(၁)
လူကြီးတွေများ ပြောပါတယ်၊ လိုတစ်မျိုး မလိုတစ်မျိုးနဲ့ စကားကို အမျိုးမျိုးပြောတတ်ကြတယ်။ ဒီစကားကို အလကားပြောတာ မဟုတ်ပါဘူး။ ရှေးလူကြီးတွေ ထားခဲ့ကြတဲ့ ဆိုရိုးစကားတွေကို ကိုးကားပြီးပြောတာ။ တစ်နေရာ ဆိုရိုးတစ်ခုမှာ ဒါကို အဖြူဆိုပေမဲ့ နောက်တစ်နေရာကျတော့ အမည်းဖြစ်သွားပြန်ရော။ ဒါလည်း ဖြစ်နိုင်တာပါပဲ။ ပထမပြောသူက တစ်ဦး၊ နောက်စကားဆိုသူက တစ်ယောက် ကွဲနိုင်တာကိုး။ တစ်ယောက်တည်းတောင်မှ အချိန်ကာလနဲ့ နေရာဒေသအလျောက် ကမောက်ကမတွေ၊ ကဘောက်တိကဘောက်ချာတွေ၊ ရှေ့နောက်မညီစွာဆိုတတ်ကြတာကိုး။ ဘုရားဟော အရှိသားဗျာ၊ ပုထုဇဉ်တွေဟာ အရူးတဲ့။
(၂)
အရူးတွေဆိုတော့လည်း အရူးစကားပြောကြတာပ။ မိန်းကလေးဆိုတာ အဆင်းရှိမှတဲ့။ ပြင်ပြင်ဆင်ဆင်လေး နေတတ်မှတဲ့။ ဟော အဲသဟာနဲ့ ဆန့်ကျင်ဘက်ပြောသူကလည်း ပြောရဲ့။ အလှဆိုတာ အရေပြားတစ်ထောက်သာတဲ့။ အလှအပနဲ့ အဝတ်အစားကို မက်မောလွန်းပြီး သိပ်ရှေ့တန်းတင်လွန်းရင် မကောင်းဘူးတဲ့။ မျက်နှာမှာ သနပ်ခါးပေါင်မှာ ဘာဆိုလားတဲ့။ အလှအပကို ဦးစားပေးလွန်းရင် မှားတတ်သတဲ့။
(၃)
ခက်တာက လူတွေကိုင်ထားတဲ့ ပေတံတွေက စံမတူကြဘူးလေ။ ကိုယ့်ပေတံနဲ့ ကိုယ်တိုင်းကြတယ်။ ကိုယ်မြင်တာ ကိုယ်ပြောတယ်။ ကိုယ်ထင်တာ ကိုယ်လုပ်တယ်။ ကောင်းကောင်း ဆိုးဆိုး မှားမှား မှန်မှန် ထောက်ခံတဲ့ ပရိသတ် အားကောင်းတဲ့အခါ မျောက်ကလည်း မင်းသားဖြစ်တာပေါ့။ တကယ်တတ်ကျွမ်းနားလည်တဲ့ အကပညာရှင်ကတော့ သိတယ်။ ဒါပေမဲ့ သူပြောတာ အရာမထင်နိုင်တဲ့နေရာမှာ သွားပြောမိရင်၊ ဝေဖန်မိရင် အနည်းဆုံး အဟားခံရမယ်။ အရူးပြောခံရမယ်။ ကံမကောင်းရင် အန္တရာယ် ရှိနိုင်တယ်။ အဲဒီတော့ ရှေးပညာရှိကြီး တစ်ပါးပြောသလို အရူးတွေနဲ့ သွားမငြင်းတာ ကောင်းပါတယ်ဆိုပြီးနေရော။
(၄)
အငြင်းအခုံဆိုတာ ငါ့စကားနွားရ ပြောတာမျိုးမဟုတ်ဘဲ ကြောင်းကျိုးဆီလျော်စွာ ဆွေးနွေးတာမျိုးကို အားပေးသင့်ပါတယ်။ အချေအတင် စကားပြိုင်တာဟာ စကားအနိုင်လုတာမဟုတ်ဘူး ဆိုတာကိုလည်း သတိချပ်ရမှပါ။ အသေးအဖွဲတွေကအစ ဂရုစိုက်ရတယ်၊ မစိုက်ရင် ဒုက္ခရောက်တတ်တယ်ဆိုသူက မြင်းခွာသံတစ်ချက် မနှက်မိလို့ စစ်ပွဲကြီးရှုံးရတယ် ဘာညာပြောတယ်။ သူနဲ့ ဆန့်ကျင်ဘက်ကလည်း အရေးမကြီးတာတွေနဲ့ အချိန်ကုန်နေရင် အရေးကြီးတာတွေနဲ့ လွဲတတ်တယ်။ ကျောက်ခဲတွေချည်း ကောက်မနေနဲ့ စသဖြင့် ပြောပြန်ရော။
