ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့မှာ ‘၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း’ နဲ့စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ မူသဘောဆွေးနွေးချက်တွေအပေါ် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေက ပြန် လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလို ရှင်းလင်းဆွေးနွေးရာမှာ ဥပဒေကြမ်း အပိုဒ် ၂၅ ပါ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေတွေအတွက် သက်သာတဲ့နှုန်းနဲ့ အခွန်ပေးဆောင်စေတဲ့ စီစဉ်ဆောင်ရွက်ချက်နဲ့ပတ်သက်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ ဥပဒေကြမ်း အပိုဒ် ၂၅ မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက အထူးလေ့ လာတွေ့ရှိချက်အဖြစ် တင်ပြထားခြင်းဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေတွေ ပြန် လည်ဝင်လာစေဖို့ နယ်ပယ်ကန့်သတ်ပြီး သက်သာတဲ့နှုန်းနဲ့ အခွန်ပေးဆောင်စေတဲ့အ စီအစဉ်ဖြစ်ကြောင်း၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေတွေ နဲ့အညီ ဆက်လက်ဆောင်ရွက် အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ တင်ပြခြင်းဖြစ်တဲ့ကြောင်း စီမံ ကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆွေးနွေးပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သက်ဆိုင်ရာဌာနရဲ့ စွမ်းဆောင်ရည်နဲ့ အဂတိလိုက်စားမှုအဖြစ်တွေ ဖြစ်စေနိုင်မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိုးရိမ်စိတ်နဲ့ ထောက်ပြမှုတွေဟာ အပြုသဘောဆောင်တဲ့ ထောက်ပြချက်တွေဖြစ်လို့ အလေးထားကြိုဆိုပါကြောင်း၊ သက်ဆိုင်ရာ ဌာနအနေနဲ့လည်း အတွေ့အကြုံရှိပြီးဖြစ်ပါကြောင်း၊ အဲဒီအတွေ့အကြုံတွေအရ အား သာချက် အားနည်းချက်တွေကို သင်ခန်းစာ ရယူဆောင်ရွက်စေမှာဖြစ်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်လာရင် သက်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရ မှာဖြစ်ကြောင်း၊ ဒါကြောင့် အတည်ပြု ပြဋ္ဌာန်းပေးနိုင်ဖို့ ရှင်းလင်းတင်ပြခဲ့တာကို တွေ့ရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ပြချက်တွေအပေါ် အလေးထား ကြိုဆိုတယ် လို့ဆိုပေမဲ့ ဆွေးနွေးတင်ပြခဲ့ကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တော်အများစုရဲ့ တင်ပြချက်တွေကို အလေးအနက်ထား လေ့လာစိစစ်ရင် သက်ဆိုင်ရာဌာနရဲ့ စွမ်းဆောင်ရည်နဲ့ အဂတိလိုက်စားမှုတွေ ဖြစ်စေနိုင်မှုအပြင် တခြား အရေးကြီးတဲ့အချက်တွေ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ နှစ်ချက်ကိုပဲ ဝေ၀ါးဝါး ဖြေကြားခဲ့ပါတယ်။
