၂၀၂၀ နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မူအားဖြင့်သဘောတူ

၂၀၂၀ နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မူအားဖြင့်သဘောတူ
စက်တင်ဘာ ၁၀ ရက်က အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA-SEAO ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
စက်တင်ဘာ ၁၀ ရက်က အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA-SEAO ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Published 10 September 2019



၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရန် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ မူအားဖြင့် သဘောတူထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစု အဖွဲ့များ ပါဝင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ မှန်းထားတာကတော့ NCA လေးနှစ်ပြည့် နှစ်ပတ်လည်ကနေ Process ကို ပြန်စတင်ဖို့၊ ပြီးရင် ကျွန်တော်တို့ အလုပ်တွေရှိတယ်။ ဒီကြားထဲမှာ လုပ်ရမယ့် အဆင့်တွေ။ မျှော်မှန်းလိုက်တော့ ၂၀၂၀ နှစ် ဆန်းပိုင်းပေါ့နော်။ နှစ်ဆန်းပိုင်းတော့ ကျွန်တော်တို့ ကျင်းပဖြစ်မှာပါ။ နှစ်ဖက်စလုံးကတော့ မူအားဖြင့် သဘောတူထားတာ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရကိုယ်စားလှယ်အဖွဲနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ယခုတွေ့ဆုံမှုတွင် NCA အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ ၂၀၂၀ အလွန်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ မည်သို့ရှာဖွေ တည်ဆောက်မည်ဆိုသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများအား မည်သို့သဘောတူညီမှု ရယူကြမည်ဆိုသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် ၂၀၂၀ အလွန်တွင် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များအတွက် အဆင့်လိုက် မည်သို့သွားမည်ဆိုသည့် ကိစ္စရပ်များကိုလည်း ယခုတွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများမှ ဖက်ဒရယ်အခြေခံမူ (၅၁) ချက်ရှိပြီး အဆိုပါ (၅၁) ချက်နှင့် လာမည့်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှ ရရှိလာမည့် ဖက်ဒရယ်အခြေခံမူများကို ပေါင်းစု၍ ဖက်ဒရယ်ပုံစံတစ်ခု ထုတ်ယူသွားရန်ရှိကြောင်း ဦးဇော်ဌေးက ဆိုသည်။

“အဲဒီတော့ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျရင် ကျွန်တော်တို့ အစိုးရအနေနဲ့ ချုပ်ဆိုချင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) က ဒါတွေအားလုံးကို ခြုံငုံတဲ့ဟာမျိုးဖြစ်မယ် ဆိုပြီးတော့ အဆိုပြုပါတယ်။ အထူးသဖြင့်တော့ ဒီ NLD အစိုးရသက်တမ်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ခဲ့ပြီ။ စတင်ခဲ့ပြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးတွေ သုံးကြိမ်အထိ ကျင်းပပြီးပြီ။ ဒီသုံးကြိမ်ပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံရေး သဘောတူညီချက် အခြေခံမူတွေကတော့ (၅၁) ချက်ရထားပြီးပြီ။ ရထားပြီးတဲ့အပြင် နောင်လာမယ့် ၂၀၂၀ ကာလအတွက် ကျွန်တော်တို့ ဘယ်လို ဆက်သွားမလဲဆိုတဲ့ သဘောတူညီချက်တွေကိုပါ ပြန်ချုပ်လိုက်တာကိုး။ ဆိုရရင်တော့ ကျွန်တော်တို့ အဆိုပြုတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) သည် ဒီအစိုးရသက်တမ်း ငါးနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး သဘောတူညီချက်တွေ အားလုံးလည်း ပါဝင်ရမယ်။ နောက်လာမယ့် ၂၀၂၀ ကာလအလွန်အတွက် အဆင့်တွေလည်း ပါဝင်ရမယ်။ ပြီးရင် ဘယ်လိုဖက်ဒရယ် မျိုးလည်းဆိုတဲ့ ခေါင်းဆောင်တွေကြားက သဘောတူညီချက် ဖက်ဒရယ်ဗားရှင်း၊ ဖက်ဒရယ်ဖရိန် ပါတဲ့ဟာလည်း ပါရမယ်ဆိုတဲ့ ခြုံငုံသုံးသပ်ချက်နဲ့ ကျွန်တော်တို့က Union Accord Part (3) ကို ကျွန်တော်တို့က အဆိုပြုပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ “ကျွန်တော်တို့ အခုအစိုးရဆီကရတဲ့ အဆိုပြုချက်တွေကို ကျွန်တော်တို့ ယူသွားပြီးတော့ ကျွန်တော်တို့ပေးတဲ့ အဆိုပြုချက် အစိုးရကယူသွား။ ဒီနှစ်ခုကို ကျွန်တော်တို့ ပေါင်းစပ်ပြီးတော့ ဒီဟာကို နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ အဆိုပြုချက်ဖြစ်ရင် UPC က ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ရက်အကန့်အသတ်မှာ ဖြစ်လာဖို့ အစီအစဉ် ရှိပါတယ်” ဟုလည်း NCA-S EAO ဘက်မှ နိုင်အောင်မငေးက ပြောကြားသည်။

ယခုတွေ့ဆုံပွဲတွင် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ တင်ပြထားသည့် နိုင်ငံရေး ဆွေးနွေးပွဲများ ရှေ့ဆက်သွားနိုင်ရေး အဆိုပြုချက် (၄) ချက်ကို ဆက်လက်ဆွေးနွေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်က ၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် သွားနိုင်ရေး အဆိုပြုချက်များကို ဆွေးနွေးခဲ့ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း နှစ်ဘက်ကိုယ်စားလှယ်များက ပြောကြားသည်။

လာမည့် အောက်တိုဘာ ၁၅ ရက်တွင် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားရှိပြီး အဆိုပါ အခမ်းအနား မတိုင်မီ သို့မဟုတ် အခမ်းအနားအပြီးတွင် NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူရန် အစိုးရဘက်က အဆိုပြုခဲ့ကြောင်းလည်း သိရသည်။

 

Most Read

Most Recent