■ အစိုးရက တာဝန်ယူရမဲ့ အခွန်လွတ်ငြိမ်းခွင့် Tax Amnesty
မြန်မာ့စီးပွားရေးဟာ အသက်ကယ်ဆေးထိုးဖို့လိုအပ်နေပြီဆိုတဲ့ အယူအဆနဲ့ လုပ်ဆောင်လာတဲ့ Tax Amnesty ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပြီးတဲ့နောက်မှာ ငွေမည်းတွေဝင်မလာဖို့၊ အကြမ်းဖက်မှုကို ထောက်ပံ့ငွေကြေးတွေ စီးဝင်မလာဖို့၊ အိမ်ခြံမြေကို လက်ဝါးကြီးအုပ်စျေးကစားမှုတွေ ထိန်းကျောင်းနိုင်ဖို့ အခြေအနေတွေက မဖြစ်မနေလိုအပ်လာပါတယ်။
၂၀၁၈ ခုနှစ်က ကြိုးပမ်းမှုထက် ခဝါချနိုင်တဲ့နေရာ နည်းပါးတယ်ဆိုပေမဲ့ အခြေပစ္စည်းဝယ်ယူမှုတွေနဲ့ လုပ်ငန်းသစ်တွေ ထူထောင်ရာမှာ၊ လုပ်ငန်းတိုးချဲ့ရာမှာ ကြပ်မတ်မှု မရှိနိုင်ရင် အဓိကတာဝန်အရှိ ဆုံးဌာနဟာ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလို့ ဆိုရမှာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒီ Tax Amnesty ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြည် ထောင်စုအစိုးရအဖွဲ့က ကြိုးပမ်းလာတာဖြစ်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနက တင်ပြတာနဲ့ အကောင်အထည်ပေါ်ပေးရုံအဆင့် ပဲ ရှိနေတာမို့လို့ ပြည်ထောင်စုလွှတ် တော်က အတည်ပြုပေးလိုက်တဲ့ Tax Amnesty က ဘေးထွက်ဆိုးကျိုးကို အဓိက တာဝန်ယူရမှာက အစိုးရအဖွဲ့ပါ။
အစိုးရအဖွဲ့က ကြိုးပမ်းလာတာကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာနက တင်ပြလာပြီး ကန့်ကွက် မှုတွေရှိပေမဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ဒီအခွန်လွတ်ငြိမ်းခွင့် Tax Amnesty ဟာ အခွန်ကို အမှန်တကယ်ထမ်းဆောင်နေရတဲ့ ပြည်သူတွေအတွက်တော့ မျှတမှုကို ဆောင်ကြဉ်းပေးနိုင်မှုမရှိ ဘဲ အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း အခွန်ရှောင်ရင် သုံးရာခိုင်နှုန်းဆိုတဲ့မူကို ပြောစမှတ်တွင်စေခဲ့လို့ပါ။
နှစ်ရှည်လများ အခွန်ထမ်းခဲ့ သူတွေ၊ တာဝန်သိပြည်သူတွေ၊ နိုင်ငံ့သားကောင်း လစာဝင်ငွေထမ်းတွေဟာ အရင်ကဝင်ငွေခွန်အတိုင်းပဲ၂၅ ရာခိုင်နှုန်းနဲ့ အခွန်ဆက်ပြီး ထမ်းရမယ့်အခြေအနေမှာ အခွန်ရှောင်ခဲ့တဲ့ သူတွေကတော့ တစ်ကျပ်က သိန်း ၁၀၀၀ အထိမှ အခွန်နှုန်း သုံးရာခိုင်နှုန်းပဲ ပေးရတော့မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် လစာဝင်ငွေခွန်က တစ်နှစ်သိန်း ၃၀၀ ကျော်ရနေတဲ့ တာဝန်သိအခွန်ထမ်းဟာ ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းအတွက် ၇၅ သိန်း တိုင်းပြည်ကို ပေးဆောင်နေရချိန်မှာ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ဝင် ငွေခွန်အောက် ရောက်သွားတဲ့ အခွန် ရှောင်သူကတော့ ကျပ်သိန်း ၃၀၀ ကျော်အတွက် ကိုးသိန်းလောက်ပဲ ဆောင်ရတော့မှာဖြစ်ပြီး ကျပ်သိန်း ၁၀၀၀ အတွက်ကိုမှ သိန်း ၃၀ ပဲ အ ခွန်ဆောင်ရတော့မှာဖြစ်လို့ မျှတမှု မရှိတဲ့ဖြစ်ရပ်ဆိုတာကို ဘယ်သူမှ ငြင်းဆိုနိုင်မယ် မထင်ပါဘူး။
■ လွတ်တော်မှာ ဘယ်လိုကန့်ကွက်ခဲ့သလဲ
အစိုးရမှာ တာဝန်ရှိမှုပြီးရင် ဒုတိယ တာဝန်ယူရမှာက ပြည် ထောင်စုလွှတ်တော်ပါ။ ဘာကြောင့်လဲဆိုရင် ကန့်ကွက်မှုတွေ ရှိနေ ခဲ့တဲ့ကြားက အခွန်လွတ်ငြိမ်းခွင့် Tax Amnesty ကို အတည်ပြုပေးခဲ့တာကြောင့်ပါ။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာနက တင်ပြလာစဉ်မှာ ဝင်ငွေအလွှာလေးလွှာနဲ့ပဲ တင်ပြခဲ့တာဖြစ် ပေမယ့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တာကတော့ ပြည် ထောင်စုလွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီရဲ့ ပြင်ဆင်ချက်အတိုင်း ဝင်ငွေအလွှာငါးလွှာနဲ့ အတည် ပြုလိုက်တာ ပါ။ လက်ရှိအတည်ပြု လိုက်တဲ့ စည်းကြပ်မှု ကလွတ်ကင်းနေတဲ့ အခွန်အပေါ် ကောက်ခံ သွားမယ့်ဝင်ငွေခွန်နှုန်းတွေက ၁ ကျပ်ကနေ ကျပ် သိန်း ၁၀၀၀ အထိ အခွန်သုံးရာခိုင်နှုန်း ကျပ် ၁၀,၀၀၀,၀၀၁ က ကျပ်သိန်း ၃၀၀၀ အထိကို အခွန်နှုန်း ငါးရာခိုင်နှုန်း ၊ ကျပ် ၃၀၀,၀၀၀,၀၀၁ ကနေ ကျပ် သိန်း ၁၀၀၀၀ အထိကို အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀, ၀၀၀,၀၀၁ အထက်ကနေ ကျပ်သိန်း ၃၀၀၀၀ အထိကို အခွန် ၁၅ ရာ ခိုင်နှုန်း နဲ့ ကျပ်သိန်း ၃၀၀၀၀ အထက်ကို အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ အတည်ပြုခဲ့တာပါ ။ ဒီလိုအတည်ပြုပေမယ့်လည်း တကယ်တမ်းမှာတော့ တန်ဖိုးလျှော့ပြပြီးပဲဖြစ်ဖြစ် အမည်အမျိုးမျိုးနဲ့ အလီလီခွဲပြီးပဲဖြစ်ဖြစ် အောက်ဆုံး နှစ်လွှာမှာပဲ တိုးဝင်လာမှာဖြစ် တယ် လို့ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၈) က လွှတ်တော်ကိုယ်စားလှယ် ဦး မျိုးဝင်းက ပြည်ထောင်စုလွှတ်တော် မှာဆွေးနွေးချိန်မှာ ပြောကြားပါတယ်။
“(၁) အချက်က ဒီဟာကို ဘာကြောင့် လုပ်တာလဲ။ နိုင်ငံအတွက်လား။ ပြည်သူအတွက်လား။ ဒီဟာကို မလုပ်ရင် မဖြစ်ဘူးဆို တဲ့အခြေ အနေမျိုးဖြစ်နေလို့လား။ ဒါကိုခိုင် ခိုင်လုံလုံရှင်းပြနိုင်ရင် ကျွန်တော် ကန့်ကွက်စရာအကြောင်း မရှိပါဘူး။ အပြင်မှာကောလာဟလတွေ အမျိုးမျိုးထွက်နေပေမဲ့ လွှတ်တော် ကြီးထဲမှာ အဲဒီဟာနဲ့ ပတ်သက်ပြီး လာရှင်းပြတာကို မကြားမိပါဘူး။ ဒီ အချက်က ဒီ Program ကို ခိုင်မာ သေချာတဲ့အကြောင်းအချက်အပေါ်မှာ အခြေခံမထားဘူးဆိုတာ ပြနေတာပါ။ (၂) အချက်က ဒီ Program ကို လုပ်ခြင်းအားဖြင့် ဘယ်အလွှာမှာ လူဘယ် လောက်လောက် ပါဝင်လာပြီး အဲဒီကနေ နိုင်ငံအတွက် အခွန်ဘယ်လောက်ရမယ်ဆိုတာ ကြိုတင်တွက်ဆထားမှုလည်း မရှိပြန်ပါဘူး။ ဘယ်အလုပ်မဆို သေချာတွက်ချက်ထားရတဲ့ ရည်မှန်းချက်ရှိရပါတယ်။ ဒီဟာလုပ် လိုက်ရင်တော့ စီးပွားရေးပြန်တက် လာမှာပဲလို့ဆိုတဲ့ စိတ်ကူးလောက်နဲ့ စမ်းတဝါးဝါး မလျှောက်စေချင်ပါ ဘူး။ ဒီပြဋ္ဌာန်းချက်လောက်နဲ့ပဲဆို ရင်တန်ဖိုးလျှော့ပြပြီးပဲဖြစ် ဖြစ် အမည်အမျိုးမျိုးနဲ့ အလီလီခွဲပြီးပဲ ဖြစ်ဖြစ် အောက်ဆုံးနှစ်လွှာမှာပဲ တိုးဝင်လာမှာ ဖြစ်ပါတယ်။ နံပါတ် (၃)အချက်က ဒီအစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပါတယ်။ အခုအစီအစဉ်က အခွန်အများကြီး ရချင်ရမယ်။ အောင်မြင်ချင်အောင် မြင်ပါမယ်။ ဒီလိုဖြစ်ခဲ့ရင် လိုက်ပါ လာမယ့် အိမ်ခြံမြေစျေးကစားမှုနဲ့ ငွေဖောင်းပွမှုပြဿနာကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာရယ် တကယ် လို့ မအောင်မြင်ခဲ့ရင် နောင်ဘာတွေ ဆက်လုပ်မယ်ဆိုတဲ့အစီအစဉ် ဘာတစ်ခုမှ ကြိုတင်စီစဉ်မထား တာကို တွေ့ရပါတယ်။ အခြားပြောစရာအချက်တွေအများကြီးရှိပါ သေးတယ်။ ဒါမျိုးကို အရင်ခေတ်အ ခါက အကြိမ်ကြိမ်လုပ်ခဲ့ဖူးတော့ ဒီအရသာကို ခံစားခဲ့ကြဖူးသူတွေဟာ ဒီဥပဒေလွှတ်တော်တင်ချိန်နဲ့ ကိုက်ပြီး ဒီပုဒ်မပါလာအောင် နှစ်စဉ် နည်းအမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒီအခွန်နှုန်းကို အသုံးချပြီး မိမိအကျိုးစီးပွားအတွက်သာ ရည် ရွယ်ရင်းဖြစ်ပါတယ်။ ဒါတွေရဲ့ အကျိုး ဆက်က ငွေဖောင်းပွမှုဖြစ်စေပါ တယ်။ အရှေ့တောင်အာရှမှာ ကုန်းမြေအကျယ်ဆုံးတိုင်းပြည်မှာ ငွေစျေးတွေအမြင့်ဆုံးဖြစ်စေပါတယ်။ FDI တွေ နောက်ဆုတ်ပါတယ်။ Samsung ကုမ္ပဏီ ဗီယက်နမ်ကို ရောက်သွားတဲ့ကိစ္စမှာ ဒီမြေကြီးကိစ္စ လည်းပါတယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ နောက်ဆုံးအနေနဲ့တင် ပြလိုတာက ဒါပေးလိုက်လို့လည်း တိုင်းပြည်စီးပွားရေးကို ဆွဲ တင်နိုင်မယ်လို့ ကျွန်တော်မမြင်ပါဘူး။ အကျိုးရလဒ် မည်မည်ရရ မရှိဘဲ နိုင်ငံ တကာ က ဝေဖန်ခံရတာပဲ အဖတ်တင်ကျန်ခဲ့လိုက်မှာ အင်မတန်စိုးပါတယ်။ အရင်ကလိုပဲ ထပ်လုပ်ရင် အရင်အတိုင်းပဲထပ်ဖြစ်မှာကလွဲပြီး ဘာမှထပ်ဖြစ်လာမှာမဟုတ်ပါဘူး” လို့ ဦးမျိုးဝင်းက ပြောကြားပါတယ်။
ဦးမျိုးဝင်းရဲ့ ပြောကြားချက်အရ အခွန်လွတ်ငြိမ်းခွင့်ကို အရင်ခေတ်တွေမှာလည်း အကြိမ်ကြိမ် လုပ်ခဲ့ဖူးတော့ ဒီအရသာကိုခံစားခဲ့ ကြဖူးသူတွေက အခွန်အကောက် ဥပဒေကြမ်းလွှတ်တော်တင်ချိန်နဲ့ကိုက်ပြီး Tax Amnesty ပုဒ်မပါလာအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစား ကြတယ်ဆိုတဲ့စကားဟာ စိတ်ဝင်စားဖို့ကောင်းပြီး ဒီလိုနည်းအမျိုးမျိုးနဲ့ကြိုးစားတဲ့အထဲမှာ အဂတိပါ နေမလား။ ခြစားမှုရှိနေမလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
ဒါမျိုးကို အရင်ခေတ်အခါက အကြိမ်ကြိမ် လုပ်ခဲ့ဖူးတော့ ဒီအရသာကို ခံစားခဲ့ကြဖူးသူတွေဟာ ဒီဥပဒေ
လွှတ်တော်တင်ချိန်နဲ့ကိုက်ပြီး ဒီပုဒ်မပါလာအောင် နှစ်စဉ်နည်းအမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒီအခွန်နှုန်းကို အသုံးချပြီး မိမိ အကျိုးစီးပွားအတွက်သာ ရည်ရွယ်ရင်းဖြစ်ပါတယ်။ ဒါတွေရဲ့အကျိုးဆက်ကငွေဖောင်းပွမှုဖြစ်စေပါတယ် . . .
အခြားသောအချက်အနေနဲ့ ဦးမျိုးဝင်း ထောက်ပြတဲ့အထဲက ငွေကြေးဖောင်းပွမှု ပြဿနာပါ။ ၂၀၂၀ ရွေးကောက်ပွဲရှိတဲ့ နှစ်မှာ NLD အစိုးရဟာ စံချိန်တင်များပြားတဲ့ ဘတ်ဂျက်ကိုသုံးတော့မှာ ဖြစ်ပါတယ်။ ဒီလို စံချိန်တင်များပြားတဲ့ဘတ်ဂျက်သုံးမှာဖြစ်လို့ လိုငွေကလည်း စံချိန်တင်ပြီး ကျပ်ဘီလျံ ၇၀၀၀ နီးပါးရှိနေပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူ အသစ်တွေကိုလည်း ရိုက်ထုတ်ဖြန့် ချိဦးမှာဖြစ်သလို FDI ကလည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လျှော့ချမျှော်မှန်းထားတဲ့ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ ပြည့်မီဖို့တောင် ဒေါ်လာ တစ်ဘီလျံခွဲလောက် လိုနေချိန်မှာ အိမ်၊ ခြံ၊ မြေတွေ ကားတွေစတဲ့ အခြေပစ္စည်းဝယ်ယူမှုတွေဟာ စျေးကစားမှုသာပါလာရင် ကျပ်ငွေတန် ဖိုးထိုးကျပြီး ပြည်သူတွေ အကျပ် အတည်းတွေ့မယ့်အခြေအနေ ရောက်လာမှာ အသေအချာပါ။ လက်ရှိ အခြေအနေမှာဆိုရင်ကို ၂၀၁၉ ခုနှစ် ဇူလိုင်မှာ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင် နှုန်းရှိပြီး ပြီးခဲ့တဲ့ဇွန်လမှာ ဖြစ်ပေါ် ခဲ့တဲ့ ငွေကြေးဖောင်းပွမှုနှုန်းထက် ရာ ခိုင်နှုန်း အနည်းငယ်ဆက်လက် မြင့်တက်လာတဲ့အပြင် ငွေကြေး ဖောင်းပွမှုနှုန်းက ၁၆ လ ဆက်တိုက် မြင့်တက်နေတဲ့ အခြေအနေပါ။ ဒီလိုမျိုး ဆိုးရွားနေတဲ့အခြေအနေအ ပေါ်ကို အိမ်ခြံမြေစျေးကစားမှုနဲ့ ငွေမည်းတွေသာ လှိမ့်ဝင်လာရင် ခံရမှာကတော့ အခြေခံလူတန်းစားတွေနဲ့ အောက်ခြေပြည်သူတွေပဲဆိုတာ ယုံမှားသံသယဖြစ်ဖွယ်မရှိပါဘူး။
“ အပိုဒ် ၂၅ မှာဆိုရင် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေ အခွန်နှုန်း ရာခိုင်နှုန်း ၃၀ အထိ စည်းကြပ်ရမယ်ပြောထားပြီး အဲဒီ အထဲအပိုဒ်ထဲမှာပဲ သက်သာခွင့် ရာခိုင်နှုန်းတွေ ပြန်ထည့်ထားတာ ဖြစ်ပါတယ်။ ဥပဒေသဘောအရဆို ရင် ၃၀ ရာခိုင်နှုန်းစည်း ကြပ်ရမှာကို သက်သာခွင့်ရာခိုင်နှုန်းက လွှမ်းမိုး မယ့်သဘောဖြစ်ပါတယ်။ ကျွန်တော် တို့ ၂၀၁၅-၂၀၁၆ အခွန်အကောက် ဥပဒေကို ပြန်ကြည့်မယ်ဆိုရင် ရာခိုင်နှုန်းတွေ ခပ်ပြင်းပြင်းလျှော့ပြီး စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေသက်သာခွင့်တွေပေးထား တာတွေ့ရမှာပါ။ သို့ပေမဲ့ အခွန်ရ ငွေက ကျပ်ငွေရှစ်ဘီလျံလောက်သာ ရတာဖြစ်ပါတယ်။ ပျမ်းမျှတိုးတက် မှုနဲ့ကြည့်မယ်ဆိုရင် ကျပ်ငွေ ၄၀၀ ဘီလျံလောက်သာ တိုးရလာတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ ဘာလဲဆိုရင် အခွန်ရှောင်သူတွေဟာ ဥပဒေသက်ရောက်တဲ့တစ်နှစ်တာ ကုန်ဆုံးပြီးတဲ့အချိန်မှာ အခွန် အာဏာပိုင်တွေရဲ့ ဖော်ထုတ် အရေးယူနိုင်တဲ့ စွမ်းအားမရှိသေးတာကို သိပြီး ကင်းလွတ်သက်သာခွင့်ပေးတဲ့ ရာခိုင်နှုန်းအပေါ်မှာတောင် ဖော်ထုတ်ကြေညာချင်စိတ်မရှိတာဘဲ ဖြစ်ပါတယ်။ အခုဆိုရင် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေဟာ ပြဋ္ဌာန်းပြီးဖြစ်ပေမဲ့ အတည်မဖြစ်သေးသလို အပိုဒ် ၂၅ ပါအတိုင်း လုပ်ခဲ့မယ်ဆို ရင် တစ်နှစ်လောက်စောင့်ပြီးမှ အခွန်ရှောင်သူတွေကို အရေးယူလို့ ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ရင် အပိုဒ် ၂၅ အရကို အခွင့်အရေး ပေးထားပြီးသားဖြစ်နေလို့ပါ။ အခု လို သက်သာခွင့်ပေးဖို့ ဆောင်ရွက်တဲ့အခါမှာ ဥပဒေအရ အရေးအကြီး ဆုံးဖြစ်တဲ့ သက်သာခွင့်ကာလကို ကာလတိုထားရှိပြီးတော့ ဥပဒေအရ အခွန်ရှောင်သူတွေကို ထိန်း ကျောင်းခြိမ်းခြောက်နိုင်တဲ့ အစီ အမံတွေ၊ နောက်ပြီးဝင်လာစေမယ့် မက်လုံး သက်သာ ခွင့်ရာခိုင်နှုန်းတွေ ဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အခြေခံသဘောတရားတောင်ပါမလာပါဘူး။ ကိုယ်ကပေးလိုက်ရတဲ့ အခွန်ပေါ်မှာ ပြန်ပြီးယုံကြည်မှုကျဆင်းမှု နဲ့ ပြန်ရလာမယ့်အကျိုးကျေးဇူးကို ကျွန်တော်တို့က ချိန်ဆရမှာ ဖြစ်ပါတယ်။ အခွန်စနစ်ကိုကောင်းမွန်စေချင်ရင် ဒီလိုပြဋ္ဌာန်းမှုမျိုးဟာ ခဏခဏနှစ်စဉ်ပြဋ္ဌာန်းလို့ ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ အခုလို မပြည့် မစုံ ပြဋ္ဌာန်းတဲ့အခါမှာ နောက်နှစ် တွေအပေါ်ကို အကျိုးဆက်က သွား မှာဖြစ်ပါတယ်။ အဲဒီတော့ ဝန်ကြီး ဌာန က တုံ့ပြန်လာစရာရှိပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ ငွေ ရေးကြေးရေးအဖွဲ့အစည်းတွေက Tax Amnesty လုပ်လိုက်ရင် ထောက်ပြလာမဲ့ Impact တွေ နိုင်ငံရဲ့ Index တွေ ကျမယ်ဆိုတာပါ။ အခုကိစ္စကို Tax Amnesty မဟုတ် ဘူးလို့ပြောရင် နိုင်ငံတကာက ယုံမှာ မဟုတ်ပါဘူး။ ဒီတော့ နိုင်ငံတကာမှာလည်း ကိုယ့်နိုင်ငံရဲ့ အခြေအနေ အရ လုပ်ကြတာ အများအပြားပါ။ နောက်ပြီးဝန်ကြီးဌာနရဲ့ တင်ပြမှု တစ်ခုမှာဆိုရင် ဝင်ငွေခွန်ဥပဒေသစ် ပြဋ္ဌာန်းတဲ့အခါကျရင် စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေ ပုဒ်မပါလာမှာ မဟုတ်တော့ဘူးဆို ပြီး Annual Tax Law မှာ နောက်ဆုံးဖြစ်တဲ့ အယူအဆကလည်း တော်တော်လွဲပါတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ အခြေအနေအရ ကျွန်တော်တို့က လုပ်သင့်ရင် လုပ်ရဦး မှာဖြစ်ပါတယ်။ အခုလို အပိုဒ် ၂၅ ပုံစံနဲ့ဆိုရင် တည်ငြိမ်နေတဲ့ ပုံမှန်ဝင် ငွေဟာ လာမယ့်နှစ်တွေမှာ ကျဆင်း သွားစေမှာဖြစ်ပါတယ်။ Disclosure တချို့ဟာ သုံးရာခိုင်နှုန်း၊ ငါးရာခိုင် နှုန်းနဲ့ ဖော်ထုတ်ကြေညာမှာဖြစ်ပါ တယ်။ သို့သော် Disclosure တော်တော်များများက နောင်အခါမှာ ဘယ်လိုအရေးယူမှုမျိုးတွေကို သတိထားမလဲ။ ဘယ်လောက်အတိုင်းအတာအထိ စိုးရိမ်မလဲဆိုတာ သုံးသပ်ပြီးမှဖော်ထုတ်ကြေညာမှာဖြစ်ပါ တယ်” လို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) က ဒေါက်တာပြည့်ဖြိုးက ပြောကြားပါတယ်။
■ ပြည်တွင်းအခွန်များဦးစီးဌာန ဘာလုပ်မလဲ
Tax Amnesty ကို အကောင်အထည်ဖော်မယ်ဆိုရင် ပြည်တွင်း အခွန်များဦးစီးဌာနရဲ့ လုပ်ဆောင် မှုနဲ့တင် လုံလောက်မှာမဟုတ်ပါ ဘူး။ ဒါ့အပြင် အဂတိဝင်လာနိုင်တဲ့ အခြေအနေရှိနေသလို အခွန်အာ ဏာပိုင်တွေရဲ့ ဖော်ထုတ်အရေးယူနိုင်စွမ်းအားက နည်းပါးတာကြောင့်လည်း ဥပဒေပါ ကန့်သတ်ချက်ဖြစ် တဲ့ တရားမဝင်ရရှိတဲ့ ပစ္စည်းတွေပိုင် ဆိုင်တာ၊ ရောင်းဝယ်တာ၊ ငွေကြေး ခဝါချမှုကိစ္စရပ်တွေက ရလာတဲ့ ငွေတွေကို ဖော်ထုတ်အရေးယူဖို့ အပြင် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့နေသူတွေကိုပါ ဖော် ထုတ်ဖို့ လိုအပ်လာပါတယ်။
