အီတလီအသင်း ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နော်ဝေမြေမှာ သရေကျခဲ့တဲ့ စပိန်

အီတလီအသင်း ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နော်ဝေမြေမှာ သရေကျခဲ့တဲ့ စပိန်
Photos: Twitter
Photos: Twitter
Published 13 October 2019

အောက်တိုဘာ (၁၂)ရက်နေ့မှာ ကစားခဲ့တဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေမှာတော့ နာမည်ကြီးတွေ အီတလီနဲ့ စပိန်အသင်းတို့ရဲ့ ပွဲစဉ်တွေ ပါဝင်ခဲ့ပြီး အီတလီအသင်းက ဂရိအသင်းကို အိမ်ကွင်းမှာ (၂-၀)ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့် စပိန်အသင်းကတော့ နော်ဝေကို အဝေးကွင်းမှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့လို့ ခြေစစ်ပွဲအောင်မြင်ဖို့ လာမယ့်ပွဲစဉ်တွေမှာ ကြိုးစားရဦးမှာပါ။ 

အောက်တိုဘာ (၁၂)ရက်နေ့မှာ ကစားခဲ့တဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေမှာတော့ နာမည်ကြီးတွေ အီတလီနဲ့ စပိန်အသင်းတို့ရဲ့ ပွဲစဉ်တွေ ပါဝင်ခဲ့ပြီး အီတလီအသင်းက ဂရိအသင်းကို အိမ်ကွင်းမှာ (၂-၀)ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့် စပိန်အသင်းကတော့ နော်ဝေကို အဝေးကွင်းမှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့လို့ ခြေစစ်ပွဲအောင်မြင်ဖို့ လာမယ့်ပွဲစဉ်တွေမှာ ကြိုးစားရဦးမှာပါ။ 

အီတလီအသင်းဟာ ဂရိအသင်းကို နိုင်တာနဲ့ ခြေစစ်ပွဲ အောင်မှာဖြစ်လို့ အဓိကကစားသမားတွေဖြစ်တဲ့ အီမိုဘီလီ၊ အင်ဆစ်ဂ်နီ၊ ဗာရက်တီ၊ ဘိုနုချီတို့ကို ပွဲထုတ်ခဲ့ပြီး ၄-၃-၃ ကစားကွက်နဲ့ ကစားခဲ့ပါတယ်။ ဂရိအသင်းကတော့ ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာပြီး အီတလီအသင်းကို အကောင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်ခဲ့တာပါ။ 

အီတလီအသင်းဟာ ဘောလုံးပိုင်ဆိုင်အသာစီးရယူပြီး ဂရိအသင်းကို ဖိကစားခဲ့ပေမယ့် ဂရိအသင်းရဲ့ ခံစစ်ကစားပုံ ကောင်းမွန်မှုအကြောင့် အခက်တွေ့ခဲ့ရပါတယ်။ 

ဒါ့အပြင် တိုက်စစ်ပိုင်းက ထင်သလောက် အလုပ်မဖြစ်ခဲ့တာကြောင့်လည်း အီတလီအသင်းဟာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း အီတလီတို့ ဂိုးရဖို့ ခက်နေခဲ့ပေမယ့် ပွဲချိန် (၆၃)မိနစ်မှာ ဂရိကွင်းလယ်လူ ဟက်ဇီယာကော့စ် ပယ်နယ်တီဧရိယာထဲမှာ လက်ထိခဲ့လို့ အီတလီအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ 

အဲဒီ ပယ်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်း ကန်သွင်းယူခဲ့လို့ အီတလီအသင်း အဖွင့်ဂိုးရခဲ့ပါတယ်။ ဂိုးရပြီးနောက်မှာလည်း အီတလီအသင်းကပဲ ဖိကစားခဲ့ပြီး ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် (၇၈)မိနစ်မှာ လူစားဝင်ကစားသမား ဘာနာဒက်ခီက သွင်းယူပေးခဲ့တာပါ။ 

အခုပွဲမှာ အနိုင်ရခဲ့တဲ့ အီတလီအသင်းဟာ အုပ်စု (J)မှာ (၇)ပွဲကစား၊ (၇)ပွဲအနိုင်ရပြီး ရမှတ် (၂၁)မှတ်နဲ့ အုပ်စုပွဲစဉ်ပြီးဆုံးဖို့ (၃)ပွဲအလိုမှာပဲ ယူရို-၂၀၂၀ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

 

 

နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့ စပိန်အသင်းကတော့ နော်ဝေမြေမှာ နော်ဝေအသင်းရဲ့ ရုန်းအားကြောင့် အခက်တွေ့ခဲ့ရပြီး ပွဲပြီးခါနီးပေးလိုက်ရတဲ့ ပယ်နယ်တီကြောင့် (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။ 

