ဘာစီလိုနာအသင်းတောင်ပံကစားသမား ဒမ်ဘီလီသည် ဆီဗီလာအသင်းနှင့်ပွဲတွင် ဒိုင်လူကြီးကို အရမ်းညံ့သည်ဟု ဝေဖန် ပြောကြားသဖြင့် ထုတ်ပယ်ခံခဲ့ရပြီး El Clasico ပွဲ လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
အောက်တိုဘာ ၆ ရက်က နူးကမ့်ကွင်း၌ ဆီဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားသည့်ပွဲ တွင် အိမ်ရှင်အသင်းက လေးဂိုးပြတ်အနိုင်ရပြီး ဒမ်ဘီလီက ၃၅ မိနစ်တွင် တတိယအနိုင် ဂိုး သွင်းယူပေးခဲ့သည်။
သို့သော် ဒမ်ဘီလီ သည် ၈၇ မိနစ်တွင် အသင်းဖော် အာရူယို အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် ဒိုင်လူကြီးကို ကန့်ကွက်ပြောဆိုစဉ် ''အရမ်း ညံ့တယ်။ ခင်ဗျားက အရမ်းညံ့တယ်''ဟု ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ဒိုင်လူကြီး လာဟို့ဇ်က အစောပိုင်းတွင် အဝါကတ်ပြခံရထားပြီးဖြစ်သည့် ဒမ်ဘီလီကို တိုက်ရိုက်အနီကတ်ဖြင့် ထပ်မံထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ပွဲပြီးအစီရင်ခံစာတွင်လည်း ထည့်သွင်းရေးသားထားသည်။
စည်းမျဉ်းအရ ဒိုင်လူကြီးကို စော်ကားမှုပြုလုပ်ပါက အနည်းဆုံးနှစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်ရာ ဒမ်ဘီလီအနေဖြင့် အီဘာနှင့်ပွဲအပြင် ရီးယဲလ်အသင်းနှင့်ကစားရမည့် El Clasico ပွဲကိုပါ လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းမှာမူ ဒမ်ဘီလီအတွက် ဖြေရှင်းချက်ပေး ရန် စီစဉ်နေကြောင်း သိရှိရသည်။
ယင်းအနီကတ်မှာ ၎င်းင်း၏ကစားသမားဘဝတွင် ပထမဆုံးဖြစ်ပြီး ဘာစီလိုနာကစားသမား ဘဝတွင်လည်း အဝါကတ်(၃)ကြိမ်သာ ပြသခံခဲ့ရဖူးသည့် စည်းကမ်းပိုင်းဆိုင်ရာ မှတ်တမ်းကောင်းရှိနေသောကြောင့် ဘာစီလိုနာအသင်းတာဝန်ရှိသူများက ၎င်းင်းအတွက် ဖြေရှင်းချက်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။