အဂတိတိုက်ဖျက်ရေးနှင့် သမာသမတ်

အဂတိတိုက်ဖျက်ရေးနှင့် သမာသမတ်
Published 11 September 2019



အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ဖမ်းဆီးခံရသည့် အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်နှင့် ပတ်သက်၍ အဂတိကော်မရှင်အပေါ် ဝေဖန်မှုများ၊ မေးခွန်းထုတ်မှုများ လတ်တလောတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် အဂတိကော်မရှင်၏ စစ်ဆေးဆောင်ရွက်မှုများတွင် နိုင်ငံရေးအာဏာ ရယူထားသူများ၏ အဂတိအပေါ် အရေးယူမှုနှင့် သာမန်ဝန်ထမ်းများ၊ အရာထမ်းများအပေါ် အဂတိဖြင့် အရေးယူမှုများနှင့် နှိုင်းယှဉ်ကာ ဝေဖန်မေးခွန်း ထုတ်နေကြခြင်းလည်း ဖြစ်သည်။ အဂတိကော်မရှင်သည် BPI စက်ရုံမှူးအား ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ ဝယ်ယူခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေကြောင်း စစ်ဆေးပေါ်ပေါက်သည် ဟုဆိုကာ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့သည်။

သို့သော်လည်း ၎င်းအား ပထမဦးဆုံးအကြိမ် ရုံးထုတ်သည့်နေ့တွင် BPI ဆေးဝါးစက်ရုံ ဝန်ထမ်းများက စက်ရုံမှူး ဒေါက်တာအောင်ဇော်၏ ကိုယ်ကျင့်သိက္ခာကို ယုံကြည်သဖြင့် ဟုဆိုကာ တရားရုံးသို့ လာရောက်၍ ဝန်းရံခဲ့ကြသည်။ အဂတိမှုများဖြင့် တရားစွဲဆိုခံရသော ဖြစ်စဉ်များတွင် စွပ်စွဲခံရသူဘက်မှ ယင်းကဲ့သို့ လုပ်ဖော်ကိုင်ဖက်များက ထောက်ခံဝန်းရံမှုမှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး ယင်းကြောင့်ပင် အဂတိကော်မရှင်၏ ဆုံးဖြတ်လုပ်ဆောင်ချက်နှင့် တာဝန်ရှိသူများ၏ အဂတိတိုက်ဖျက်ရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ လူမှုကွန်ရက်တွင် ဒေါက်တာအောင်ဇော်၏ အမှုနှင့် ပတ်သက်၍ အငြင်းပွားစရာများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည့်နောက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ကော်မရှင်သည် စက်ရုံမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၏ ကြိုးစားအောင်မြင်မှုများကို အသိအမှတ်ပြုကြောင်း၊ စက်ရုံမှူးအပေါ် ဝန်ထမ်းများ၏ ထောက်ခံချက် အများအပြားကိုလည်း လက်ခံစဉ်စားပေးခဲ့ကြောင်း၊ သို့ရာတွင် ကော်မရှင်၏ လုပ်ငန်းတာဝန်နှင့် သဘောသဘာဝအရ သူတစ်ဦးတစ်ယောက်၊ ဌာနအဖွဲ့အစည်း တစ်ခု၏ အကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွား ယှဉ်လာသည့် အခါတွင် အများပြည်သူ အကျိုးစီးပွားအတွက် ဦးစားပေးကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ ခိုင်လုံသော အထောက်အထားများ ပေါ်ပေါက်နေသည့်အပြင် အများပြည်သူ လူထုအတွက် ရည်ရှည်တွင် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသဖြင့် လေးလေးနက်နက် စဉ်းစားချင့်ချိန်၍ ဥပဒေအရအရေးယူရန် ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း BPI စက်ရုံမှူးကို အဂတိဖြင့် တရားစွဲဆိုခဲ့ခြင်းသည် အစိုးရ၏ အဂတိတိုက်ဖျက်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ လူအများ၏ ယုံကြည်မှုအတွက် ပြောစရာများ ရှိလာခဲ့သည်။