နော်ဝေအသင်းမှာ နာမည်ကျော် လူငယ်ကစားသမား အော်ဒီဂွါ ပွဲထွက်ကစားခဲ့ပြီး အကောင်းဆုံးလူစာရင်းနဲ့ စပိန်ကို ရင်ဆိုင်ခဲ့ရတာပါ။ စပိန်အသင်းမှာလည်း ရာမို့စ်၊ ဆာအူလ်၊ ရိုဒရီဂို၊ ဘူးစကွက်စ်စတဲ့ နာမည်ကျော်ကစားသမားတွေ ပါဝင်ခဲ့ပြီး ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ 

ဒီနေ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ နောက်ခံလူ ရာမို့စ်ကတော့ စပိန်အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် ဂိုးသမား ကာဆီးလက်စ် (၁၆၇ ပွဲ)ကို ကျော်ကာ (၁၆၈)ပွဲနဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ 

စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ နော်ဝေအသင်းဘက်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် နော်ဝေအသင်းရဲ့ ကျစ်လျစ်တဲ့ ကစားပုံကြောင့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

ပထမပိုင်းမှာ စပိန်အသင်းထက်တောင် နော်ဝေအသင်းရဲ့ ထိုးဖောက်မှုတွေက ပိုပြီး အန္တရာယ်ပေးနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 

ဒုတိယပိုင်း ပွဲပြန်စလို့ သိပ်မကြာခင်မှာပဲ စပိန်အသင်း အဖွင့်ဂိုး ရသွားခဲ့ပါတယ်။ နော်ဝေးအသင်း ရှင်းထုတ်ပုံ မသေသပ်မှုကနေ ပြန်ထွက်လာရာကတစ်ဆင့် ဘူးစကွက်စ် ဖန်တီးပေးတာကို ဆာအူလ် ပယ်နယ်တီဧရိယာ အပြင်ကနေ လှလှပပကန်သွင်းယူခဲ့တာပါ။ 

ဂိုးပေးလိုက်ရပြီးနောက် နော်ဝေအသင်းရဲ့ ကစားပုံဟာ ပိုကောင်းလာခဲ့ပြီး စပိန်အသင်းဘက်ကို ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်ကစားသမားတွေ ဂိုးသွင်းမသေချာတာကြောင့် ဂိုးမရဘဲ ဖြစ်နေခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဂိုးလိုချင်နေတဲ့ နော်ဝေးအသင်းဟာ နာကျင်အချိန်ပို (၄)မိနစ်မှာတော့ ပယ်နယ်တီ ရခဲ့ပါတယ်။ အယ်လာဒီယ်လာအီကို စပိန်ဂိုးသမား ကယ်ပါ ပယ်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်တာ ကြမ်းတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပယ်နယ်တီ သတ်မှတ်ပေးခဲ့တာပါ။ 

ဒီပယ်နယ်တီဟာ အငြင်းပွားဖွယ်ဖြစ်ခဲ့ပေမယ့် တိုက်စစ်မှူး ဂျိူရှူအာကင်းကတော့ အပိုင်ကန်သွင်းပြီး နော်ဝေအတွက် အဖိုးတန်ချေပဂိုးကို ရယူခဲ့ပါတယ်။ 

ယူရို-၂၀၂၀ ခြေစစ်ပွဲ အုပ်စု (F)မှာတော့ ပွဲစဉ် (၇)ပြီးဆုံးချိန်မှာ စပိန်က (၁၉)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဆွီဒင်က (၁၄)မှတ်နဲ့ ဒုတိယ၊ ရိုမေးနီးယား (၁၃)မှတ်နဲ့ တတိယ၊ နော်ဝေက (၁၀)မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေကာ ခြေစစ်ပွဲအောင်မြင်ရေးအတွက် အခွင့်အရေးရှိနေကြပြီး မော်လ်တာ (၃ မှတ်)နဲ့ ဖာရိုးကျွန်းစုများ (၀ မှတ်)ကတော့ ဘာမျှော်လင့်ချက်မှာ မရှိတော့ပါဘူး။



■ ၁၂-၁၀-၂၀၁၉ ရက်နေ့ ကစားသည့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များ ရလဒ်

ဂျော်ဂျီယာ ၀-၀ အိုင်ယာလန်

ဒိန်းမတ် ၁-၀ ဆွစ်ဇာလန်

ဖာရိုးကျွန်းစုများ ၀-၃ ရိုမေးနီးယား

ဘော့စနီးယား ၄-၁ ဖင်လန်

နော်ဝေ ၁-၁ စပိန်

မော်လ်တာ ၀-၄ ဆွီဒင်

လက်ချင်စတိန်း ၁-၁ အာမေးနီးယား

အီတလီ ၂-၀ ဂရိ

 

Most Read

Most Recent