ပြည်သူ့ကိုယ်စားလှယ်တော်တွေရဲ့ တင်ပြချက်က အပိုဒ် (၂၅) မှာ ‘‘ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နဲ့ ၆ (က) တို့အရ သက်သာခွင့်တွေ မနုတ်မီ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင် ငွေတွေအပေါ် ၃၀ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် စည်းကြပ်ရမယ်။ ဒါပေမဲ့ နိုင်ငံသားဘယ်သူ မဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနဲ့ လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုး ချဲ့ဆောင်ရွက်ခြင်းတွေအတွက် အသုံးပြုတဲ့ ဝင်ငွေက ဝင်ငွေရလမ်းတင်ပြနိုင်တဲ့ ဝင်ငွေ ရှိရင် အဲဒီငွေကို နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်မှာ လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း မရှိရင် အသုံးပြုသည့် ဝင်ငွေအပေါ်မှာလည်းကောင်း အောက်ဖော်ပြပါ နှုန်းထားအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမယ်’’လို့ ဖော်ပြပါရှိ ပါတယ်။ ဒါကြောင့် ဥပဒေတစ်ခုတည်းမှာ ရှေ့နောက် ညီညွတ်မှုမရှိဘဲ ကွဲလွဲနေတဲ့အတွက် ရှုပ်ထွေးမှုနဲ့ အဂတိလိုက်စားမှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း ပြည်သူ့ကိုယ်စား လှယ်တွေက တင်ပြဆွေးနွေးခဲ့ကြပါတယ်။
စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေဆိုတာ အကြောင်းအမျိုးမျိုးနဲ့ အခွန်ရှောင်မှု၊ လျော့နည်းပေးဆောင်မှုတွေက ရရှိလာတဲ့ ငွေတွေဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေဖြစ်ကြောင်း၊ ဒါကြောင့် အခွန်ရှောင်တိမ်းခဲ့သူတွေအပေါ် သက်သာခွင့်ပေးခြင်းနဲ့စပ်လျဉ်းပြီး အခွန်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင်သူတချို့ရဲ့ အမြင်မှာ မျှတမှုကင်းမဲ့တဲ့လုပ်ရပ်လို့ ယူဆ နိုင်ကြောင်း၊ အခွန်ကင်းလွတ် သက်သာခွင့်ပေးတဲ့ အစီအစဉ်ဟာ တာဝန်ကျေပွန်တဲ့ အခွန်ထမ်းတွေရဲ့ အခွန်စနစ်အပေါ် ယုံစားမှု ကို လျော့ပါးကျဆင်းစေနိုင်ပြီး နောက်ပိုင်းမှာ အခွန်ရငွေ လျော့နည်းလာနိုင်ကြောင်း၊ မြန် မာနိုင်ငံမှာ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေတွေအပေါ် သက်သာခွင့်ပေးခဲ့တဲ့ ဖြစ် ရပ်တွေ ရှိခဲ့ဖူးကြောင်း၊ ၂၀၀၇-၂၀၀၈ ခုမှာ ၂၀၁၁-၂၀၁၂ နှစ်တွေမှာ ရလမ်း မဖော်ပြနိုင် တဲ့ ဝင်ငွေတွေအပေါ် သက်သာခွင့်ပြုပြီး ရှစ်ရာခိုင်နှုန်းသာ အခွန်ပေးဆောင်စေခဲ့ကြောင်း၊ အဲဒီငါးနှစ်အတွင်း အခွန်ရငွေတွေ ကျဆင်းခဲ့ပြီး အခွန်ရငွေနဲ့ ဂျီဒီပီအချိုးဟာ တစ်နှစ် ပျမ်းမျှ ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့ ကြောင်း၊ ဒါကြောင့် အခွန်ကင်းလွတ်သက် သာခွင့်ပေးတဲ့ အစီအစဉ်ဟာ တာဝန်ကျေ ပွန်တဲ့ အခွန်ထမ်းတွေရဲ့ အခွန်စနစ်အပေါ် ယုံကြည်ကိုးစားမှုကို လျော့ပါးကျဆင်းမှု မရှိ စေဖို့နဲ့ အခွန်စည်းမျဉ်းစည်းကမ်းတွေ လိုက် နာမှုကို အားနည်းမှုမရှိစေဖို့ စီစဉ်ဆောင်ရွက် ဖို့လိုကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ဥပဒေကြမ်းကော်မတီအနေနဲ့ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ် အခွန်သက်သာခွင့်ပြုရေးကို ယခင်ကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် အခွန်အကောက်ဥပဒေကြမ်း တင်သွင်းစဉ် အခါကလည်း စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေတွေအပေါ် အခွန်သက်သာခွင့်ပြု ဖို့ တင်ပြခဲ့ဖူးကြောင်း၊ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေတွေအပေါ် အခွန်သက်သာခွင့်ပေးရာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုက ရငွေတွေအပါအဝင် မတရားမှုတွေက ရငွေတွေ၊ အကျင့်ပျက်မှု လုပ်ငန်းတွေအတွက် စီးဝင်လာမယ့် ငွေမည်း တွေနဲ့စပ်လျဉ်းပြီး တားဆီးဖို့ စည်းမျဉ်းစည်းကမ်းတွေ၊ ယန္တရားတွေ အဆင်သင့် မဖြစ် သေးတဲ့အတွက် အန္တရာယ်များကြောင်း၊ ဒါကြောင့် အဲဒီတုန်းကလည်း ပြည်သူ့ကိုယ်စားလှယ်တွေက လွှတ်တော်တွေက ကန့်ကွက်ခဲ့တဲ့အတွက် အတည်ပြုပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်ကြီးတွေအနေနဲ့ အခွန်သက်သာခွင့်ပေးမှုအပေါ် ကန့်ကွက်နေကြခြင်းမဟုတ်ကြောင်း၊ နိုင်ငံတော်ရဲ့ လက်ရှိစီးပွားရေးအခြေအနေကို ပိုမို ကောင်းမွန်လာစေရေးအတွက် လှုံ့ဆော်နှိုးဆွ တဲ့အနေနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ၊ စား သုံးမှုတွေ တိုးမြင့်လာစေဖို့ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ငွေတွေ တရားဝင် စီးပွားရေး ကဏ္ဍအတွင်း ပြန်လည်စီးဝင်လာစေရေး အတွက် ဆောင်ရွက်မှုကို ထောက်ခံကြိုဆို ကြောင်း၊ တရားဝင်သုံးစွဲနိုင်ခြင်းမရှိတဲ့ ငွေ သေတွေ၊ တရားဝင် စျေးကွက်အတွင်း စီးဝင် လာပြီး ကုန်စည်ထုတ်လုပ်မှုတိုးမြင့်ခြင်း၊ စုစု ပေါင်း ပြည်တွင်းဝယ်လိုအား တိုးတက်လာ ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ များ ပြားလာခြင်း စတဲ့ အကျိုးရလဒ်တွေ ရရှိနိုင် ရေးအတွက်၊ စီးပွားရေးကို ပြန်လည်နှိုးဆွဖို့ အခွန်သက်သာခွင့်ပေးရေး အစီအစဉ်ကို ထောက်ခံကြိုဆိုကြောင်း၊ ဒါပေမဲ့ အလျင်စလို စာပိုဒ်တစ်ပိုဒ်တည်းနဲ့ သက်သာခွင့်ပေးခြင်း ထက် စနစ်တကျ အသေအချာ တွက်ချက်လေ့ လာပြီး သီးခြားဥပဒေ ပြဋ္ဌာန်းသင့်ကြောင်း နိုင်ငံအကျိုးရှေ့ရှုပြီး ပြည်သူ့ဘက်တော်သား ကိုယ်စားလှယ်တော်ကြီးတွေက အလေးအ နက် ဝေဖန်ဆွေးနွေးခဲ့ကြတာကို တွေ့မြင် ကြားသိရပါတယ်။
အခွန်သက်သာခွင့်ပေးရေး အစီအစဉ်တစ်ရပ် ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေ စိုး ရိမ်ကြောင့်ကြမှု မရှိစေဖို့နဲ့ အခွန်စနစ်အ ပေါ် ယုံကြည်မှု မလျော့ပါးစေဖို့အတွက် ကန့်သတ်ချက်တွေနဲ့သာ သက်သာခွင့်ပြုဖို့ လိုအပ်မှာဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြ ပါတယ်။
ကုန်စည်အသစ် ဖန်တီးထုတ်ခြင်းမရှိဘဲ အခြေပစ္စည်းတစ်ရပ်ရပ်ကို ရောင်းဝယ် စျေးကစားမှုအတွက် အသုံးပြုတဲ့ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေတွေအပေါ် သက်သာခွင့် မပေးသင့်ကြောင်း၊ အခြေပစ္စည်းတွေ ဝယ်ယူရောင်းချမှုဟာ ကုန်စည်ထုတ်လုပ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုတို့ကို အားပေးခြင်းမရှိဘဲ စျေးကစားမှုတွေကိုသာ ပိုမိုအားကောင်းလာစေမှာ ဖြစ်တဲ့အတွက် ငွေကြေးကို ပိုမိုဖောင်းပွစေတဲ့ တွန်းအား တစ်ရပ်ဖြစ်နိုင်ကြောင်း၊ ခေတ်အဆက်ဆက်က အခွန်ရှောင်ခဲ့တဲ့ ငွေတွေနဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေ ဝယ်ရင် ကျပ် သိန်းတစ်ထောင်ထိကို အခွန် သုံးရာခိုင်နှုန်းသာ ပေးဆောင် စေပြီး