ဥပမာအားဖြင့် စင်ကာပူနိုင်ငံ ကနေပြီး AA လက်နက်ကိုင်အဖွဲ့ကို ငွေကြေးတွေ ထောက်ပံ့လို့ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ဖြစ်စဉ်ကို ပြန်ကြည့် မယ်ဆိုရင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေ တဲ့ စာအရ AA ကို ငွေကြေးထောက်ပံ့သူ ၁၆၄ ဦးရှိပါတယ်။ AA အဖွဲ့ အင်အားကောင်းလာတာဟာ လေးနှစ်ကျော် ငါးနှစ်ပဲရှိနေသေးလို့ စင်ကာပူကနေ AA ဆီကို ငွေကြေးတွေ ထောက်ပ့ံနေတာကလည်း လေးနှစ်ကျော် ငါးနှစ်မကတော့ဘဲ စတင် ပေါ်စဉ်ကတည်းကဆို ဆယ်စုနှစ် တစ်စုနီးပါး AA ဆီကို ပြည်ပနိုင်ငံ တွေကနေ ငွေကြေးထောက်ပ့ံနေတာပါ။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့ စည်းလာတာက လေးနှစ်ကျော်ငါး နှစ်ဆိုပေမယ့် AA လက်နက်ကိုင် အဖွဲ့ကို စင်ကာပူကနေ ငွေကြေး ထောက်ပံ့နေတာကို စစ်ဆေးဖော်ထုတ်နိုင်စွမ်းမရှိခဲ့ဘဲ စင်ကာပူအစိုးရက ဖမ်းပေးမှသာ AA ကို ငွေကြေးတွေ ထောက်ပံ့နေသူ ၂၀၀ နီးပါးရှိနေတယ်ဆိုတာကို သိရှိပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ခဲ့တာပါ။ ဒါဟာ AA လက်နက် ကိုင် တစ်ဖွဲ့ကိုပဲ ငွေကြေးစီးဝင်မှုနမူနာဖြစ်ပြီး တခြားလက်နက်ကိုင်တွေဆီ ဘယ်လောက်အထိ ငွေကြေး တွေစီးဝင်နေသလဲ။ ဘာသာရေး အကဲဆတ်ပြီး ရခိုင်ပဋိပက္ခဖြစ်ပွား နေတဲ့ မြန်မာနိုင်ငံဆီ ဘယ်လို အ ကြမ်းဖက်အဖွဲ့အစည်းတွေက ငွေ ကြေးတွေ ထောက်ပ့ံနေသလဲဆိုတာ ဖော်ထုတ်နိုင်မှု မမြင်ရသေးသလို မရှိပါဘူးလို့လည်း ငြင်းဆိုနိုင်မှု မရှိသေးချိန်မှာ ဒီ Tax Amnesty ဟာ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပ့ံသူတွေရဲ့ အားသာချက် ဖြစ်မသွားဖို့ အရေးကြီးပါတယ်။
Tax Amnesty ကို မဖြစ်မနေ ပေးပြီးပြီဖြစ်တဲ့အတွက် လက်ရှိ အချိန်မှာ ကိုယ့်နိုင်ငံဆီ ဆိုးကျိုးတွေ စုပုံမလာဖို့ဘဲ ကြိုးပမ်းရတော့မှာ ဖြစ်ပြီး မဖြစ်မနေ ထိန်းကျောင်းနိုင် ဖို့ လုပ်ဆောင်သင့်တဲ့အခြေအနေ တွေက အိမ်ခြံမြေမှာ အလွန်အကျွံ စျေးကစားမှုဖြစ်မလာဖို့၊ အခွန်ပုံမှန် ထမ်းနေတဲ့ နိုင်ငံသားကောင်းတွေ ဆီမှာ အခွန်ရှောင်လိုစိတ်တွေ ဖြစ်မလာအောင် အခွန်ထမ်းအခွင့် အရေးတွေ အပြည့်အဝပေးဖို့ လိုအပ်တဲ့စံနှုန်းတွေ နိုင်ငံတကာနည်း တူ သတ်မှတ်ပြဋ္ဌာန်းဖို့၊ အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့တွေ ရဲ့ ငွေကြေး ထောက်ပံံ့မှုမျိုးစီးဝင်မလာဖို့အပြင် စင်ကာပူကဖမ်းဆီးပြီး မြန်မာနိုင်ငံ ပြန်လွှတ်လို့သာ သိခွင့်ရတဲ့ AA အဖွဲ့ ကို ငွေကြေးထောက်ပံ့မှုမျိုး တခြား လက်နက်ကိုင်တွေဆီ စီးဝင်ထောက်ပ့ံမလာနိုင်အောင် စုံစမ်းစစ်ဆေးတား ဆီးဖို့၊ တရားမဝင်ရရှိတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်တာ၊ ရောင်းဝယ်တာ၊ ငွေ ကြေးခဝါချမှုကိစ္စရပ်တွေက ရလာတဲ့ငွေတွေဆိုတာ စုံစမ်းစစ်ဆေးဖို့ ထောက်လှမ်းဖို့ လိုအပ်တဲ့ ယန္တရား တွေ အသင့်ဖြစ်ဖို့ပဲ အမြန်ဆုံး လုပ်ဆောင်ရတော့မှာပါ။ ဒါတွေသာ မလုပ်ဆောင်နိုင်ရင်တော့ အောက် တိုဘာ ၁ ရက်မှာ စတင်မယ့် Tax Amnesty ဟာ မြန်မာနိုင်ငံကို ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ စု ပြုံပေးပါလိမ့်မယ်။
■ ထောင်ခုနစ်နှစ်အထိ ချနိုင်မယ့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေနဲ့ Tax Amnesty ကြားက ၀ိရောဓိ
