ဒီနေ့ ၂၁ ရာစုခေတ်ကြီးဟာဆိုရင် သူ့ထက်ငါအပြိုင် ယှဉ်ပြိုင် တိုးဝှေ့နေကြရတဲ့ ခေတ်ကြီးဖြစ်ပါ တယ်။ ငယ်ငယ်တုန်းက နားထောင်ခဲ့ရတဲ့ ယုန်နဲ့လိပ်ပုံပြင်လို ဖြည်း ဖြည်းမှန်မှန်သွားနေတဲ့ လိပ်က အောင်ပွဲခံရ တယ်ဆိုတာမျိုး ကျင့်သုံးနေလို့မရတော့ပါဘူး။ ယုန်လို အမြန်ပြေးပြီး လိပ်လိုဇွဲကောင်း ကောင်းနဲ့ ကြိုးစားမှပဲ အသက်ရှူ ချောင်နိုင်တဲ့ ခေတ်ကြီးဖြစ်လာပါတယ်။
ကိုယ်လုပ်တဲ့ အလုပ်တိုင်း အောင်မြင်မယ်လို့ တပ်အပ်မပြောနိုင်ပေမဲ့ ကြိုးစားနေတာကိုတော့ ရပ်တန့်ပစ်လို့မရပါဘူး။ ဒီနေ့ခေတ် မှာ နေရာတစ်ခုခုရဖို့ သူ့ထက်ငါ အပြိုင်တိုးဝှေ့နေကြရတဲ့အတွက် ဘွဲ့တစ်ခုခု ရထားရုံနဲ့မပြီး၊ တခြား အသိအမှတ်ပြုလက်မှတ်တွေ အများကြီးလည်း လိုအပ်လာပါတယ်။ လောကကြီးထဲမှာ ကောင်းမွန်စွာ ရပ်တည်နေနိုင်ဖို့က အလုပ်အကိုင်ကောင်း တစ်ခုခုရှိထားမှလည်း အဆင်ပြေမှာမဟုတ်လား။
ဒါပေမဲ့ ကျွန်မတို့နိုင်ငံက ဒီနေ့ လူငယ်တွေကြားမှာ အလုပ်အကိုင်ကိစ္စဟာဆိုရင် ပြဿနာတစ်ရပ်လို မျိုးရှိလာတာကို တွေ့နေရပြန်ပါတယ်။ ဘွဲ့ဆိုတာက ပညာရပ်တစ်ခုကို သင်ယူပြီးမြောက်ကြောင်း အသိ အမှတ်ပြုတဲ့ အရာတစ်ခုသာဖြစ်နေဆဲဖြစ်ပါတယ်။ ဘွဲ့ရပြီးနောက်ဆက်တွဲမှာ အလုပ်တစ်ခုရဖို့၊ အသက်မွေးဝမ်းကျောင်းတစ်ခုရဖို့ ကြိုးပမ်းကြရပြန်ပါတယ်။ လူတွေက ဘဝမှာ အဆင်ပြေချမ်းသာစွာနေလိုတဲ့အတွက် ပညာကို သင်ယူကြတယ်။ မိဘတွေကလည်း ကိုယ့်သားသမီး တွေကို ဘဝမှာသက်သက်သာသာ နေကြစေလိုတာကြောင့် ပညာတတ်အောင်၊ ဘွဲ့ရအောင် ငွေတွေ၊ အချိန်တွေ အများကြီး အကုန်ခံပြီး ကိုယ့်သား၊ သမီးတွေဘွဲ့ရဖို့ ကြိုးစားပေးခဲ့ ကြပါတယ်။
ဒီလိုမျိုး ဘွဲ့ရဖို့ ကြိုးစားပေးပေ မဲ့ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေက နှစ်စဉ် နှစ်တိုင်း ဘွဲ့ရမောင်မယ် သောင်းနဲ့ချီ မွေးထုတ်ပေးနေပေမဲ့ လူငယ်တွေက အလုပ်အကိုင် တစ်ခု ရဖို့တော့ ရုန်းကန်နေရပါတယ်။ ဘွဲ့ ရပြီးနောက်ပိုင်း လူငယ်တွေဟာ မျှော်လင့်ထားသလို အလုပ်အကိုင်နဲ့ အဆင်ပြေပြေနေ နေကြရတဲ့ အခြေ အနေမရှိသလို အလုပ်အကိုင်ကောင်းတစ်နေရာအတွက်လည်း ခက်ခဲနေဆဲဖြစ်တာကြောင့် ရထား တဲ့ ဘွဲ့နဲ့လား လားမှမဆိုင်တဲ့ နေရာ တွေ၊ အလုပ်အကိုင်တွေမှာ ကျင်လည်နေကြရတာကလည်း အား လုံးအမြင်ပဲ ဖြစ်ပါတယ်။
