒ်ဖီးနစ်အသင်းနှင့် ဆွင်ဒန်ဝိုင်းလ်ကတ်-၂  အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ပီတာချက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရပြီး သာမန်ပွဲကစားချိန်တွင် နှစ်ဂိုးစီသရေနှင့် အချိန်ပိုတွင် ဂိုးမရှိသရေကျနေသဖြင့် ပယ် နယ်တီအဆုံးအဖြတ်ခံယူခဲ့ရသည်။

ပီတာ ချက်သည် ဆွင်ဒန်အသင်း၏ ပထမဆုံးနှင့် နောက်ဆုံးပယ်နယ်တီသွင်းယူမှု နှစ်ကြိမ်ကို ကာကွယ်ခဲ့ခြင်းဖြစ်ပြီး ဂီလ်ဖို့ဒ်ဖီးနစ်အသင်းအတွက် နိုင်ပွဲရယူပေးခဲ့သောကြောင့် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုပါ ရရှိခဲ့ခြင်းဖြစ်သည်။

ပီတာချက်သည် နံပါတ် ၃၉ ဝတ်ဆင်ကစားခဲ့ပြီး ဦးထုပ်၏ထိပ်ပိုင်း တွင် ဗြိတိန်အလံနှင့် ဘေးဘက်တွင် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်း၏လိုဂိုကို ဒီဇိုင်း ပြုလုပ်၍ ဝတ်ဆင်ခဲ့ကြောင်း သိရသည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ချက်လက်ရွေးစင်ဟောင်း ပီတာချက်သည် ပြီးခဲ့သည့်မေလတွင် အာဆင်နယ်အသင်းနှင့် လမ်းခွဲပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ပြီး ချယ်လ်ဆီးအသင်း၌ နည်းစနစ်ပိုင်းနှင့် စွမ်းဆောင်မှုပိုင်းဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

၎င်းအနေဖြင့် ရေခဲပြင်ဟော်ကီ စတုတ္ထတန်းကလပ် ဖီးနစ်အသင်းနှင့် စာချုပ်ချုပ်ဆိုထားသလို ချယ်လ် ဆီးအသင်းတွင်လည်း တာဝန်ဆက်လက်ထမ်းဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent