သရုပ်ဆောင် အောင်ရဲလင်းနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် အောင်ရဲလင်းနှင့် တွေ့ဆုံခြင်း
Published 24 September 2019
စုမှူးနိုင်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်တဲ့နေရာတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ဦးက အောင်ရဲလင်းပါ။ ၂၀၁၇ ခုနှစ်အတွင်းက စလို့ ရိုက်ကူးမှုတွေအတွက် ဇာတ်လမ်းပိုင်းရွေးချယ်မှုကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ရိုက်ကူးမှုအရေအတွက်တွေကိုလည်း လျှော့ချခဲ့သူဖြစ်ပါတယ်။ စက်တင်ဘာလ ထဲမှာတော့ သူပါဝင်ထားတဲ့ ‘နှလုံးသားတို့ လုံခြုံရာ’ လို့ အမည်ပေးထားတဲ့ ရဲတပ် ဖွဲ့နေ့ဂုဏ်ပြုဇာတ်လမ်းကို ကြည့်ရှုရမှာဖြစ်သလို အောင်ရဲလင်း ပါဝင်ထားတဲ့ ရုပ် ရှင်ဇာတ်ကားတွေလည်း ဒီနှစ်ထဲမှာရုံတင်နိုင်ဖို့ ကြိုးစားနေတာကြောင့် အောင်ရဲလင်းနဲ့တွေ့ဆုံခိုက် သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- အခုနောက်ပိုင်း ပရိသတ်တွေနဲ့ ထိတွေ့မှုနည်းသွားတဲ့ အချိန်ကာလတွေအတွင်းမှာ ဘာတွေလုပ်ဖြစ်နေလဲ ပြောပြပေးပါဦး။

ဖြေ- ဟိုတစ်လောကတော့ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ ‘နှလုံးသားတို့လုံခြုံရာ’ ဆိုတဲ့ဇာတ်လမ်းလေး ရိုက်ကူးထားပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အိမ်မှာပဲ အေးဆေးနေဖြစ်ပါတယ်။

မေး- ကိုယ်တိုင်က ဇာတ်ကားတွေရိုက်ကူးဖို့အတွက် ဇာတ်လမ်းအရမ်းရွေးနေတာဖြစ်တော့ လက်ရှိမှာရော စိတ်ကြိုက်ဖြစ်တဲ့ဇာတ်လမ်းမျိုးတွေ့နေပြီလား။

ဖြေ- ဒီကြားထဲမှာ ကျွန်တော်မရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားချည်းကိုက လေးကားလောက်ရှိတယ်။ အဲဒီဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ကျွန်တော်ကိုယ်တိုင်က အဆင်သင့်မဖြစ်သေးတာကြောင့်လည်းပါသလို ကိုယ့်ရဲ့ဇာတ်ရွေးချယ်မှု ကြောင့်လည်း မရိုက်ဖြစ်ဘဲ ငြင်းခဲ့တာပါ။ ဒါပေမဲ့ နောက်ထပ်လည်း ဇာတ်ကားတွေရိုက်ကူးဖို့ကို ဇာတ်လမ်းရွေးချယ်ပြီးပဲ ရိုက်ကူးမှာပါ။

မေး- အဲဒီလို ဇာတ်ကားရိုက်ကူးမှုနည်းသွားတဲ့အပေါ် ပရိသတ်တွေနဲ့ အဆက်ပြတ်သလို ဖြစ်သွားမှာ မစိုးရိမ်ဘူးလား။

ဖြေ- ဒီနေ့ခေတ်မှာတော့ ပရိသတ်တွေနဲ့ အဆက်ပြတ်တယ်လို့တော့ မရှိ တော့ပါဘူး။ ဘာလို့လဲဆိုတော့ ရုံတွေပေါ်မှာ ကိုယ့်ဇာတ်ကားတွေ ရောက်တယ်၊ မရောက်ဘူးဆိုတာထက် ပရိသတ်တွေနဲ့ အနုပညာရှင်တွေ နီးစပ်မှုက ဆိုရှယ်မီဒီယာတွေပေါ်ကနေလည်း ရှိနေတဲ့အတွက် အဲဒါလေးနဲ့တော့ ဆက် ပြီး ထိန်းထားရတာပေါ့။ ရုပ်ရှင်ဇာတ်ကားကြီးတွေအနေနဲ့ကတော့ ကျွန်တော်ရိုက်ထားတဲ့ ဇာတ်ကားတွေရှိသေးတယ်။ အဲဒီဇာတ်ကားတွေလည်း ရုံတင်ဖို့ရှိတဲ့အတွက် ပရိသတ်တွေနဲ့တော့ အရမ်းကြီးအဆက်မပြတ်မသွားလောက်ဘူး ထင်ပါတယ်။

မေး- အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့အချိန်တွေမှာ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ- အဓိကကတော့ ကျွန်တော် အိမ်မှာနေဖြစ်တဲ့အချိန်တွေမှာ ရုပ်ရှင် တွေကြည့်ဖြစ်တယ်။ ဂိမ်းတွေဆော့ဖြစ်တယ်။ ဒီလောက်ပါပဲ။ အရမ်းကြီး ထွေထွေထူးထူးမရှိပါဘူး။ ရိုက်ကူးရေးတွေရှိတဲ့အခါဆိုရင်လည်း ကျွန်တော့် ဘက်က အကောင်းဆုံးဖြစ်အောင် သေချာစိတ်နှစ်ပြီး ကြိုးစားထားပါတယ်။

မေး-  လတ်တလောမှာ ပရိသတ်တွေကြည့်ခွင့်ရမယ့် ဇာတ်ကားဆိုရင်။

ဖြေ- ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်ကားလေးက ဒီလကုန်ပိုင်းလောက်မှာ ပြည် တွင်းက ရုပ်သံလိုင်းတွေအားလုံးမှာ ထုတ်လွှင့်ပြသဖို့ရှိပါတယ်။ ဒီဇာတ်ကား လေးက ရဲဇာတ်လမ်းမှာမှ ထူးထူးခြားခြားပုံစံမျိုးလေးဖြစ်သလို ဖြစ်ရပ်မှန်တွေကိုအခြေခံ ထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမျိုးက တစ်နှစ်မှတစ်ခါပဲ ကြည့်ရတဲ့ဇာတ်လမ်းဖြစ်သလို ပရိသတ်တွေကြည့်ရတာနှစ်သက်မယ့် ဇာတ်လမ်းလေးလည်း ဖြစ်မှာပါ။

မေး- ကိုယ်တိုင်က ဇာတ်လမ်းရွေးချယ်သူတစ်ယောက်အနေနဲ့ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်းကို ရိုက်ဖြစ်ခဲ့ တာရော ဘာကြောင့်လဲ။

ဖြေ- အဓိကကတော့ ဒီဇာတ်ကားက တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ ဇာတ်ကား ဖြစ်တဲ့အတွက်ကြောင့် လက်ခံရိုက်ကူးဖြစ်တာပါ။ နောက်ပြီး ဒီဇာတ်လမ်းက ပရိသတ်တွေ ကြည့်နေကျ ရဲဇာတ်လမ်းမျိုး၊ လူအများသိနေတဲ့ ရဲဇာတ်လမ်းမျိုးနဲ့လည်း ကွာခြားတဲ့ ဇာတ်လေးပါ။

မေး- ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ ‘နှလုံးသားတို့လုံခြုံရာ’ ဇာတ်လမ်းမှာ ဘယ်လိုဇာတ်ကောင် စရိုက် မျိုးနဲ့ ပါဝင်ထားလဲ။

ဖြေ- အဲဒီဇာတ်ကားမှာ ကျွန်တော်က ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပေမယ့် ယူနီဖောင်းဝတ်ရတာထက် အပြင်ဝတ်နဲ့ လိုက်ဖမ်းရတဲ့ ရဲမျိုးပေါ့။ အဲဒီက နေမှာ အရပ်စကားနဲ့ပြောရင် ရဲရှေ့တန်းလို့ပြောရမယ့် နယ်ခြားစောင့်ကို ရောက်သွားတဲ့ ရဲအရာရှိတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

မေး- အခုချိန်မှာ အနုပညာရှင်အတော်များများက စီးပွားရေးဘက်ကိုလည်း တွဲပြီးလုပ်ကိုင်လာကြတော့ အောင်ရဲလင်းအနေနဲ့ရော လုပ်ဖို့စီစဉ်ထားတဲ့ လုပ်ငန်းတွေရှိလား။

ဖြေ- အဲဒီလိုတော့ မရှိပါဘူး။ လောလောဆယ်မှာတော့ ကျွန်တော့် အနေနဲ့ ရုပ်ရှင်နဲ့ပတ်သက်တာ၊ အနုပညာနဲ့ပတ်သက်တာတွေကို ကိုယ်လုပ်ပြမယ့်ဟာကိုပဲ အဓိကအာရုံထားပြီး လုပ်သွားဖို့ပဲရှိပါတယ်။ အခြားဟာတွေအပေါ်မှာ အာရုံပျံ့တာမျိုးတော့ မရှိပါဘူး။

မေး- ပရိသတ်တွေကြည့်ခွင့်ရတော့မယ့် ရဲတပ်ဖွဲ့နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ ‘နှလုံးသားတို့ လုံခြုံရာ’ ဇာတ်ကားမှာ ဘယ်လိုတွေကြိုးစားခဲ့ရလဲ။ ကိုယ်တိုင်ရော အဲဒီဇာတ်ကားအပေါ် စိတ်ကျေနပ်မှုရှိလား။

ဖြေ-  ‘နှလုံးသားတို့ လုံခြုံရာ’ ဇာတ်လမ်းအပေါ်မှာ ကျွန်တော် အများကြီးကြိုးစားထားပါတယ်။ ပြသတဲ့အချိန်မှာလည်း ပရိသတ်တွေ နှစ်သက်ကြမှာပါ။ ဒီဇာတ်ကားလေးက ပရိသတ်တွေမြင်နေကျ ပုံစံမျိုးနဲ့ ကွဲထွက်တယ်။ ရဲဇာတ်လမ်းတွေ အတော်များများက ဖမ်းဆီးတာ ပဲပါတာလေ။ စစ်ဖြစ်ပြီး တိုက်ရတာမျိုးမပါဘူး။ ဒီဇာတ်လမ်းမှာတော့ တကယ့်ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ စစ်တိုက်ရတာတွေလည်း ပါတယ်။ တကယ့်ဖြစ်ရပ်မှန်တုန်းက အတိုင်းပဲဖြစ်အောင် ဆက်တင်တွေဆောက်ပြီးတော့လည်း သေချာရိုက်ကူးထားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဇာတ်ထဲမှာ ကျွန်တော့်ပါဝင်ရတဲ့ ဇာတ်ကောင်ရဲ့ အပြင်မှာတကယ်ရှိတဲ့ ရဲဗိုလ်လေးနဲ့တွေ့ပြီး စကားပြောတယ်။ ဇာတ်ကားအတွက် တိုင်ပင်တယ်။ ဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာလည်း အဲဒီဗိုလ်လေးက ရိုက်ကွင်းပေါ်မှာရှိနေတဲ့အတွက် ဘာမှ အမှားအယွင်းမရှိအောင် သူ့ကိုတိုင်ပင်ပြီး ရိုက်ကူးဖြစ်ခဲ့ပါတယ်။

မေး- အောင်ရဲလင်းရဲ့ ဇာတ်ကားတွေကိုမျှော်နေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာရှိရင်။

ဖြေ- ကျွန်တော် ကြိုးကြိုးစားစား သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း ဒီနှစ်ထဲမှာရော နောက်နှစ်ထဲမှာပါ ရုံတင်ပြသခွင့်ရဖို့ ကြိုးစားနေတာရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပိုပြီးအောင်မြင်ဖို့ထက်  ပိုပြီးကောင်းအောင်ပဲ ကြိုးစားနေပါတယ်။ အားပေးနေတဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။                    

Most Read

Most Recent