“ကျွန်မက အဆောင်တွေမှာ မြန်မာစာ လိုက်သင်ပေးတယ်။ ကျောင်းမှာလည်း မြန်မာစာပဲ သင် တယ်လေ။ ဘွဲ့ရတာကတော့ အဝေးသင် Botany (ရုက္ခဗေဒဘာသာရပ်) နဲ့ ရတာပါ။ ဒါပေမဲ့ မြန်မာစာကို အင်မတန်ဝါသနာပါတယ်။ တစ်ခါတလေ ကိုယ်တိုင်က သိပ်မရှင်းတဲ့ စာတွေရှိရင် မြန်မာစာ ပါမောက္ခ တွေအထိ အခွင့်ကြုံရင် ကြုံသလို မေးပါတယ်။ ရထားတဲ့ဘွဲ့နဲ့တခြားစီ ဆိုပေမယ့် ကိုယ်ကမှ ဒါကိုပဲ ၀ါသ နာပါနေတာကိုး”လို့ မြန်မာစာ ဆရာမအဖြစ် အသက်မွေးနေသူ ဆရာမနွဲ့နွဲ့ညိုက သူ့အမြင်ကို ပြော ပါတယ်။
ဒီနေ့ခေတ်မှာ လုပ်ငန်းခွင်ထဲ ရောက်နေကြတဲ့ ဘွဲ့ရလူငယ်အများ စုက ကိုယ်တတ်ထားတဲ့ပညာနဲ့ ကိုယ်လုပ်နေတဲ့အလုပ် တစ်လွဲစီဖြစ် နေကြတာ များနေပါတယ်။ တချို့ကျ တော့ ကျောင်းတက်ခဲ့ရတာက ဝေဝေ၀ါးဝါးတက်ခဲ့ရတာ။ ၀ါသနာပါတဲ့ အရာမဟုတ်ပေမယ့် မိဘရဲ့ ဖိအားပေးမှုကြောင့် တက်ခဲ့ရတာ မျိုး။ တချို့ကျပြန်တော့လည်း ရည် မှန်းချက်ရယ်လို့ ရေရေရာရာ မထားဘဲ ဘွဲ့ရခဲ့တာမျိုးမို့ ကျောင်းပြီးတဲ့ အခါကျတော့ တချို့ခက်ခဲမှုတွေ ကြုံလာရင် ကိုယ်ရထားတဲ့ဘွဲ့နဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် အလုပ်အကိုင် တစ်ခုရရေးအတွက် ၀ါသနာပါပါ မပါပါ ဝင်လုပ်လိုက်ရတာမျိုးလည်း အများအပြားရှိပါတယ်။ ကိုယ်က ၀ါသနာပါလို့ လုပ်ခဲ့ရတာ မဟုတ်တဲ့ အတွက် လုပ်ငန်းခွင်မှာ မပျော်ရွှင် မှုတွေ ခံစားရနိုင်သလို၊ အခြေခံ လစာနည်းပါးတဲ့အခါ၊ မလုံလောက် တဲ့အခါတွေမှာလည်း စိတ်ဆင်းရဲ မှုတွေ ခံစားကြရပါတယ်။
“ကျွန်မက စီးပွားရေးနဲ့ကျောင်း ပြီးခဲ့ပေမယ့် အဲဒါနဲ့ပတ်သက်ပြီး ဘာမှ သေသေချာချာလည်း စိတ် မဝင်စားခဲ့ဘူး။ ဘွဲ့ရပြီးလို့ လုပ်ငန်း ခွင်ဝင်တော့မယ်လို့ စဉ်းစားမိတော့လည်း အတွေ့အကြုံကလည်းမရှိ၊ ကိုယ်ကလည်း ကိုယ့်ပညာရပ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိဘူး။ ၀ါသနာလည်းမပါဘူး။ ဒီလိုနဲ့မော်ဒယ်လောကထဲ ခြေဆန့်ခဲ့သေးတယ်။ ဒါလည်း ၀ါသနာ မပါတော့ မပျော်ရွှင်ရဘူး။ ဒါကြောင့် အဲဒီကနေ ကြိုးစားပြီးရုန်းထွက်ခဲ့ တာ။ ကိုယ်က MC လုပ်ရတာ ၀ါသနာပါတော့ ကိုယ်ဝါသနာပါရာ နောက်ပဲ တစိုက်မတ်မတ်လိုက်ခဲ့ လိုက်တော့တယ်။ အခုဆို ကိုယ်ဒီ အလုပ်ကို လုပ်ရတာ စိတ်ချမ်းသာ တယ်”လို့ ရထားတဲ့ဘွဲ့နဲ့ လုပ်ရတဲ့ အလုပ်၊ ကိုယ့်ရဲ့ ၀ါသနာ မကိုက်ညီတဲ့အဖြစ်အပေါ် MC (အခမ်းအနား မှူး)တစ်ယောက်အဖြစ် အသက်မွေးနေတဲ့ မကေသွယ်က ဆိုပါတယ်။
