နာမည်ကျော် အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Goal.com က ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဘောလုံးလောက၏ အကောင်းဆုံးအသင်းကို ရွေးချယ်ကြေညာခဲ့ရာ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့အပါအဝင် ဘာစီလိုနာ၊ ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးအသင်းတို့မှ ကစားသမားများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ယခုအသင်းကို ရွေးချယ်ရာတွင် ၂၀၁၀ မှ ၂၀၁၉ ခုနှစ်အတွင်း ကစားခဲ့ကြသည့် ပွဲစဉ်များမှ ခြေစွမ်းများကိုသာ အဓိကရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ဇာဗီနှင့် အင်နီယေစတာတို့ကဲ့သို့ ကစားသမားများသည် နောက်ပိုင်းနှစ်များတွင် ကစားနိုင်ခြင်းမရှိသဖြင့် ယခုစာရင်းအတွက် စဉ်းစားရာတွင် အားနည်းချက်များရှိခဲ့ပြီး ချန်လှပ်ခံခဲ့ရခြင်းဖြစ်ကြောင်း Goal က ဆိုသည်။
ကွင်းလယ်တွင် ဇာဗီ၊ အင်နီ ယေစတာအပြင် အီတလီအသင်းနှင့် ဂျူဗင်တပ်စ်အသင်း တို့အတွက် အောင်မြင်မှုများရယူပေးခဲ့သည့် ပီယာလို လည်း ပါဝင်လာခြင်းမရှိခဲ့ချေ။
ထို့ ပြင် အင်္ဂလန်ရွှေရောင်မျိုးဆက်မှ အကောင်းဆုံးကွင်းလယ်လူများဖြစ်သည့် ပေါလ်စခိုးလ်၊ လမ်းပတ်၊ ဂျရတ်တို့မှာလည်း နောက်ဆုံးဆယ်စုနှစ်အတွင်း စွမ်းဆောင်ရည်အရ ပါဝင်လာခြင်းမရှိခဲ့ဘဲ ကွင်းလယ်တွင် ရွေးချယ်ခံခဲ့ရသူများမှာ တိုနီကရို့စ်၊ ဘူးစကွက်စ်နှင့် ဒေးဗစ်ဆေးလ်ဗားတို့ဖြစ်သည်။
တိုက်စစ်ပိုင်းတွင်မူ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ နှစ်ဦးက ဆယ်စုနှစ်တစ်ခေတ်လုံးကို ဦးဆောင်ခဲ့သူများဖြစ်သဖြင့် နေမာ၊ ဟာဇက်တို့ကဲ့သို့ ကစားသမားများကို ချန်လှပ်ခဲ့ရပြီး၊ အထောင်တိုက်စစ်မှူးနေရာအတွက်မူ လီ ဝန်ဒေါစကီးနှင့် ဆွာရက်ဇ်တို့ထဲမှ လီဝန်ဒေါစကီးကို ရွေးချယ်ခဲ့သည်ဟု သိရှိရသည်။
ဂိုးသမားနေရာတွင် ဘူဖွန်၊ ဒီဟေးယားတို့ကို ကျော်ကာ နော်ယာကို ရွေးချယ်ခဲ့ပြီး ခံစစ်တွင်လည်း ပီကေးမပါဝင်ခဲ့ဘဲ အဲလ်ဗတ်စ်၊ ဗာရန်း၊ ရာမို့စ်နှင့် မာဆယ်လိုတို့ ရွေးချယ်ခံခဲ့ရသည်။
■ အကောင်းဆုံးအသင်းနှင့် ပတ်သက်ပြီး Goal.com ဂျာနယ်လစ်များ၏ သုံးသပ်ချက်များ
ဂိုး - နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာ၏ ရိုက်ခတ်မှုများကို ခံခဲ့ရသော်လည်း ဆယ်စုနှစ်တစ်ခုလုံးစာကိုပြန်ကြည့်ပါက ဂျာမနီနှင့် ဘိုင်ယန်မြူးနစ်ဂိုးသမား နော်ယာက ခေတ်ကို လွှမ်းမိုးမှုအရှိဆုံး ဂိုးသမားတစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် ဘူဖွန်၊ ကာဆီးလက်စ်နှင့် ဒီဟေးယားတို့ကိုကျော်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နောက်တန်း - ညာနောက်ခံလူနှင့် ဘယ်နောက်ခံလူနေရာတို့အတွက် ဘရာဇီးလ်နောက်ခံလူနှစ်ဦးဖြစ်သည့် အဲလ်ဗတ်စ်နှင့် မာဆယ်လိုတို့က အကောင်းဆုံးကစားသမားများဖြစ် ပြီး နောက်ခံအတွင်းနေရာအတွက်မူ ဗာရန်းနှင့် ရာမို့စ်တို့ကိုရွေးချယ်ခဲ့သည်။ ပီကေး၊ ချီလီနီတို့က ထည့်သွင်းစဉ်းစားခံခဲ့ရသူများဖြစ်ပြီး ချန်လှပ်ခဲ့ရသည်။
ကွင်းလယ် - တိုနီကရို့စ်က ရီးယဲလ်မက်ဒရစ်အသင်း၏ ချန်ပီယံလိဂ်အောင်မြင်မှုများတွင် အဓိကကျခဲ့သလို၊ ဆယ်စုနှစ်အတွင်း အကောင်းဆုံးအသင်းဖြစ်သည့် ဘာစီလိုနာကွင်း လယ်တွင်လည်း ဘူးစကွက်စ်က တစ်လျှောက်လုံးအရေးပါခဲ့သည်။ ကျန်တစ်နေရာတွက်မူ မိုဒရစ်၊ ဇာဗီ၊ အင်နီယေစတာတို့ထက် ဆယ်နှစ်အတွင်းခြေစွမ်းပြချိန်ပိုကြာသည့် ဒေး ဗစ်ဆေးလ်ဗားကိုရွေးချယ်ခဲ့သည်။
တိုက်စစ် - မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့က ဆယ်စုနှစ်တစ်ခုလုံးကို ဦးဆောင်ခဲ့သည့် အကောင်းဆုံးကစားသမားများဖြစ်သဖြင့် ရော်ဘင်၊ နေမာ၊ ဟာဇက်တို့ကဲ့သို့ ကစားသမားများ ကံမကောင်းခဲ့ပါ။ အထောင်တိုက်စစ်မှူးနေရာအတွက်မူ ဆွာရက်ဇ်နှင့် လီဝန်ဒေါစကီးတို့အား အကြိတ်အနယ်စဉ်းစားခဲ့ရပြီး လီဝန်ဒေါစကီးကို ရွေးချယ်ခဲ့သည်။