မည်သို့ပင်ဆိုစေ အဂတိလိုက်စားမှုဟူသည် အစိုးရအပေါ် အယုံအကြည်မဲ့စေနိုင်ပြီး အစိုးရ၏ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို လျော့ကျစေနိုင်သည်။ အဂတိလိုက်စားမှုများသည် တန်းတူညီမျှမှု မရှိခြင်းကို ပိုမိုဆိုးရွားစေနိုင်ပြီး လူထုအတွင်း မကျေနပ်ချက်များ ကြီးထွားလာကာ အကြမ်းဖက်မှုများ၊ အစွန်းရောက်မှုများနှင့် ပဋိပက္ခများဆီသို့ ဦးတည်သွားစေနိုင်သည်။ အဂတိလိုက်စားမှုသည် ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေသောကြောင့် အကျိုးရလဒ်အနေဖြင့် စီးပွားရေးကြီးထွားမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ထိခိုက်စေနိုင်သည်။ ဆင်းရဲသောနိုင်ငံ တစ်နိုင်ငံအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိရောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက စီးပွားရေးဖွံ့ဖြိုးမှုနှင့် တိုးတက်သော စီးပွားရေး အခြေခံကောင်းများကို တည်ဆောက်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။

ဆင်းရဲသောနိုင်ငံ တစ်နိုင်ငံတွင် ဆင်းရဲမွဲတေမှု လျှော့ချရေး၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် အဓိက ဆောင်ရွက်ရမည့် အချက်ဖြစ်ပြီး  “အဂတိလိုက်စားတဲ့ အရာရှိတွေသာ မရှိရင် ဆင်းရဲတဲ့လူတွေလည်း မရှိဘူး” ဟူသည့် ကြွေးကြော်မှုမျိုးသည်လည်း အဂတိတိုက်ဖျက်ရေးအတွက် ထိရောက်သည့် ကြွေးကြော်မှုဟု ဆိုနိုင်ပေသည်။ ပြည်သူလူထုမှာ ဆင်းရဲတွင်း နက်သထက်နက်လာပြီး ရုတ်တရက် ချမ်းသာကြွယ်ဝလာသည့် အရာရှိများသာ တိုး၍တိုး၍ ထွက်ပေါ်လာနေမည်ဆိုလျင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်များသည် မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မည်။

အစိုးရအပေါ် ယုံကြည်မှုကို ယိုယွင်းပျက်စီးစေသောကြောင့် အဂတိလိုက်စားမှုကို  ဝေဖန်ရှုတ်ချပြီး အဂတိ လိုက်စားသည့် အရာရှိများကို ပြတ်ပြတ်သားသား တရားစွဲဆို အပြစ်ပေးရမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။  အဂတိလိုက်စားမှုသည် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး မတိုးတက်ရခြင်းတို့၏ အဓိက အကြောင်းတရား ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ကြသည်ဖြစ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟူသည် မဲဆန္ဒရှင် ပြည်သူများအတွက် အစွဲဆောင်နိုင်ဆုံး မဲဆွယ်ရေးကတိ တစ်ရပ်လည်းဖြစ်သည်။

သို့သော်လည်း ဘက်မလိုက်၍ မျှတသော အဂတိတိုက်ဖျက်မှုမျိုး မဟုတ်ပါက ပြည်သူတို့၏ ယုံကြည်မှုကို မရရှိနိုင်ပေ။ အဂတိတိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် အကြီးအသေး အနိမ့်အမြင့် မရွေးဘဲ တန်းတူအရေးယူ ဆောင်ရွက်မှု မလုပ်နိုင်ပါက နိုင်ငံရေးအရ ကြွေးကြော်မှုသက်သက် ရွေးကောက်ပွဲအတွက် စွဲဆောင်မှုသက်သက် ဆောင်ရွက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ သို့ဖြစ်ရာ အဂတိကော်မရှင်အနေဖြင့် မှန်ကန်သော ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်လိုလျှင် နိုင်ငံရေးအာဏာ ရယူထားသူများ၏ အဂတိများ အပေါ်တွင်လည်း လွတ်လပ်၍ ပွင့်လင်းမြင်သာစွာ စစ်ဆေးအရေးယူမှု လုပ်ဆောင်နိုင်ရန်နှင့် အဂတိတွင် သမာသမတ်ရှိမှုသည် အရေးကြီးကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent