ယူရို-၂၀၂၀ ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်
Photo : UEFA
Photo : UEFA
Published 15 October 2019

ဆွီဒင် နှင့် စပိန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၁း၁၅ နာရီ)

ဆွီဒင်က ပထမအကျော့ပွဲစဉ်တုန်းက စပိန်အသင်းရဲ့ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တယ်။ အုပ်စုပွဲစဉ်တစ်လျှောက်မှာ ဒီပွဲက တစ်ပွဲတည်းသော ရှုံးပွဲလည်းဖြစ်တယ်။ ဒါပေမဲ့ ဆွီဒင်ရဲ့အနေအထားက သိပ်တော့အားရစရာမဟုတ်ဘူး။ ဒီအုပ်စုမှာအဓိကပြိုင်ဘက်အသင်းတွေထဲက ရိုမေးနီးယားတစ်သင်းကိုပဲ အိမ်ကွင်းမှာနိုင်ခဲ့ပြီး၊ ရိုမေးနီးယားနဲ့ နောက်တစ်ပွဲကိုတော့ ဒီပွဲပြီးရင်ဆက် ကစားရမှာဖြစ်တယ်။ နော်ဝေကို (၂)ကျော့စလုံး သရေကစားခဲ့ပြီး၊ စပိန်ကို ရှုံး၊ အသင်းငယ်တွေကိုတော့ နိုင်ပွဲမှန်မှန်ယူခဲ့တယ်။ အခု ဒီပွဲမှာသာ သရေကျခဲ့ပြီး ရိုမေးနီးယားကလည်း နော်ဝေကိုအိမ်ကွင်းမှာ နိုင်ခဲ့ရင် ဆွီဒင်ကို ကျော်တက်သွားမှာဖြစ်လို့ နောက်ပွဲရိုမေးနီးယားနဲ့ အဝေးကွင်းပွဲက ပိုခက်ခဲသွားနိုင်တယ်။ ဒါကြောင့် ဆွီဒင်အတွက် ဖြစ်နိုင်ရင် သရေတောင်အကျမခံဘဲ အနိုင်ကစားရမယ့် အခြေအနေပါ။ စပိန်ကတော့ ဒီပွဲရှုံးရင်တောင် မော်လ်တာနဲ့ကစားရမယ့် နောက်ပွဲမှာ (၃)မှတ်သေချာနေပြီဖြစ်လို့ အုပ်စုဗိုလ်နေရာအတွက် စိတ်ပူစရာမရှိပါဘူး။ ဒါကြောင့်လည်း ပြီးခဲ့တဲ့နော်ဝေနဲ့ အဝေးကွင်းပွဲမှာ သိပ်အားမထည့်ဘဲ သရေလောက်ပဲ ထိန်းယူသွားတာမျိုးလည်းဖြစ်တယ်။ ဆွီဒင်ကို ကြိုက်တယ်။

လက်ချင်စတိန်း နှင့် အီတလီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၁း၁၅ နာရီ)

ဒီအုပ်စုက မရဏအုပ်စုလို့ ပြောလို့မရပေမယ့်အသင်း ကောင်းတွေအများကြီးပါတဲ့ အုပ်စုပါ။ အီတလီအသင်းက အလွယ်တကူကျော်ဖြတ်သွားခဲ့ပြီး စောစောစီးစီးအုပ်စုဗိုလ်နေရာ သေချာအောင်လုပ်နိုင်ခဲ့တာ ချီးကျူးရမယ်။ မန်စီနီရဲ့အသင်းက  အုပ်စုတွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲယူနေဆဲဖြစ်ပြီး လက်ကျန် (၃)ပွဲစလုံး ရှုံးရင်တောင် ဒီအဆင့်ကနေ ဖယ်ပေးရမှာမဟုတ်တော့ဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရနေတဲ့ ခြေစွမ်း၊ အတွဲအဖက်၊ စုဖွဲ့မှုကို မန်စီနီအပျက်စီးခံမယ်မထင်ဘူး။ မန်စီနီရဲ့ အိပ်မက်က ယူရိုချန်ပီယံဖြစ်သလို၊ အခုအချိန်အိပ်မက်ကလည်း  အုပ်စုတွင်း (၁၀)ပွဲစလုံးအနိုင်ကစားဖို့ ဖြစ်နေလိမ့်မယ်။ အုပ်စုတွင်း အားအနည်းဆုံးအသင်းဖြစ်တဲ့ လက်ချင်စတိန်းက နောက်ဆုံးနှစ်ပွဲမှာတော့ ရလဒ်ပိုင်းတိုးတက်လာပြီး ဂရိနဲ့ အာမေးနီးယားတို့ကို သရေကစားခဲ့တယ်။ ဒီပွဲကနေ သရေမျှော်လင့်နေဦးမှာဖြစ်ပေမယ့် ခြေစွမ်းကွာပါတယ်။ ပထမအကျော့တုန်းကလည်း ဂိုးပြတ်ခဲ့တယ်။ ဒီပွဲလည်း (၀-၂၊ ၀-၃)လောက်ဖြစ်နိုင်တယ်။

ဆွစ်ဇာလန် နှင့် အိုင်ယာလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၁း၁၅ နာရီ)

ဆွစ်ဇာလန်က ဒီအုပ်စုမှာ အမြင့်ဆုံး Play-offs ကစားခွင့်ပဲ ရတော့မှာပါ။  အုပ်စုဗိုလ်နေရာအတွက် လုံးဝမဖြစ်နိုင်တော့ဘူး။ Play-offs အဆင့်အတွက်တောင် ခက်ခက်ခဲခဲကြိုးစားရမယ့် အနေအထားဖြစ်ပြီး ဒီပွဲက အရမ်းအရေးကြီးတယ်။ ဒီပွဲကိုသရေပဲ ကစားနိုင်တယ်ဆိုရင်တောင် ခြေစစ်ပွဲအောင်ဖို့ မသေချာတဲ့အနေအထားဖြစ်သွားမယ်။ အနိုင်ရခဲ့ရင်တော့ လက်ကျန် (၂)ပွဲက (၆)မှတ်သေချာနေလို့ ဆွစ်ဇာလန်ခြေစစ် ပွဲအောင်ပါပြီ။ ဒါကြောင့် ဒီပွဲက အရေးအကြီးဆုံးပွဲဖြစ်ပြီး  အိုင်ယာလန်က ဒီအခြေအနေကိုတားဆီးရမှာဖြစ်တယ်။ ဆွစ်ဇာလန်အနိုင်ရပါလိမ့်မယ်။

ရိုမေးနီးယား နှင့် နော်ဝေ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၁း၁၅ နာရီ)

နော်ဝေက ဒီပွဲကိုသာအနိုင်ကစားနိုင်ရင် အုပ်စုဒုတိယနေရာအတွက် မျှော်လင့်ချက်ရှိပါတယ်။ ဒါပေမဲ့ ပိုမိုအားကောင်းတဲ့ အခွင့်အရေးကို ရိုမေးနီးယားက ပိုင်ဆိုင်ထားပြီး ဆွီဒင်သာ စပိန်ကို အိမ်ကွင်းမှာ မနိုင်ခဲ့ဘဲ ကိုယ်ကသာ အနိုင်ကစားနိုင်ရင် လက်ကျန် (၂)ပွဲအလိုမှာ ဒုတိယနေရာအထိ တက်လာလိမ့်မယ်။ ဒါ့အပြင် ရိုမေးနီးယားရဲ့လက်ကျန်နှစ်ပွဲက ဆွီဒင်၊ စပိန်တို့ဖြစ်နေလို့ ဒီပွဲမှာ (၃)မှတ်မရတာနဲ့ မျှော်လင့်ချက်မဲ့သွားဖို့ များနေပါပြီ။ နော်ဝေကတော့ ဒီပွဲနိုင်ရင် နောက်(၂)ပွဲမှာ (၆) မှတ်က သေချာနေတယ်။ ဒါဆိုရင်မျှော်လင့်ချက်လည်းရှိလာနိုင်တယ်။ နော်ဝေကိုကြိုက်တယ်။

ဖင်လန် နှင့် အာမေးနီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက် ည ၁ဝး၃၀ နာရီ)