အောက်တိုဘာ ၁ ရက်မှာ အခွန်လွတ်ငြိမ်းခွင့် Tax Amnesty က စတင်အသက်ဝင်မှာဖြစ်သလို အခွန်ရှောင်သူတွေကို စပြီးအရေး ယူမယ့် ထောင်ခုနစ်နှစ်အထိ ချနိုင် မယ့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေက အသက်ဝင်မှာဖြစ်ပါတယ်။
တစ်သက်လုံးက အခွန်ရှောင် ခဲ့တဲ့သူတွေ၊ အခွန်ရှောင်ခဲ့တဲ့ငွေ တွေ၊ မူးယစ်ဆေးဝါးက ရလာနိုင်တဲ့ ငွေမည်းတွေ၊ ကျောက်စိမ်းမှောင်ခိုနဲ့ ပြီးခဲ့တဲ့စစ်အစိုးရလက်ထက်မှာ ပြည်ပကို ခိုးထုတ်သွားနိုင်ခြေရှိတဲ့ တိုင်းပြည်ဘဏ္ဍာတွေ၊ အိမ်ခြံမြေ စျေးကို ကစားပြီး မြန်မာ့မြေစျေးကို ကမ္ဘာမှာစျေးအကြီးဆုံး စာရင်းဝင် ဖြစ်အောင် လုပ်ဆောင်ခဲ့သူတွေဟာ NLD အစိုးရရဲ့ နောက်ဆုံးသက်တမ်း တစ်နှစ်အလိုမှာ ဒီလိုငွေမည်း တွေကို ငွေဖြူဖြစ်အောင်လုပ်ပေးမယ့် ကြိုးပမ်းမှုက အောင်မြင်ခဲ့ပြီဖြစ်ပေမယ့် နောက်ဆုံးသော အတား အဆီးက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပဲဖြစ်ပါတယ်။ ဒီဥပဒေမှာ ဆိုရင် လူ တစ်ယောက်အခွန်ရှောင်မှု၊ အခွန်ဆောင်ဖို့ ပျက်ကွက်မှုကို ၁၂ လအတွင်း သိတာပဲဖြစ်ဖြစ်၊ ၁၂ လ အတွင်း မသိခဲ့ဘဲ နောက်ကျပြီးသိ ရင်လည်း ပြည်တွင်းအခွန်များဦးစီး ဌာန ညွှန်ကြားရေးမှူးက သိရှိပြီး သုံးနှစ်အတွင်းမှာ တရားစွဲဆိုနိုင် တယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် အခွန်ရှောင်ထားသူတွေအတွက် တော့ Tax Amnesty ဟာ “ပစ်ရမှာ လည်း အဆီနဲ့ ဝင်းဝင်း၊ စားရမှာလည်း သဲနဲ့ရှပ်ရှပ်” ဖြစ်နေပါတယ်။
ကန့်သတ်ချက်၊ လေ့လာမှု၊ ကြို တင်ပြင်ဆင်မှုမရှိဘဲ ဥပဒေတစ်ခု ပြဋ္ဌာန်းပြီး မျှတတဲ့ Tax Amnesty မလုပ်ဘဲ အလောသုံးဆယ် ပြဋ္ဌာန်းခဲ့တယ်လို့ယူဆရတဲ့ အခွန်လွတ်ငြိမ်းခွင့်ကို ထိထိရောက်ရောက် တား ဆီးနိုင်မယ့် အခြေအနေဟာ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေပဲ ရှိတော့တာပါ။
အခွန်လွတ်ငြိမ်းခွင့်ရပြီဆိုပြီး လာတဲ့ သူတွေကို စနစ်တကျစာရင်း ပြုစုပြီး ဒီလူတွေလာထမ်းတဲ့ အခွန် စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေဟာ သဘောရိုးနဲ့ အခွန်ထမ်းဖို့ ပျက်ကွက်ခဲ့တာလား။ အိမ်ခြံမြေ အခြေပစ္စည်းတွေမှာ စျေးကစားခဲ့ တာလား။ ဒါမှမဟုတ် ငွေကြေးခဝါ ချခဲ့တာလား။ ဒါမှမဟုတ်ရင် အကြမ်း ဖက်မှုအပေါ် ငွေကြေးထောက်ပံ့ခဲ့ တာလားဆိုတာကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး ထိုက်သင့်သလို အပြစ်ပေးအရေးယူဖို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးခဝါချမှုဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဒီလို အခွန်ရှောင်ခဲ့သူတွေကို စနစ်တကျ စောင့်ကြည့်ရမှာပါ။
၂၀၁၉-၂၀၂၀ မှာ NLD အစိုးရ နဲ့ လွှတ်တော်က ပေးအပ်ခဲ့တဲ့ Tax Amnesty ဟာ တိုင်းပြည်ရဲ့ ငွေ ကြေးစျေးကွက်ကို ကမောက်က မဖြစ်စေမယ်။ အိမ်ခြံမြေစျေးက စားမှုကို ပြည်သူတွေအလွန်အကျွံခံ ရမယ်။ ငွေကြေးဖောင်းပွမှုအလွန် အကျွံဖြစ်လာပြီး ကုန်စျေးနှုန်းမြင့် တက်မှုတွေ ဖြစ်လာခဲ့မယ်။ အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့တာ တွေ မတားဆီးနိုင်လို့ ပြည်တွင်းက လက်နက်ကိုင်တွေအတွက် ငွေ ကြေးပ့ံပိုးမှုတွေဖြစ်လာ စေမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအပြီး တက် လာမယ့် အစိုးရနဲ့ လွှတ်တော်ဟာ Tax Amnesty ရဲ့ အကျိုးအပြစ်တွေ စိစစ်ပြီး ပြန်လည်အရေးယူဖို့ ဆောင် ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး လုပ် ဆောင်နိုင်မှပဲ အလွန်အကျွံ အိမ်ခြံ ခြေစျေးကစားတာတွေ၊ ငွေမည်း ခဝါချတာတွေ၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့တာတွေက တား ဆီးနိုင်မှာဖြစ်ပါ တယ်။