လက်ရှိအခြေအနေ မြန်မာနိုင်ငံက ဘွဲ့ရပညာတတ်တွေရဲ့ ရရှိ တဲ့ အခြေခံလစာက ကျပ်တစ်သိန်းခွဲ၊ နှစ်သိန်းဝန်းကျင်ပဲ ဖြစ်ပါတယ်။ ဒီလစာဟာ လုံလောက်တဲ့ ပမာဏ တစ်ခု မဟုတ်ပေမယ့် ဒီလိုလစာရဖို့ အတွက်ကို သူ့ထက်ငါ အပြိုင်အဆိုင် တိုးဝှေ့နေကြရပါသေးတယ်။ တချို့လူငယ်တွေကျပြန်တော့ လည်း ဘယ်လိုတက္ကသိုလ်ပဲတက်ခဲ့ တက်ခဲ့ နောက်ဆုံးကျတော့ လစာ ၁၈၀,၀၀၀ လောက်နဲ့အလုပ်ရတာ ချင်းအတူတူပါပဲဆိုတဲ့ အတွေးမျိုးရှိနေပြန်ပါသေးတယ်။ ကိုယ်ရတဲ့ ဘွဲ့ နဲ့ ကိုယ်လုပ်နေတဲ့အလုပ် ကိုက် ညီ တယ်၊ မညီဘူးဆိုတာထက် လစာကောင်းတယ်၊ မကောင်းဘူးဆိုတာကပဲ အရေးကြီးတယ်လို့ တွေးလာကြ ပြန်ပါတယ်။
“အရေးကြီးတာက ပိုက်ဆံ ပေါ့။ လခ ကောင်းကောင်းလိုချင်တယ်လေ။ ကိုယ့်ဘွဲ့နဲ့ သက်ဆိုင် တယ်။ မဆိုင်ဘူးဆိုတာထက် ကိုယ်ဒီမှာ ရှေ့ဆက်အလုပ်လုပ်ဖို့ အခွင့် အလမ်းတွေရှိမယ်။ လခလည်း ကောင်းတယ်ဆိုရင်တော့ ဘွဲ့နဲ့ ကိုက်ညီတာ မညီတာ စဉ်းစားမနေ တော့ဘူး။ ဘွဲ့နဲ့ ကိုက်ညီတဲ့အလုပ် ရမှ အလုပ်လုပ်ရမယ်ဆိုရင်တော့ ဗိုက်က ဒီအတိုင်း ထားလို့မှ မရတာ။ ဝမ်းရေး ရှိသေးတယ်လေ”လို့ သမိုင်း (ဂုဏ်ထူး) နဲ့ ဘွဲ့ရထားသူ မရွှေဇင်ဝင်းက ဆိုပါတယ်။
ဘွဲ့ရလူငယ်တွေဟာ အလုပ်တစ်ခုရဖို့အတွက် အဘက်ဘက်က ပြည့်စုံအောင် ဖြည့်ဆည်းနေကြရ ပါတယ်။ မြန်မာစာနဲ့ ဘွဲ့ရတဲ့လူက အလုပ်ရဖို့အတွက် စာရင်းကိုင် သင်တန်းတွေ၊ ကွန်ပျူတာသင်တန်းတွေ၊ ဘာသာစကား သင်တန်းတွေ တက်ပြီး အလုပ်ရအောင် ကြိုးပမ်းနေရ တာမျိုးတွေက ဘယ်သူ့ကိုမှ အပြစ်တင်လို့မရတဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့ပါတယ်။
ငွေကြေး တတ်နိုင်တဲ့မိဘက ပေါက်ဖွားလာသူ၊ မိဘလက်ငုတ် လုပ်ငန်းရှိတဲ့သူတွေအတွက် ဘွဲ့ရ ပြီး အလုပ်တန်း လုပ်လို့ရတယ်။ မိဘက ငွေကြေးတတ်နိုင်တဲ့အတွက် အရင်းအနှီးထုတ်ပေးနိုင် တယ်။ မိဘ ပိုင်လုပ်ငန်းရှိတဲ့အတွက် လုပ်ငန်းဆက်ခံနိုင်တယ်။ ဒီလိုဘဝမျိုး မဟုတ်ဘဲ လက်လုပ်လက်စား မိဘမျိုးက မွေးဖွားလာခဲ့သူဆိုရင်တော့ ဘွဲ့ရတဲ့အခါ အလုပ်တစ်ခုရဖို့က အင်မတန် အရေးကြီးလာပါတယ်။
