တူနီးရှားသမ္မတ ရွေးကောက်ပွဲ ပထမအကျော့တွင် အစဉ်အလာဆန့်ကျင်သည့် ကိုယ်စားလှယ်လောင်းများ အနိုင်ရ

တူနီးရှားသမ္မတ ရွေးကောက်ပွဲ ပထမအကျော့တွင် အစဉ်အလာဆန့်ကျင်သည့် ကိုယ်စားလှယ်လောင်းများ အနိုင်ရ
 တူနီးရှားမီဒီယာလုပ်ငန်းရှင် နာဘီကာရူအီ (ဝဲ) နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း Kais Saied(ယာ)
တူနီးရှားမီဒီယာလုပ်ငန်းရှင် နာဘီကာရူအီ (ဝဲ) နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း Kais Saied(ယာ)
Published 16 September 2019
Ref: AFP

၂၀၁၁ ခုနှစ်တွင် အာရပ်နွေဦးတော်လှန်ရေး စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တူနီးရှား၌ ဒုတိယအကြိမ်မြောက် လွတ်လပ်သော သမ္မတရွေးကောက်ပွဲ၏ ပထမအကျော့တွင် အစဉ်အလာဆန့်ကျင်သည့် ကိုယ်စားလှယ်လောင်းနှစ်ဦးက အနိုင်ရခဲ့ပြီး ဒုတိယအကျော့ကို ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ ပထမအကျော့၌ မဲလာပေးသူအရေအတွက်သည် ၆၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ စက်တင်ဘာ ၁၅ ရက်ကကျင်းပခဲ့သော ပထမအကျော့တွင်မူ မဲဆန္ဒရှင်များ၏ စိတ်ဝင်စားမှု လျော့ကျခြင်း၊ အထူးသဖြင့် လူငယ်မဲဆန္ဒရှင်များအကြား စိတ်မဝင်စားမှုတို့ကြောင့် မဲလာပေးသူအရေအတွက်သည် ၄၅ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

အသက် ၆၁ နှစ်ရှိပြီဖြစ်သော ဥပဒေပါမောက္ခနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် Kais Saied က တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ခဲ့ပြီးနောက် ထောက်ခံမဲအများဆုံး ရရှိခဲ့သည်။ စက်တင်ဘာ ၁၇ ရက်တွင် အကြိုရလဒ်များ မထုတ်ပြန်မီ မဲပေးပြီးထွက်လာသူများအား မေးမြန်းထားသည့် စစ်တမ်းများအရ သူသည် ထောက်ခံမဲ အများဆုံးရရှိခဲ့ကြောင်း Kais Saied က အခိုင်အမာ ပြောကြားခဲ့သည်

ငွေကြေးခဝါချမှုဆိုင်ရာ စုံစမ်းစစ်ဆေးခံခဲ့ရပြီး အကျဉ်းချခံထားရသည့် မီဒီယာလုပ်ငန်းရှင်ကြီး နာဘီကာရူအီက ဒုတိယအကျော့သို့ ရောက်ရှိခဲ့ကြောင်း အခိုင်အမာထုတ်ပြန်ခဲ့ပြီးနောက် ၎င်း၏ ပါတီရုံးချုပ်တွင် ထောက်ခံသူများက အောင်ပွဲခံခဲ့ကြသည်။

ပထမအကျော့တွင် အခြားထင်ရှားသူများမှာ အစ္စလာမ္မစ်ပါတီ Ennahdha ကို ဦးဆောင်၍ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့သော အဗ္ဗဒယ်ဖာတာမူရူနှင့် ဝန်ကြီးချုပ်ဖြစ်သူ ယူဆက်ဖ်ချာဟက်တို့လည်း ပါဝင်သည်။ Ennahdha ပါတီက ၎င်းတို့သည် တရားဝင်ရလဒ်များကိုသာ စောင့်ဆိုင်းသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ်ချာဟက်သည် ၎င်း၏လက်ထက်တွင် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနှင့် လူနေမှုစရိတ်မြင့်တက်လာခြင်းတို့ကြောင့် လူကြိုက်များမှုကျဆင်းခဲ့သည်။ ထို့ပြင် သြဂုတ်နောက်ပိုင်းကတည်းက မီဒီယာသူဌေး ကာရူအီအား ထိန်းသိမ်းထားခဲ့မှုသည် နိုင်ငံရေးအရ လှုံ့ဆော်မှုပါသည်ဟု စွပ်စွဲချက်များကို ချာဟက်က အပြင်းအထန် ငြင်းဆိုခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နာဘီဘက်ဖ်ဖွန်းက မဲရုံများ မပိတ်မီ လူငယ်များအား မဲလာထည့်ကြရန် တိုက်တွန်းခဲ့သည်။ မဲလာပေးသူအရေအတွက် ကျဆင်းမှုအား ၎င်းက စိတ်အနှောင့်အယှက် ဖြစ်ခဲ့သော်လည်း ၄၅ ရာခိုင်နှုန်းသည် လက်ခံနိုင်စရာကောင်းသော အနေအထားဖြစ်ကြောင်း ၎င်းက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုများထက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ယှဉ်ပြိုင်မှုများက ပိုမိုများပြားခဲ့သော ရွေးကောက်ပွဲမဲဆွယ်မှုများအပြီး ယခုရွေးကောက်ပွဲအား ကျင်းပခဲ့ခြင်းဖြစ်သည်။ အသက် ၉၁ နှစ်ရှိ သမ္မတဖြစ်သူ Beji Caid Essebsi က ပြီးခဲ့သောဇူလိုင်တွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကလည်း စက်တင်ဘာ ၁၅ ရက် နံနက်တွင် ကွယ်လွန်ခဲ့စဉ် ထိုရွေးကောက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အာဏာရှင်ဟောင်း ဇိုင်အီးအဘီဒိုင်းဘင်အလီအား ရာထူးမှဖြုတ်ချနိုင်ခဲ့သော လူထုတော်လှန်ရေးအပြီး Essebsi သည် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

တူနီးရှားတွင် ၂၀၁၆ ခုနှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်း ၁၅ ရာခိုင်နှုန်းအထိနှင့် လူနေမှုစရိတ် သုံးပုံတစ်ပုံနီးပါး မြင့်တက်လာမှုတို့ကြောင့် နိုင်ငံရေးအထက်လွှာများအား မယုံကြည်မှု အလွန်အမင်း မြင့်တက်ခဲ့သည်။                                              

 

 

Most Read

Most Recent