လှိုင်သာယာ

လှိုင်သာယာ
Photo : Reuters
Photo : Reuters
Published 19 September 2019
ပြည်သစ်ဟန်

“ကယ်ရီသမားလည်း အသည်းနဲ့ပါပဲ”ဆိုတဲ့ သီချင်းသံတစ်စကို ထီရောင်းတဲ့ လှည်းဆီကနေ ကြားလိုက်ရတယ်။ ဒါဟာ စရိုက်တစ်ခုအတွက် သေချာတဲ့ လက်ဆောင်လေးတွေ ထင်မိတယ်။ လက်ဖက်ရည်ဆိုင်ထဲကနေ လမ်းမပေါ် လှမ်းကြည့်မိလိုက်တော့ အရာရာဟာ ပြွတ်သိပ်နေခဲ့တယ်။ လူတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ သုံးဘီးယာဉ်တွေ အားလုံးဟာ ပြည့်သိပ်။ လက်ဖက်ရည်ဆိုင်ထဲမှာလည်း လူက မနည်းဘူး။ ကျွန်တော့်ဘေးမှာတော့ ကလေးငယ်နှစ်ယောက်နဲ့ ဖခင်တစ်ယောက်ဟာ ကပ်ထိုင်နေခဲ့တယ်။ စားပွဲထိုးလေးက ဘာသောက်မလဲ လာမေးတော့ သားအဖသုံးယောက်စလုံး ကြောင်စီစီနဲ့ ကြည့်နေကြတယ်။ စား ပွဲထိုးလေးက “ချိုစိမ့်”လားလို့ မေးတော့ သား အဖသုံးသောက် “ဟုတ်တယ်”လို့ ရယ်မော ကြရင်း ဖြေလိုက်တော့တယ်။ သားအဖသုံးယောက်စလုံးဟာ ရွှင်မြူးနေကြတယ်။ အလုပ်ကနေ ပြန်လာဟန်ရှိတဲ့ ဖခင်ရဲ့ လက်ထဲမှာတော့ စားစရာအထုပ်တချို့နဲ့။ ခဏကြာတာနဲ့ ကျွန်တော်လည်း စားပွဲထိုးလေးကို ခေါ်ပြီး လက်ဖက်ရည်ဖိုးရှင်းပြီး ဆိုင်ထဲကနေ ထွက်လာခဲ့တော့တယ်။ ထီသည်နဲ့ တွန်းလှည်းကတော့ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ။ တခြားဆူညံခြင်းတွေသာ ကျန်နေခဲ့တယ်။

သစ်ပင်ရိပ် တစ်ခုအောက်မှာ အကာအကွယ်ယူရင်း အတော်ကြာအောင် ကျွန်တော် မတ်တတ်ရပ်နေခဲ့တယ်။ ဘတ်စ်ကား မှတ်တိုင်လည်းဖြစ်တော့ လူက မပြတ်ဘဲ ရှိနေခဲ့တယ်။ ဘတ်စ်ကားတစ်စီးလာရင် တက်သွားသူက တက်သွားကြ၊ ဆင်းလာသူက ဆင်းလာကြနဲ့ မှတ်တိုင်ရဲ့သရုပ်ကို အထင်အရှား ပြနေတော့တယ်။ မှတ်တိုင်ဘေးက ကွမ်းယာဆိုင်ကို ဘတ်စ်ကားပေါ်က ဒရိုင်ဘာက ကွမ်းယာထုပ် လှမ်းမှာလိုက်တာကို ကြားလိုက်ရတယ်။

အနီးအနားမှာလည်း စားသောက်စရာဆိုင်တွေက မျိုးစုံပါပဲ။ ဝက်သားတုတ်ထိုးဆိုင်မှာလည်း လူတွေပြည့်နေကြ ပြန်တယ်။ တစ်ချောင်း ၅၀ ဆိုတော့ ရန်ကုန်မြို့ထဲက ဝက် သားတုတ်ထိုးဆိုင်တွေနဲ့ စျေးက ထက်ဝက် ကွာနေတော့တယ်။ အဲဒီတော့မှ တွေးမိတာ က “ဒါဟာ ဒီနေရာဒေသက လူတွေအတွက် စားသောက်နိုင်တဲ့စျေး” ဆိုတာကိုပါ။ ဆိုင်နာမည်က အခြေခံလူတန်းစား ဝက်သားတုတ်ထိုး။ လက်ဖက်ရည်တစ်ခွက်ကလည်း “ရှယ်”၃၅၀။ အဆင်ပြေနေတာပဲ။