“ဘွဲ့ရတာ၊ သင်တန်းတက်တာတွေကတော့ စာတွေ့ပေါ့နော်။ လက်တွေ့မှာ ကောင်းကောင်းသိဖို့ အ တွက် အလုပ်ကလုပ်ရမယ်။ဘယ်လောက်ပဲဘွဲ့ရရ၊ ဘယ်လောက်ပဲ သင်တန်းတက်ထားတက်ထား သူ တို့ရဲ့ အလုပ်အတွေ့အကြုံကပဲ စကားပြောသွားတယ်။ လုပ်ငန်းရှင်တွေက အခြေခံလစာသတ် မှတ် ထားတယ်ဆိုတာကလဲ အဲဒါကြောင့်ပါပဲ။ ပြီးတော့ သင်တန်းတွေ တက်တယ်ဆိုတာကလည်း လူငယ်တွေ အတွက် လိုအပ်ချက်ကြောင့် တက် တာလို့ မြင်မိတယ်။ ဒီ ခေတ်မှာက အင်္ဂလိပ်စာကလည်း လိုအပ်တဲ့ အတွက် အင်္ဂလိပ်စာတတ်ဖို့ လိုလာတယ်။ ရုံးတွေမှာ လုပ်မယ်ဆိုရင် လည်း အနည်းဆုံး ကွန်ပျူတာအခြေ ခံတတ်ဖို့လိုအပ်တဲ့အတွက် ကွန်ပျူ တာသင်တန်းက တက်ရမယ်။ အဲဒီ လိုမျိုးပေါ့”လို့ ရေကြည်ရာ ခရီးသွား ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာတစ် ဦးဖြစ်တဲ့ ဦးအေးကျော်က သူ့အမြင်ကို ပြောပါတယ်။
အလုပ်အကိုင်တစ်ခု ရရှိဖို့ သင်တန်း တွေတက်တော့မယ်ဆိုရင် တော့ ယူလာခဲ့တဲ့ ဘွဲ့နဲ့ ကိုယ့်ဝါသနာ မကိုက်ညီတဲ့အဖြစ်လိုမျိုး ထပ်မဖြစ်ဖို့ အရေးပါသလို ကိုယ်ဝါသနာပါတာက ဘာလဲ။ ကိုယ့်အတွက် အခွင့် အလမ်း တွေအများကြီးပေးနိုင်တာက ဘာသင်တန်းလဲ။ ကိုယ်ကျင်လည်ချင်တဲ့ နယ်ပယ်အတွက် အထောက်အပ့ံဖြစ်တဲ့ သင်တန်းက ဘာလဲဆိုတာတွေက အရေးပါလာပါတယ်။ ဒါမှလည်း ငွေကုန်သံပြာမဖြစ်မှာပါ။
“အဓိကက ကိုယ်တကယ် ဘာဖြစ်ချင်လဲ။ ကိုယ်ကဘယ်နယ်ပယ်မှာ အလုပ်လုပ်မှာလဲဆိုတာကို အရင် စဉ်းစားပြီးမှ သင်တန်းတွေ တက်သင့်တယ်။ အခုက သင်တန်းတွေ တက်ပြီးမှ အလုပ်ကိုရွေးချယ်ကြ တယ်။ သင်တန်းတွေ ဘယ်လောက်ပဲတက်တက် ကိုယ်လျှောက်တဲ့ အလုပ်ကို ပြန်ပြီး အကူအညီ မပေး နိုင်ဘူးဆိုရင် အလကားသက်သက် အချိန်ကုန်ပါတယ်။ ငွေကုန်တယ်လေ။ အဲဒီတော့ ကိုယ်ဘာ အလုပ် လုပ်မလဲဆိုတာ အရင်ဆုံးဖြတ်ပါ။ လစာ ၁၈၀,၀၀၀၊ နှစ်သိန်းဆိုတာကလည်း ဘွဲ့ရလို့ပေးတာ မဟုတ်ဘူး။ သူ့အရည်အချင်းကိုပဲ မူတည်ပြီးပေးတာ။ အစ်မတို့အလုပ်မှာဆို ဘွဲ့ ရမရကို မစဉ်းစားဘူး။ ဒီအလုပ်က သူနဲ့ သင့်တော်မတော်၊ သူ ဒီ အလုပ်ကိုလုပ်ဖို့ အရည်အချင်း၊ အတွေ့အကြုံတွေ ရှိမရှိဘဲ စဉ်းစားတယ်” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါတယ်။
