အစိုးရအဆိုပြုထားသည့် JICM အစည်းအဝေး ကျင်းပရေး အပါအဝင် တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်မည့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ PPST အစည်းအဝေး ထိုင်းနိုင်ငံတွင် သုံးရက်ကြာ ပြုလုပ်မည်

အစိုးရအဆိုပြုထားသည့် JICM အစည်းအဝေး ကျင်းပရေး အပါအဝင် တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်မည့် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ PPST အစည်းအဝေး ထိုင်းနိုင်ငံတွင် သုံးရက်ကြာ ပြုလုပ်မည်
သြဂုတ်လအတွင်းက  ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးအား တွေ့ရစဉ် (Photo : NCA-S EAO ရုံး)
သြဂုတ်လအတွင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် PPST အစည်းအဝေးအား တွေ့ရစဉ် (Photo : NCA-S EAO ရုံး)
Published 7 October 2019

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အစိုးရဘက်က အဆိုပြုထားသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ NCA-S EAO အဖွဲ့အစည်းများအကြား ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) အစည်းအဝေးအား အောက်တိုဘာ ၈ ရက် နှင့် ၉ ရက်တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင်ပင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးအပြီးတွင် PPST အစည်းအဝေးအား ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

“အစိုးရဘက်က JICM အစည်းအဝေးလုပ်ဖို့ ဆိုပြီးတော့မှ အဆိုပြုထားတယ်။ အောက်တိုဘာလ ၁၅ ရက်တော့ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သီတင်းကျွတ်နဲ့ တိုးနေလို့။ ဒီ ၂၀ ရက် နောက်ပိုင်းမှာ လုပ်ဖို့ဆိုပြီး အစိုးရက အဆိုပြုထားတယ်။ အဲဒါကိုလည်း သူတို့ (NCA-S EAO) က ဆွေးနွေးကြမယ်။ အဲဒီဥစ္စာတွေ ဆွေးနွေးတာတွေကို သဘောတူတယ် ဆိုရင်တော့ ဘာဖြစ်မလဲ ဆိုရင်တော့ JICM အစည်းအဝေး လုပ်ပြီးတော့ သူတို့နှစ်ဖွဲ့က အစိုးရက NRPC ပေါ့။ ဒီဘက်ကလည်း နိုင်ငံရေး ဆွေးနွေးပွဲအဖွဲ့ နှစ်ဖက်က သဘောတူထားတဲ့ ခေါင်းစဉ်တွေကို သူတို့တင်ပြပြီးတော့မှ အတည်ပြုကြလိမ့်မယ် JICM မှာ” ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ အကြံပေး ဦးခွန်းဆေက ပြောကြားသည်။

ထိုသို့ နှစ်ဖက်သဘောတူထားသော ခေါင်းစဉ်များကို JICM အစည်းအဝေးတွင် အတည်ပြုပြီးပါက ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး UPDJC အစည်းအဝေးများမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပြုလုပ်ခဲ့သော အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများမှ သဘောတူညီချက်များရှိပြီး ယင်းသဘော တူညီချက်များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့က PPST အစည်းအဝေးသို့ တင်ပြကာ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ဦးခွန်းဆေက ပြောကြားသည်။

“အစိုးရနဲ့ သူတို့အလွတ်သဘော ဆွေးနွေးပွဲမှာ သဘောတူထားတာရှိတယ်။ ဘာလဲဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အခြေခံမူများ၊ အဆင့်များ ဆိုတာကို သူတို့ကြိုတင်ပြီးတော့ သဘောတူထားပြီးသား ဖြစ်တယ်။ အဲဒီဟာအတွက် သူတို့က အလုပ်ရုံဆွေးနွေးပွဲတွေ တစ်ကြိမ်ပြီးတစ်ကြိမ် လုပ်ပြီးတော့မှ ပြင်ဆင်ထားတယ်။ အဲဒီသူတို့ ပြင်ဆင်ချက်တွေကို သူတို့လာတင်ပြမယ်။ ပြီးလို့ရှိရင် အစိုးရဘက်ကိုလည်း နောက်တစ်ခါ ပြန်ပြီးတော့ ဆွေးနွေးမှာပေါ့။ ဒါကတစ်ခုပေါ့” ဟု ဦးခွန်းဆေက ပြောကြားသည်။

ထိုသို့ တစ်နှစ်နီးပါးခန့် ရပ်တန့်နေ သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရနှင့် NCA-S EAO များအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ကာ အဖြေရှာခဲ့ပြီးနောက် အစိုးရအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ရသည့် JICM အစည်းအဝေး ခေါ်ယူ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည်စတင်ရန် အဆိုပြုထားခြင်းဖြစ်သည်။

 

Most Read

Most Recent