ကျီးငှက်တွေဟာ သစ်ပင်ကြို သစ်ပင်ကြားတွေထဲမှာ အော်ဟစ်ပျံဝဲနေကြတယ်။ အဲဒီကျီးငှက်တွေရဲ့ ရင်ဘတ်မှာ “သီးစုံကုလားပဲဟင်းရည်၊ ငံပြာရည်ကြော်နဲ့ သရက်သီး နှပ် ၃၀၀”ဆိုတဲ့ တံဆိပ်တွေ ကပ်နှိပ်ထားကြ တယ်။ နောက်ထပ် ကျီးငှက်တစ်ကောင်ရဲ့ ရင်ဘတ်မှာတော့ စားသောက်ဆိုင်တစ်ခုရဲ့ အမှတ်တံဆိပ်ကို ခပ်နှိပ်ထားတယ်။ ကျန်တဲ့ ကျီးငှက်တွေရဲ့ ရင်ဘတ်တွေမှာလည်း တံဆိပ်မျိုးစုံနဲ့။ သီးစုံမဆလာသည်ရဲ့ လှည်းဘေးက မှန်သားထဲမှာတော့ လမ်းမပေါ်ကနေ လိမ့်လာတဲ့ သစ်ရွက်တစ်ရွက်ဟာ မှန်ကို ဖောက်ပြီး လမ်းဘေးရေနုတ်မြောင်းထဲကို ဆင်းသွားတော့တယ်။ နှုတ်ခမ်းကို အတော်လေး နီထားတဲ့ မိန်းကလေးတစ်ယောက်ဟာ နားဆီက နားကြပ်ကိုဖြုတ်ပြီး လမ်းမတစ်ဖက်ကို ဖြတ်ကူးသွားတော့တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်က လမ်းဘေးအိမ်လေးတွေရဲ့ ခေါင်မိုးပေါ်မှာ ကခုန်နေတော့တယ်။ ဒါဟာ မြင်ကွင်းတစ်ခု။

ဘတ်စ်ကားက ဘရိတ်အုပ်လိုက်တော့ မြို့ပြဟာ ရမ်းခါသွားတော့တယ်။ ကားထဲဝင်လိုက်တာနဲ့ ဘယ်တော့မှ လူမချောင်တဲ့ ဝန်းကျင်ထဲမှာ ကျွန်တော်ဟာ လိုက်ပါနေခဲ့တယ်။ ဘတ်စ်ကားပေါ်မှာ အထုပ်မတင်ရဘူးဆိုရင် အဲဒီဘတ်စ်ကားတွေထဲမှာ လူစီး နင်းမှုမရှိတဲ့ အနေအထားနဲ့ ကြုံတွေ့ရနိုင် တယ်။ အထုပ်နဲ့လူ လူနဲ့အထုပ်ဟာ ဟန် ဆောင်မှုကင်းတဲ့ ဘဝတွေကို လှစ်ဟပြနေ တော့တယ်။

ဂငယ်ပုံကွေ့သွားတဲ့ လမ်းမပေါ်ကို ရောက်တော့ လူသံ တိတ်ဆိတ်တဲ့ ကွင်းပြင်နဲ့ သစ်ပင်တွေကိုသာ မြင်တွေ့ရတော့တယ်။ ရုတ်ခြည်းဆိုသလိုပင် အလှည့်အပြောင်း အ ထိအတွေ့တစ်ခုဟာ ကျွန်တော့်ရှေ့မှာ ပြုတ် ကျလာတော့တယ်။

မြို့ပြလေးဟာ ဟိုး အဝေးမှာ မှေးမှိန် ပျောက်ကွယ်ရင်း ကျန်ရစ်ခဲ့တော့တယ်။ ကျွန် တော် ကားလမ်းမဘေးက ဆိုင်ကြီးတစ်ဆိုင် ထဲမှာ ဝင်ရောက်ရင်း လက်ဖက်ရည်တစ်ခွက် မှာသောက်လိုက်တယ်။ အဲဒီဆိုင်ကြီးရဲ့ အ နီးအနားဝန်းကျင်မှာတော့ လယ်ကွင်းတွေ၊ ရွာတန်းတွေနဲ့ သစ်ပင်တွေသာ ရှိနေခဲ့တယ်။ ဒါဟာ စောစောက မြို့ပြနဲ့  ခြားနားတဲ့ ပုံရိပ်ကို ဆုပ်ကိုင်နေမိတာပဲလို့ ကျွန်တော် လက်ခံ လိုက်တယ်။ ဒါပေမဲ့ ကျွန်တော် အတန်ကြာ အောင် ထိုင်နေမိတဲ့အခါ အတွေးတွေက ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာတော့ တယ်။

ကျီးငှက်တစ်ကောင်ဟာ စျေးဆိုင်တန်း တစ်ခုကို ကိုက်ချီလာတာကို ကျွန်တော် မြင် လိုက်ရတယ်။ ခဏတော့ အံ့သြမှင်သက်သွား မိတယ်။ ဒါပေမဲ့ တစ်ဆက်တည်းဆိုသလို ကျီးငှက်ဟာ စောစောက ကွင်းပြင်ရဲ့ တစ်နေ ရာမှာ စျေးဆိုင်တန်းကို ပစ်ချထားခဲ့တော့ တယ်။ အဲဒီလိုပဲ ခဏကြာတော့ နောက်ထပ် ကျီးငှက်တစ်ကောင်ကလည်း ဆိုင်ကြီးတစ် ဆိုင်ကို ကိုက်ချီပြီး ကွင်းပြင်ရဲ့ တစ်နေရာမှာ ပစ်ချထားခဲ့တော့တယ်။ ဆက်တိုက်ဆိုသလို ကျီးငှက်ပေါင်းများစွာဟာ မရေမတွက်နိုင် အောင် များပြားလာပြီး စျေးဆိုင်တွေ၊ စျေး တန်းတွေ၊ ယာဉ်မျိုးစုံတွေ၊ စက်ရုံတွေ၊ အိမ် ငယ်လေးတွေ၊ တိုက်တာတွေကို ကွင်းပြင်တစ် ဝိုက် မျက်စိတစ်ဆုံး ပြည့်နှက်သွားအောင် ကိုက်ချီလာပြီး ချထားခဲ့တော့တယ်။ ကျွန် တော်လည်း မြင်တွေ့လာရသမျှကိုသာ ထိုင် ငေးရင်း ကြည့်နေခဲ့မိတယ်။ အမြင်နဲ့တောင် ဘာမှ တုံ့ပြန်လို့မရဘဲ ကြည့်ရုံသာ ကြည့်နေ နိုင်ခဲ့တယ်။