ကျွန်မတို့နိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့အတွက် လူတန်းစား ညီမျှမှုလည်း မရှိပါဘူး။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အဘက်ဘက်ကလည်း အားနည်းနေဆဲ ဖြစ်ပါတယ်။ ကျပ်တည်းလာတဲ့ ခေတ်ကျပ်မှာ ပညာရပ် တစ် ခုကို နက်နက်ရှိုင်းရှိုင်း လေ့လာလိုက်စားနေဖို့ အချိန်မပေးနိုင်ဘဲ စားဝတ်နေရေးအတွက်ကိုပဲ လုံးပန်းနေကြရတာပါ။ ဒါကြောင့် ဘွဲ့ရ လို့ အလုပ်တစ်ခုရဖို့ ကြိုးပမ်းနေချိန် မှာ ဒီအလုပ်ကို လုပ်ချင်တယ်။ ဒီ အလုပ်ကိုတော့ မလုပ်ချင်ဘူး ရွေးနေဖို့ကလည်း မိဘကပိုက်ဆံမရှိ သူတွေအတွက် အခွင့်အရေးမရှိပါဘူး။ အရိုးများတယ်၊ ချေးခါးတယ် လုပ်နေလို့မရသလို ဘယ်ပညာရပ်နဲ့ ဘွဲ့ရခဲ့လို့ ဒီအလုပ်ကိုတော့ မလုပ်ချင်ဘူး။ ရွေးချယ်ခွင့်လည်း မရှိဘဲ ဒီအရာကို ငြင်းပယ်လိုက်ရင် နောက် ထပ်အရာတွေဆီ စိတ်ရှည်စွာ လိုက်နေနိုင်ဖို့ အချိန်တွေ၊ ငွေကြေးတွေ အများကြီး မတတ်နိုင်တဲ့အဖြစ်က မြန်မာလူငယ်အများစု ကြုံနေရ တယ်လို့ ဆိုရမလိုပါ။
“ဒီအလုပ်ကြီးကတော့ ၀ါသနာမပါလို့ မလုပ်ဘူးဆိုပြီး လုပ်လို့မှမရတာ။ လစာနည်းရင် ခဏတော့ သည်းခံလိုက်မယ်။ နောက်တော့ ကိုယ်နဲ့သင့်တော်တာတွေ့လာမယ်လို့ ဖြေတွေးပြီး လုပ်နေရတာပဲလေ။ တစ်လတစ်လ ဝင်ငွေလုံးဝမရှိတာ ထက် ဝင်ငွေလေး တစ်သိန်းကျော် ရှိနေတာက ပိုပြီး အဆင်ပြေတာ ကိုး” လို့ မြောက်ဒဂုံမြို့နယ်မှာ လုပ်ကိုင်တဲ့ အရောင်းတာဝန်ခံ တစ်ဦးက ဆိုပါတယ်။
တစ်ဖက်မှာလည်း လစာ မကောင်းမွန်မှု ရဲ့ ဝန်ထုပ်ဝန်ပိုးဟာ နိုင်ငံ့ဝန်ထမ်းတွေအပေါ်လည်း သက်ရောက်မှုကြီးပါတယ်။ နှစ်နှစ် သုံးနှစ်နေမှ ထောင်ဂဏန်းပဲတိုးတဲ့ လစာဟာ ကြိုးစားရင်ကြိုးစားသလို အရာထင်တဲ့ ပုဂ္ဂလိကဝန်ထမ်း ဘဝကို အားကျစရာလည်း ဖြစ်နေပါသေးတယ်။