(၅)
အဲဒီကျောက်ခဲတွေချည်း ကောက်နေတယ်ဆိုတာမျိုးကို စစ်တုရင်မှာလည်း သုံးနှုန်းတာရှိတယ်။ နယ်တွေချည်း လိုက်ပြီးစားနေတဲ့ နယ်စားကြီးတဲ့။ ဘိုစာနဲ့ စစ်တုရင်မှာရေးတော့ Pawn Grabber။
နယ်လေးတွေဟာ စစ်တုရင်မှာ အရေးပါတယ်၊ မှန်တယ်။ နယ်တစ်ရုပ်ဟာ စစ်တုရင်တစ်ပွဲရဲ့ အရှုံးအနိုင်ကို အဆုံးအဖြတ်ပြုနိုင်တယ်လို့ စစ်တုရင်ပဂေးကြီးတွေက ပြောတယ်။ အဲဒါချည်းသက်သက် အခြေခံပြီး ပြောရင် အလကားရတဲ့နယ်တွေ လိုက်စားနေသူကို မှားတယ်လို့ မဆိုနိုင်ဘူး။
ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါဆိုတာ ရှိတယ်။
(၆)
၁၉၇၂ ခုနှစ်က အိုက်စလန်နိုင်ငံ ရေကယာဗစ်မြို့တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စစ်တုရင်ချန်ပီယံလုပွဲကို သိမီသူတွေ မှတ်မိကြမှာပါ။ ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံက စစ်တုရင်အကျော်အမော်တွေ ပြိုင်ကြတဲ့ပွဲ ဖြစ်တာကြောင့် စိတ်ဝင်စားမှုရေချိန်က အရမ်းမြင့်ခဲ့တယ်။ စစ်တုရင်ဆိုတာ ဘာမှန်းမသိသူတွေတောင် စစ်တုရင် သင်ကြ၊ ကစားကြ စစ်တုရင်အကြောင်း ပြောကြနဲ့ စစ်တုရင် တစ်ခေတ်ထခဲ့တာ။
အဲဒီအချိန်က ကမ္ဘာ့ချန်ပီယံ ဘောရစ်စပက်စကီး (Boris Sapassky) က ဆိုဗီယက် ပြည်ထောင်စုက။ စိန်ခေါ်သူ ဘော်ဘီဖစ်ရှာ (Bobby Fischer) က အမေရိကန်ပြည် ထောင်စုက။
ပွဲမစခင်ကတည်းက လေသေနတ်တွေ ပစ်ကြခတ်ကြ။ ဖစ်ရှာကလည်း ဟိုဟာဒီဟာ ဘာဘာညာညာ တောင်းဆိုချက်တွေထုတ်။ ပွဲက ဖြစ်မလိုလို ပျက်မလိုလိုတွေနဲ့ နောက်ဆုံးမှာ ကစားဖြစ်ခဲ့တယ်။
၁၉၇၂ ခုနှစ် ဇူလိုင် ၁၁ ရက် ပထမပွဲမှာ စပက်စကီးက အဖြူရုပ်ကိုင်ကစားပြီး ဘုရင်မနယ်စစ်ဖွင့်တာကို ဖစ်ရှာက နင်ဇိုအင်ဒီယန်ခံစစ် (Nimzo Indian Defense) နဲ့ ခုခံခဲ့တယ်။ နောက်ဆုံး တစ်ဘက်ကို ဘုန်းကြီးတစ်ရုပ်နဲ့ နယ်ခြောက်ရုပ်စီသာ ကျန်ပြီးသရေကျဖို့ ရာနှုန်းပြည့်နီးပါးဖြစ်နေချိန် ရွှေ့ကွက် ၂၉ မှာ ဖစ်ရှာ မဟာအမှားကြီးရွှေ့ခဲ့တယ်။ စပက်စကီးရဲ့ ညာအစွန်ထောင့်ဆုံးက လွတ်နေတဲ့နယ်ကလေးကို သူ့ဘုန်းကြီးနဲ့ ပြေးစားရာမှာ အပိတ်ခံရပြီး ဘုန်းကြီးကျသွားတယ်။ အဲဒီပထမပွဲ ရှုံးသွားတယ်။
(၇)