ဖင်လန်က အာမေးနီးယားကို အနိုင်ကစားလိုက်ရင် အုပ်စုဒုတိယနေရာအတွက် ကြောက်စရာက ဘော့စနီးယားတစ်သင်းပဲ ကျန်တော့မယ်။ ဘော့စနီးယားက နောက်ဆုံးပွဲမှာ ဖင်လန်ကို ဂိုးပြတ်နိုင်ထားပေမယ့် ဒီပွဲမတိုင်ခင် အာမေးနီးယားကွင်းမှာ ဂိုးပြတ်ရှုံးထားပြီး ဒီပွဲလည်း ဂရိနဲ့ အဝေးကွင်းဖြစ်နေတယ်။ ဖင်လန်အတွက် အခွင့်အရေးသာပါတယ်။ ဒီပွဲနိုင်ဖို့က ခြေစစ်ပွဲအောင်ဖို့ အရမ်းအရေးကြီးနေပြီး၊ အိမ်ကွင်းလည်းဖြစ်နေလို့ ဖင်လန်အနိုင်ကစားလိမ့်မယ်။

အစ္စရေး နှင့် လတ်ဗီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၁း၁၅ နာရီ)

ခြေစစ်ပွဲအောင်ဖို့ အရမ်းခက်ခဲသွားပြီဆိုရင်တောင် အစ္စရေးအတွက် မျှော်လင့်ချက်အနည်းငယ်တော့ ရှိပါသေးတယ်။ ဒါ့အပြင် လတ်ဗီးယားကလည်း ဒီအုပ်စုမှာ အိမ်ကွင်း၊ အဝေးကွင်းမရှောင် အသင်းတိုင်းကို အရှုံးပေးနေရတဲ့အသင်းဖြစ်ပြီး ပထမအကျော့ အိမ်ကွင်းမှာတုန်းကလည်း အစ္စရေးက ဂိုးပြတ်အနိုင်ကစားခဲ့တာတွေ့ရတယ်။ ဒီပွဲနိုင်ရင်တောင် အစ္စရေးအတွက် အလားအလာသိပ်မကောင်းတော့ပါဘူး။ ဒါပေမဲ့ ဒီပွဲကိုတော့ နိုင်လိမ့်မယ်။ ဂိုးလည်းပြတ်သွားလိမ့်မယ်။

ဂရိ နှင့် ဘော့စနီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၁း၁၅ နာရီ)

ဂရိက မျှော်လင့်ချက်မရှိဘဲ ပြီးဆုံးသွားခဲ့ပြီ။ ကစားသမားကောင်းတွေရှိပေမယ့် ဒီလောက်ရုပ်ပျက်ဆင်းပျက် ကျဆုံးသွားခဲ့တာ အံ့သြစရာပါ။ ဘော့စနီးယားနဲ့ ပထမအကျော့တုန်းက အဝေးကွင်းမှာ နောက်ကျဂိုးနှစ်ဂိုးသွင်းပြီး သရေတစ်မှတ်ယူခဲ့တယ်။ ဒီပွဲကတော့ အိမ်ကွင်းဖြစ်နေလို့ အခွင့်အရေးပိုကောင်းပါတယ်။ ဒါပေမဲ့ ဘော့စနီးယားက ဒုတိယနေရာအတွက် ဖင်လန်၊ အာမေးနီးယားတို့နဲ့ အပြိုင်ဖြစ်နေပြီး ဒီနှစ်သင်းကလည်း ထိပ်တိုက်တွေ့နေပါတယ်။ ဘော့စနီးယားကိုကြိုက်တယ်။

ဂျီဘရော်လ်တာ နှင့် ဂျော်ဂျီယာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၁း၁၅ နာရီ)

ဂျီဘရော်လ်တာက ဆန်မာရီနို၊ လတ်ဗီးယားတို့လိုပဲ ပွဲတိုင်းရှုံးနေတဲ့အသင်းပါ။ ဂျော်ဂျီယာက ပထမအကျော့တုန်းက ဂိုးပြတ်နိုင်ခဲ့သလို၊ ဒီပွဲလည်း အနိုင်ကစားလိမ့်မယ်။

ဖာရိုးကျွန်းစုများနှင့် မော်လ်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၁း၁၅ နာရီ)

မော်လ်တာရဲ့ တစ်ပွဲတည်းသောနိုင်ပွဲက ဖာရိုးနဲ့ပွဲဖြစ်ပြီး ဖာရိုးက ပွဲတိုင်းရှုံးထားတယ်။ ဒီနှစ်သင်းယှဉ်ရင်လည်း မော်လ်တာက နည်းနည်းသာပါတယ်။ မော်လ်တာနိုင်ဖို့များတယ်။

 

 

Most Read

Most Recent