ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲပေးရေးဥပဒေနှင့် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေတို့သည် YRTA မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုမရှိသဖြင့် YRTA အတွက် ဥပဒေ၊ နည်းဥပဒေများ အမြန်ရေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ အကြံပြုထားသည်။
စက်တင်ဘာ ၂၆ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ သတ္တမနေ့ပုံမှန်အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီးဒေသ၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ ဆွေးနွေးချက် အစီရင်ခံစာအား ယင်းကော်မတီအတွင်းရေးမှူး ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်တွင် ဖတ်ကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန် တိုင်းဒေသကြီးဒေသ၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း နောက်ဆက်တွဲ (၁)ပါ တိုင်းဒေသကြီး၏ ရည်းမှန်းချက် (၁၁) ချက်အနက်၊ အပိုဒ်ခွဲ (ည) တွင် ပါရှိသည့် ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲ မှုအာဏာပိုင်အဖွဲ့ (YRTA) ကို ထူထောင်ခဲ့ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ် (YBSES နှင့် YPS ) စနစ်ကို ဆက်လက်ဆောင်ရွက်ရေးနှင့် အပိုဒ်ခွဲ (ဋ) တွင် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျ တွန်းအားပေးဆောင်ရွက်ရေးဟု ဖော်ပြထားကြောင်း အစီရင်ခံစာအား ဖတ်ကြားရာတွင် ဦးကျော်ဇေယျက ထည့်သွင်း ပြောကြားသည်။
“ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က သက်ဆိုင်ရာရေးရာကော်မတီများနဲ့ လွှတ်တော်ကိုယ်စားလှယ်များက အကြုံပြုဆွေးနွေးပြောဆိုခဲ့သည့် YRTA အဖွဲ့ကြီးအတွက် လိုအပ်တဲ့ဥပဒေတစ်ရပ်ကို ယနေ့အချိန်ထိ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ခြင်း မရှိသေးပါဘူး။ တည်ဆဲဥပဒေတစ်ရပ်ဖြစ်တဲ့ ၂၀၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေနဲ့ ၂၀၁၅ ခုနှစ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေများအနေနဲ့ လက်ရှိ YRTA အဖွဲ့က ဆောင်ရွက်နေသော လုပ်ငန်းစဉ်များနဲ့ ကိုက်ညီမှု မရှိပါဘူး” ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွက် လိုအပ်သည့်ဥပဒေနှင့် နည်း ဥပဒေများအား အမြန်ရေးဆွဲရန်၊ ပြည်သူများအနေဖြင့် YPS စနစ် (Yangon Payment Services) ငွေပေးချေရေးကတ်စနစ်များအား အမြန်ဆုံးဆောင်ရွက်ပေးရန် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ အကြံပြုထားသည်။