“အခု အလုပ်လစာကတော့ ဝန်ထမ်းဖြစ်တဲ့အတွက် အပြင် ကုမ္ပဏီလောက်တော့ မကောင်းဘူး။ ရထားတဲ့ဘွဲ့နဲ့ လက်ရှိအလုပ် ရာထူးကတော့ အဆင်ပြေပါတယ်။ ကိုယ်ပိုင် အတွေ့အကြုံနည်းတဲ့အတွက် ထပ်ပြီးလေ့ လာတာတွေတော့ လုပ် ရတာပေါ့။ ကိုယ်တိုင်ကတော့ ဒီ ထက်အများကြီး ပိုရောက်ချင်တယ်။ ဒီထက်ပိုကျယ်ပြန့်တဲ့ လုပ်ငန်းခွင်ကို သွားချင်တယ်”လို့ တောင်ဒဂုံမြို့ နယ်မှာ လုပ်ကိုင်နေတဲ့ ပညာရေးဝန် ထမ်းတစ်ဦးက ဆိုပါတယ်။
နိုင်ငံ့ဝန်ထမ်းဆိုတာက လစာ နည်းပါးပေမဲ့ ဂုဏ်သိက္ခာတစ်ခုအတွက် မက်မောကြသူတွေ ရှိသလို အစိုးရဝန်ထမ်းဖြစ်မှာ သားသမီး အနာဂတ်၊ ဂုဏ်သိက္ခာလှပတင့်တယ်မယ်လို့ ယူဆတဲ့ မိဘတွေကြောင့် ဝန်ထမ်း ခေါ်တိုင်း လျှောက်ထားသူများပေမဲ့ အစိုးရအနေနဲ့ လုံလောက်တဲ့ အလုပ်အကိုင်တွေ ချမပေး နိုင်ပြန်ပါ ဘူး။ ဒီအတွက် ဘွဲ့ရလူငယ်အများစု က ကြုံရာဝင်လုပ်ရတာ များကြပြန်ပါတယ်။ အရေးကြီးတာက အလုပ်တစ်ခုရဖို့နဲ့ ဝမ်းရေးအဆင်ပြေဖို့ ဆိုတဲ့ ဦးတည်ချက်တစ်ခုအပေါ်မှာပဲ မူတည်နေပါ တော့တယ်။
တခြားနိုင်ငံတွေမှာဆိုရင် တက္ကသိုလ်ပညာသင်ယူရမယ့် အရွယ်ရောက်ပြီဆိုတာနဲ့ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်ကြ တယ်။ အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ကျောင်းလခ၊ အဆောင်စရိတ်၊ နေ စရိတ်တွေ ရှာဖွေကြပြီး ကိုယ့်ပညာ ရေးအတွက် ကိုယ်တိုင်ကြိုးပမ်းကြ ပါတယ်။ ကျွန်မတို့ မြန်မာ နိုင်ငံမှာ က ဘွဲ့ရတဲ့အထိ မိဘက ကျောင်းထားပေးကြရတာများပြီး မိဘက မတတ်နိုင်တဲ့အဆုံးကျမှ သားသမီး တွေက အလုပ်လုပ်ကြတာပါ။ ဒါကြောင့် အလုပ်ဆိုတဲ့ အရာ၊လုပ်ငန်းခွင်ဆိုတဲ့ ကျင်လည်မှုတွေနဲ့ လူငယ် အများစုက မထိတွေ့ဖူးကြတဲ့အတွက် လူငယ်တွေ ဘွဲ့ရပြီးလို့ လုပ်ငန်းခွင် ဝင်ရောက်တဲ့အခါ အခက် တွေ့ကြရပြန်ပါ တယ်။
ဒီလိုမျိုးအခက်ကြုံတာကြောင့် လူငယ်တွေဟာ လစာကောင်းမွန်တဲ့ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်စတဲ့နိုင်ငံ တွေဆီ အလုပ်လုပ်ဖို့အတွက် ကြိုးပမ်းကြသလို မြန်မာနိုင်ငံက လစာထက် ၁၀ ဆလောက် ပိုရပေမဲ့အလုပ် ကြမ်းပဲလုပ်ရဖို့များတဲ့ ကိုရီးယားလို နိုင်ငံဆီကိုသွားပြီးလုပ်ချင်တဲ့ ဘွဲ့ရလူငယ်တွေလည်း အများအပြား ဖြစ် နေပါတယ်။