တာဝန်သိသိ အခွန်ထမ်းတဲ့ ပြည်သူ တွေ အပေါ် စည်းကြပ်ထိုက်တဲ့ ဝင်ငွေ ကျပ် သိန်းသုံးရာနဲ့အထက်ကို ၂၅ ရာခိုင်နှုန်း ပေး ဆောင်စေခြင်းဟာ အခွန်ကို တာဝန်ကျေပွန် စွာ ထမ်းဆောင်သူတချို့ရဲ့အမြင်မှာ မျှတမှု ကင်းမဲ့တဲ့ လုပ်ရပ်လို့ ယူဆနိုင်ကြောင်း စသ ဖြင့် ကြောင်းကျိုးဆီလျော်စွာ တင်ပြဆွေးနွေး ခဲ့တာကို ပြည်သူတစ်ယောက်အနေနဲ့ ဝမ်း မြောက်ကြည်နူးစွာ ကြားသိမှတ်သားခဲ့ရပါ တယ်။
အခွန်သက်သာခွင့်နဲ့ ရရှိလာတဲ့ငွေတွေ အိမ်ခြံမြေ ရောင်းဝယ်ဖောက်ကားမှုစျေးကွက် အတွင်းကို အဓိက စီးဝင်သွားရင် စျေးကစားမှု တွေ ပိုမိုအားကောင်းလာစေမှာဖြစ်ပါတယ်။ နည်းမျိုးစုံနဲ့ ရရှိခဲ့တဲ့ ငွေမည်းတွေနဲ့ စျေးက စားကြလို့ မလိုလားအပ်ဘဲ အလွန်အမင်း အိမ်ခြံမြေစျေး မြင့်တက်ခဲ့တာ အားလုံး အသိ ပဲ ဖြစ်ပါတယ်။ အဆမတန် ဖောင်းပွလာတဲ့ အိမ်ခြံမြေစျေးတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်း ငယ် အတွင်းကမှ အနည်းငယ် ကျဆင်းလာ ခဲ့ပါတယ်။ ဒါပေမဲ့ ယခုထက်တိုင် အိမ်ခြံမြေ စျေးဟာ များစွာ မြင့်မားနေပါသေးတယ်။ အမှန်တကယ် ရှိသင့်ရှိထိုက်တဲ့ အတိုင်းအ တာကို မရောက်သေးဘဲ တင်းခံနေပါတယ်။ ခုတစ်ဖန် ပြဋ္ဌာန်းမယ့် အခွန်သက်သာခွင့် အစီအစဉ်ကြောင့် အိမ်ခြံမြေစျေးတွေ ပြန် လည်မြင့်တက်ပြီး အမှန်တကယ် ရင်းနှီးမြှုပ်နှံ မယ့် လုပ်ငန်းတွေအတွက် အခက်အခဲဖြစ် စေနိုင်ပါတယ်။ ဒါ့အပြင် နေစရာ အိမ်ရရှိနိုင် ရေးကို မျှော်လင့်နေကြတဲ့ အိုးအိမ်မဲ့ ပြည်သူ တွေရဲ့ မျှော်လင့်ချက်ကို ပျက်ပြားစေနိုင်ပါ တယ်။
အခွန်ကင်းလွတ်သက်သာခွင့် အစီအစဉ်အရ စီးဝင်လာတဲ့ ငွေကြေးတွေကို နိုင်ငံအတွက် မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေ၊ လွန်စွာ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေ၊ ဖွံဖြိုးရေးနဲ့ လူမှုရေးအစီအစဉ်တွေ၊ အ လုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင် တဲ့လုပ်ငန်းတွေ၊ ပြည်ပပို့ကုန်တိုးတက်ရေးကို အထောက်အကူဖြစ်စေတဲ့ လုပ်ငန်းတွေ စတဲ့ စီးပွားရေးတိုးတက်မှု အထောက်အကူပြု လုပ်ငန်းတွေမှာ ရင်းနှီးသုံးစွဲဖို့နဲ့ စီးဝင်လာတဲ့ ငွေတွေအပေါ် သင့်တင့်လျှောက်ပတ်တဲ့ လိုက်လျောမှုတွေနဲ့ တရားဝင်အဖြစ် အသိအ မှတ်ပြုလက်ခံပြီး အခွန်နှုန်းကို ငါးရာခိုင်နှုန်း သုံးရာခိုင်နှုန်းသာမက သုညရာခိုင်နှုန်းအထိ ပေးဖို့တောင် စဉ်းစားသင့်ပါတယ်။ အခွန် သက်သာခွင့်ပေးခြင်းနဲ့ နိုင်ငံစီးပွားရေးကို တိုးတက်လာစေဖို့ နှိုးဆွရမှာဖြစ်ပါတယ်။
‘၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း’ပါ အခွန်သက်သာခွင့်နဲ့ ပတ်သက်လို့ အားနည်းချက်တွေကို ဖယ်ရှားပြီး စနစ်တကျ အစီအမံရှိရှိနဲ့ စီးပွားရေးကို အမှန်တကယ် နှိုးဆွနိုင်မယ့် အခွန်ဖြေလျှော့မှု အစီအစဉ်ကို အများပြည်သူအကျိုး ရှေ့ရှုပြီး ပြည်သူ့ဘက်တော်သား ကိုယ်စားလှယ်တော်ကြီးတွေ တင်ပြဆွေးနွေးမှုတွေအပေါ် မူတည်ပြီး သီးခြားဥပဒေတစ်ရပ် အမြန်ဆုံး ပြဋ္ဌာန်း ပေးနိုင်လိမ့်မယ်လို့ အလေးအနက် ယုံကြည်မျှော်လင့်ပါတယ်။