ဒီလိုနဲ့ ခဏကြာလာတော့ အသက်အ ရွယ်မျိုးစုံ လူတွေဟာလည်း တဖွဲဖွဲနဲ့ ရောက် လာကြတော့တယ်။ တည်ဆောက်ကြတယ်။ လှုပ်ရှားကြတယ်။ ရုန်းကန်ကြတယ်။ အချိန် ဘာမှ မကြာလိုက်ဘူး ဝန်ကျင်တစ်ဝိုက်ဟာ အစိမ်းသက်သက် မဟုတ်တော့ဘဲ နေသား ကျနေတဲ့ မြို့ပြအသွင်ကို ရောက်ရှိသွားတော့ တယ်။ လျှပ်ပြက်လိုက်သလို မြင်ကွင်းအား လုံးဟာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့ တယ်။

ကျွန်တော်လည်း အဲဒီအခါမှ ကျွန်တော့် ရဲ့ ထင်ယောင်ထင်မှား မြင်မိတဲ့ လယ်ကွင်း တွေ၊ ရွာတန်းတွေ၊ သစ်ပင်တန်းတွေကို အ တွေးထဲကနေ မနည်း မေ့ဖျောက်ပစ်လိုက်ရ တော့တယ်။ ကျွန်တော် လက်ဖက်ရည် ထိုင် သောက်မိတဲ့ ဆိုင်ကြီးကတော့ ခပ်တည်တည် ပဲ ရှိနေခဲ့တယ်။ ကျွန်တော့်အတွေးထဲက ပထမမြင်ကွင်းဟာ ဆယ်စုနှစ်အတော်ကြာ ခဲ့တုန်းက အတွေးတွေဖြစ်နေခဲ့မယ်ဆိုတာ ကို သတိပြုမိလိုက်တယ်။ အခုမြင်တွေ့နေရ တာက လက်တွေ့မြင်ကွင်း ဖြစ်နေတယ်လေ။ ဘာမှ ငြင်းဆိုလို့ မရဘူး။ လက်ခံလိုက်ရုံသာ။

ကျီးငှက်တွေဟာ မြို့ပြထဲက ကြိုကြို ကြားကြားတွေထဲမှာ အော်ဟစ်ပျံသန်းနေကြတယ်။ သူတို့ရင်ဘတ်တွေမှာလည်း ဘာတံဆိပ်တွေမှ မရှိတော့ပါဘူး။ သာမန်ကျီးငှက်တွေမျှသာပါပဲ။ သစ်သီးမဆလာရောင်းတဲ့  စျေးသည်ရဲ့ လှည်းဘေးက မှန်သားပေါ်မှာတော့ သစ်ရွက်တစ်ရွက်ဟာ အထီးကျန်စွာ အိပ်ပျော်နေတယ်။ တုတ်ထိုးစားသူတွေကတော့ ပြည့်နှက်လို့ နေခဲ့တယ်။ လမ်းကြားလေးထဲက ထွက်လာတဲ့ စက်ဘီးလေးဟာ လမ်းမပေါ်အတက် အကွေ့မှာ လူတစ်ယောက်ကို ရှောင်ရင်း တိမ်းမှောက်တော့မလို ဖြစ်သွားတယ်။ စားသောက်ဆိုင်ထဲကိုတော့ ခပ်လတ်လတ်လူတချို့ ဝင်ရောက်သွားကြတယ်။ အလှပြင်ဆိုင်ထဲက ရယ်မောသံတွေက လမ်းမပေါ်ကို လျှံထွက်လို့နေတယ်။ ထီရောင်းတဲ့ လက်တွန်းလှည်းလေးကတော့ သီချင်းလေးဖွင့်ရင်း တွန်းလာနေတယ်။ လမ်းဘေးအိမ် လေးတွေထဲက အသံတွေက ဘတ်စ်ကားသံတွေနီးပါး ကျယ်လောင်လို့နေတယ်။ နေ့လယ်ခင်းဟာ ပြွတ်သိပ်နေတဲ့ ဝန်ကိုထမ်းပြီး ညနေခင်းထဲကို မောင်းဝင်နေတော့တယ်။

Most Read

Most Recent