အစိုးရစာရင်းတွေအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ ခုနစ်လအတွင်း ပြည်တွင်းက အစိုးရ ဌာနတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေမှာ အလုပ်ရရှိသူ ၁၈၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း၊ ဂျပန်၊ ယူအေအီး၊ ဂျော်ဒန်၊ ကာတာ၊ မကာ အိုစတဲ့ နိုင်ငံတွေမှာ တရားဝင်သွားရောက် လုပ်ကိုင်နေသူ ၁၇၀၀၀၀ ကျော်ရှိပါတယ်။ ဒါ့ကြောင့် ခုနစ်လ အတွင်းပြည်တွင်းပြည်ပမှာ အလုပ်သမား သုံးသိန်းခွဲကျော်ကို အစိုးရက အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့တယ်ဆိုတဲ့အခြေအနေကို တွေ့ရပါတယ်။
အဓိကက ကိုယ်တကယ် ဘာဖြစ်ချင်လဲ။ ကိုယ်က ဘယ်နယ်ပယ်မှာ အလုပ်လုပ်မှာလဲ ဆိုတာကို အရင်စဉ်းစားပြီးမှ သင်တန်းတွေ တက်သင့်တယ်။ အခုက သင်တန်းတွေ တက်ပြီးမှ အလုပ်ကိုရွေးချယ်ကြတယ်။ သင်တန်းတွေ ဘယ်လောက်ပဲတက်တက် ကိုယ်လျှောက်တဲ့အလုပ်ကို ပြန်ပြီး အကူအညီ မပေးနိုင်ဘူးဆိုရင် အလကားသက်သက် အချိန်ကုန်ပါတယ်။ ငွေကုန်တယ်လေ။ အဲဒီတော့ ကိုယ် ဘာအလုပ်လုပ်မလဲ ဆိုတာ အရင်ဆုံးဖြတ်ပါ။ လစာ ၁၈၀,၀၀၀၊ နှစ်သိန်းဆိုတာကလည်း ဘွဲ့ရလို့ပေးတာ မဟုတ်ဘူး။ သူ့အရည်အချင်းကိုပဲ . . .
အစိုးရက ခုနစ်လအတွင်း အလုပ်အကိုင် နေရာ သုံးသိန်းခွဲ ကျော်ရှာဖွေပေးတယ်ဆိုတာ နည်း ပါးနေပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံမှာ လုပ်ကိုင်ဖို့အတွက် အစိုးရက ရှာပေးနိုင်တဲ့အလုပ်တွေကလည်း ညစ်ပတ်တဲ့၊ အန္တရာယ်များတဲ့၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အလုပ်တွေပဲများပါတယ်။ မြန်မာနိုင်ငံ မှာဆို အလုပ်လုပ်နိုင်တဲ့အသက်အရွယ်အပိုင်း အခြားရှိသူ ၂၂ သန်း အထိရှိနေပါတယ်။ ဒီ ၂၂ သန်းသော ပြည်သူတွေအားလုံးဟာ လုပ်ငန်းခွင်မှာ အလုပ်အကိုင်ကောင်းတွေ ရနေကြတာ မဟုတ်သလို ရထားတဲ့ ဘွဲ့နဲ့ ၀ါသနာနဲ့ ကိုက်ညီတဲ့အလုပ်တွေမှာ လခကောင်းကောင်းနဲ့ ရပ်တည်နေတာလည်း မဟုတ်ကြသူ များပါတယ်။ ဘွဲ့ရပညာတတ်ပြီး အလုပ်အကိုင်ကောင်းတစ်ခု မရသေးတဲ့သူတွေရှိသလို အတန်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာ မတတ်တဲ့အတွက် အလုပ်အကိုင် မရှာဖွေနိုင်တဲ့သူတွေလည်း အများကြီးရှိနေပါသေးတယ်။