“ကျွန်တော့်အနေနဲ့ ပုဒ်မ (၂၅) သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းနဲ့ ၃၀ ရာ ခိုင်နှုန်း အခွန်ဆောင်ရင် ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်ပေးနိုင်တဲ့ ဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အ ရင်အပတ်တွေတုန်းကလည်း ကန့်ကွက်ခဲ့ပြီးပါပြီ။ အခုလည်း ကန့်ကွက်ပါတယ်။ ဘာကြောင့်လဲဆို တော့ ငွေကြေးစျေးကွက်မှာ ဒီလို လုပ်ခဲ့ရင် (တစ်) ငွေကြေးစျေးကွက် ကမောက်ကမ ဖြစ်နိုင်တယ်။ Banking Sector တစ်ခုလုံးတည်ငြိမ်မှုကို ထိခိုက်နိုင်တယ်။ ပြို ကွဲသွားမယ်လို့ မပြောလိုတဲ့အတွက် ကျွန်တော် တည်ငြိမ်မှုကို ထိခိုက်သွားမယ်လို့ပဲ ပြောတာပါ။ နောက်ပြီးတော့ CPI (စားသုံးသူစျေးဆနှုန်း) စျေးနှုန်း တွေ တက်နိုင်တယ်။ ငွေကြေးဖောင်း ပွမှုတွေ ဖြစ်လာနိုင်တယ်။ နောက်ပြီး တော့ နိုင်ငံကို ငွေကြေးခဝါချတဲ့ နိုင်ငံအဖြစ် အထင်ခံရလာတဲ့အထိ ဖြစ်လာနိုင်တယ်။ အဲဒါဆိုရင် ကျွန်တော်တို့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ နိုင်ငံငယ်လေးသုံးနိုင်ငံလောက်ရှိ တယ်။ သူတို့ရဲ့စီးပွားရေးက Money Laundering လက်ခံပြီးတော့ ရပ် တည်နေတာ။ အဲဒါမျိုးတွေ ကျွန်တော်တို့ ထိခိုက်လာခဲ့ရင် ကျွန်တော်တို့ရဲ့ စီးပွားရေးက တော်တော် လေးဆိုးလာမယ်။ ကမ္ဘာ့အဖွဲ့အ စည်းအသီးသီး၊ WTO ၊ ကမ္ဘာ့ဘဏ်၊ ADB ၊ IMF စတဲ့ အဖွဲ့အစည်း တွေကပါ ကျွန်တော်တို့ကို အမြင်စောင်းသွားရင်၊ အမြင်မှားသွားရင် ကျွန်တော်တို့ အကြီးအကျယ် ဒုက္ခ ရောက်နိုင်ပါတယ်။ နောက်ပြီးတော့ ဒီငွေကြေးတွေဟာ အနောက်ဘက် တံခါးကလည်း ဝင်လာနိုင်တယ်။ အရှေ့ဘက်တံခါးကလည်း ဝင်လာနိုင်တယ်။ အရှေ့ဘက်တံခါးကတော့ စီးပွားရေးနဲ့ ငွေကြေး Sector တွေ ကမောက်ကမဖြစ်မယ်။ ငွေကြေး ဖောင်းပွတာတွေလောက်ပဲ။ အနောက်ဘက်တံခါးက ဝင်လာနိုင်တဲ့ ငွေမည်းတွေ၊ ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ငွေတွေကတော့ ကျွန်တော်တို့ အမျိုးသားလုံခြုံရေးကိုပါ ထိခိုက် လာနိုင်ပါတယ်။ တခြားအချက်တွေ အများကြီးရှိပါတယ်။ သို့သော် ဒီဥပဒေမှာ ပြောနေတာက တစ်နှစ်သာ ကျင့်သုံးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တစ်လနှစ်လ အတွင်းမှာပဲ စီမံခန့်ခွဲမှုမတတ်ရင် စီမံခန့်ခွဲမှု တစ်စုံတစ်ရာမှာ ငွေကြေးစျေးကွက်နဲ့ ငွေကြေးကို ထိန်းချုပ်ရတာ ခက်ပါတယ်။ တစ်ခုခုဖြစ်လို့ရှိရင် တစ်လ နှစ်လအတွင်းမှာပဲ ကျွန်တော်တို့ နိုင်ငံ တော်တော်လေးကိုအခြေအနေ ဆိုးသွားနိုင်ပါတယ်။ အဲဒါကြောင့် မို့ ကျွန်တော့်အနေနဲ့ အရင်ရပ်တည်ချက်အတိုင်းပဲ သွားပြီးတော့ ဆက်လက် ကန့်ကွက်တယ်လို့ပဲပြောလို ပါတယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားပါတယ်။