ပထမပွဲ ရှုံးသွားချိန်မှာ သာမန်စစ်တု ရင်သမားတစ်ယောက်တောင် မြင်နိုင်တာကို ဖစ်ရှာ ဘာကြောင့်မှားရသလဲဆိုတဲ့ ဝေဖန်သံတွေ ညံခဲ့တယ်။ ဖစ်ရှာဘက်တော်သားတွေကလည်း နည်းနည်းလေးမှ မလျှော့ဘဲ ဒါသက်သက် အရှုံးပေးလိုက်တာ၊ စပက်စကီးကို အကျောပေးထားတာ စသဖြင့် တုံ့ပြန်ခဲ့ကြတယ်။ ဘာဖြစ်ဖြစ်ပါ၊ ဒီအနေအထားဟာ အလကားရတဲ့ နယ်တွေကို လျှောက်စားရင် ဘာဖြစ်တတ်သလဲဆိုတာ သင်ပြပေးဖို့ နမူနာကောင်းတစ်ခုအဖြစ် သမိုင်းတင်ခဲ့တယ်။ လုံလောက်တဲ့ သင်ခန်းစာတစ်ရပ် ဖြစ်ခဲ့ပြီလား။
(၈)
လူဆိုတာ လောဘသား။ လူဆိုတာ မှားတတ်တဲ့သတ္တဝါဆိုတော့လည်း သင်ခန်းစာတွေ ဆက်ပြီး ရနေတာပါပဲ။ မျက်မှောက်ခေတ်မှာ ကစားသွားခဲ့ကြတဲ့ စူပါဂရင်းမာစတာ နှစ်ယောက်ရဲ့ ပွဲမှာလည်း အလားတူ တွေ့ခဲ့ရပါတယ်။
ဒီပွဲမှာ အဖြူရုပ်ကိုင်တဲ့ နာကာမူရာ (GM Hikaru Nakamura) က အေရိုနီယန် (GML Levon Aronian) ရဲ့ ညာစွန်က လွတ်နေတဲ့နယ်ကလေးကို ဘုရင်မနဲ့သွားစားရာမှာ ဘုရင်မကြီး လှပစွာ အပိတ်ခံရပြီး ရှုံးသွားခဲ့တာပါ။
(၉)
ဒီလို အစွန်အဖျားက အရေးမပါတဲ့နယ်ကိုသွားစားပြီး ကစားကောင်ပိတ်မိသွားလို့ ကျသွားတာ ပုံစံတူတွေ ဖြစ်တတ်ပါတယ်။ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ပုံစံတွေ၊ အကြောင်းရင်းခံတွေကို လေ့လာသလို စစ်တုရင်မှာလည်း အလားတူ လေ့လာကြရတာမျိုးရှိပါတယ်။ စာအုပ်စာတမ်းတွေလည်း ရှိပါတယ်။ “စစ်တုရင်တွင် ပုံစံအနေအထားများကို လေ့လာမှတ်သားခြင်း” (Recognizing Pattern in Chess) ဆိုတာ လိုအပ်ပါတယ်။
(၁၀)
အသေးအဖွဲလေးကအစ သတိထားရမယ်၊ ဂရုစိုက်ရမယ်ဆိုတာမျိုးဟာ ဘယ်လိုအသေးအဖွဲမျိုးကို ဘယ်အချိန်မှာ ဘယ်လောက် အလေးထားရမယ်ဆိုတဲ့ အချက်တွေနဲ့ ချိန်စက်ရမှာပါ။ ဒီလိုချင့်ချိန်နိုင်ဖို့ ပညာလိုပါတယ်။ စဉ်းစားတွေးခေါ် ဆင်ခြင်နိုင်စွမ်းလိုပါတယ်။ အတွေ့အကြုံဗဟုသုတ လေ့လာမှု လိုပါတယ်။
စစ်တုရင်လိုမျိုးပဲ လူ့သမိုင်းမှာ ပုံစံတူတွေ ဖြစ်ပျက်နေတတ်ပါတယ်။ အကောင်းဘက်က အသုံးချနိုင်ရင်၊ အကျိုးဖြစ်ထွန်းအောင် စွမ်းဆောင်နိုင်ရင်ကောင်းပါတယ်။ အညစ်ထဲမှာပဲ တဝဲလည်လည်ဖြစ်ပြီး အဆိုးသံသရာက မထွက်နိုင်ကြဘူးဆိုရင်တော့ တစ်ခုခုမဟုတ်ပါဘူး၊ အများကြီးမှားနေပြီလို့သာ ဆိုရတော့မှာပါ။