ဒါ့ပြင် လူငယ်တွေ ကြုံနေတဲ့ အကြီးဆုံးအခက်အခဲက လုပ်ငန်းအတွေ့အကြုံရယ်ဆိုလို့ ပြစရာမရှိ။ ကျောင်းတက်နေစဉ် မိဘတွေက အပြည့်အဝထောက်ပံ့ပေးထားတဲ့အတွက်လည်း အလုပ်လုပ်စရာ မလို။ လုပ်ငန်းအတွေ့အကြုံရှိ အောင် အလုပ်လုပ်ချင်ပါ တယ်ဆိုရင်တောင် အခြားနိုင်ငံတွေလိုမျိုး အချိန်အကန့်အသတ်နဲ့ လုပ်ရတဲ့ အလုပ်မျိုးတွေကလည်း မရှိသလောက် ရှားပါးပါတယ်။ ကျောင်းပြီး လို့ လုပ်ငန်းခွင်ဝင်တဲ့အခါ လုပ်ငန်းအတွေ့အကြုံပြစရာရှိအောင် အလုပ်လုပ်ချင်တယ်ဆိုပြန်တော့ လည်း တခြားနိုင်ငံတွေလို အလုပ်အကိုင်တွေ မဖန်တီးပေးနိုင်။ ဒီအပြင် ပညာရေးစနစ်ကလည်း အား နည်းနေတော့ သင်ယူခဲ့ရတဲ့ တက္ကသိုလ်မှာလည်း စာတွေ့ကအားနည်း၊ လက်တွေ့က ထင်သလောက်မတတ် မြောက်နဲ့ မည်ကာ မတ္တဘွဲ့ရရုံဆိုတဲ့ အခြေအနေဟာ မြန်မာလူငယ်တွေ အတွက် အခက်ခဲဆုံးအခြေအနေ ဖြစ်သလို ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတစ်ခုဆီသွားဖို့အတွက် အစိုးရတာဝန်ရှိ သူတွေက ဒီအခြေအနေဆိုးကိုကျော်လွန်နိုင်တဲ့ ပညာရေးမူဝါဒတွေ ပြင်ဆင် ချမှတ်ဖို့ လိုအပ်မှာပါ။
“ကျောင်းတက်ရင်း အရမ်းအလုပ်လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ သိတဲ့ အတိုင်း အချိန်ပိုင်း အလုပ်တွေက မရှိဘူး။ ကျောင်းတက်ရင်း အလုပ်လုပ်တာဆိုလို့ အွန်လိုင်းပစ္စည်း လိုက်ပို့တာတွေ၊ အွန်လိုင်းမှာ စျေး ရောင်းဖို့ လုပ်တာတွေနဲ့ တစ်ခါ တလေ အချိန်ပိုင်း စားပွဲထိုးလုပ်တာတွေပဲရှိတယ်။ အဲဒါတွေက လည်း အလုပ်လူခေါ်ပြီး ငါးမိနစ် လောက်ဆို လူပြည့်ပြီ။ ဒီမှာက အလုပ်တွေက နည်းပြီး အလုပ်လို ချင်တဲ့သူတွေက များနေတာလေ။ လစာမတန်တဆ နည်းနည်းပဲပေးတာတောင် လုပ်နေကြရတယ်” လို့ ဒဂုံတက္ကသိုလ်က ကျောင်းသူတစ်ဦးက ပြောပါတယ်။
ခြုံကြည့်ရမယ်ဆိုရင် ကျွန်မတို့နိုင်ငံက ဘွဲ့ရလူငယ်တွေဟာအလုပ်အကိုင်ရဖို့ ဘာကြောင့် ဒီလောက် တောင် ခဲယဉ်းနေရသလဲဆိုတာ စဉ်းစားစရာပါ။ တစ်နှစ်တစ်နှစ် ဘွဲ့ရခဲ့ တဲ့ လူငယ်တွေအကုန်လုံးက လုပ် ငန်းခွင်တွေထဲ အကုန်ဝင်ရောက်နိုင်ကြသလား။ တွေ့ရာကြုံရာ အလုပ် တွေမှာပဲ ဝင်ရောက် လုပ်ကိုင်နေကြ ရတာလား။ ဒီလိုအဖြစ်တွေက ပညာရေးစနစ်ကြောင့်လား။ ဘယ်လို အရာတွေကြောင့်လဲဆိုတာ ကျွန်မတို့ စဉ်းစား အဖြေရှာကြည့်ဖို့ အချိန်တန်ပြီထင်ပါတယ်။










