စီးပွားရေးအကျပ်အတည်းနှင့် ပြည်သူများကြားက ဘဏ်ဂယက်

စီးပွားရေးအကျပ်အတည်းနှင့် ပြည်သူများကြားက ဘဏ်ဂယက်
ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုအတွင်း ဘဏ်ဝန်ထမ်းများ  ဘဏ်လုပ်ငန်း လုပ်ဆောင်နေစဉ်
ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုအတွင်း ဘဏ်ဝန်ထမ်းများ  ဘဏ်လုပ်ငန်း လုပ်ဆောင်နေစဉ်
Published 9 September 2019
စည်သူအောင်

သြဂုတ်လနှောင်းပိုင်းတွင် ဘဏ်များမှ ချေးငွေ ရယူထားသော စီးပွားရေးလုပ်ငန်းရှင်အချို့ ချေးငွေပြန်ဆပ်ရန် အခက်အခဲများ ဖြစ်နေသည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဘဏ်များက ၎င်းတို့ ထုတ်ချေးထားသော ကြွေးမြီများကို စက်တင်ဘာလကုန် နောက်ဆုံးထား တောင်းခံထားခြင်းကြောင့် ဘဏ်ချေးငွေ ပြန်ဆပ်နိုင်မှု မရှိသော လုပ်ငန်းရှင်များ တရားစွဲဆိုခံရဖွယ်ရှိကြောင်း  စီးပွားရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့ကြသည်။ စီးပွားရေး လုပ်ငန်းရှင်များဘက်က ဘဏ်ချေးငွေ အတိုးအရင်းပေးဆပ်ရန် အခက်အခဲဖြစ်ပေါ်နေပြီး အခြားတစ်ဖက်တွင်လည်း ထိုသို့ လုပ်ငန်းရှင်များ ချေးငွေပြန်ဆပ်ရန် အကျပ်အတည်း ဖြစ်ပေါ်နေခြင်းကြောင့် ဘဏ်များတွင် ပြန်မဆပ်နိုင်သော ချေးငွေ (NPL) များပြားလာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ် အကူးအပြောင်းကာလ အစီအရင်ခံစာအရ ပုဂ္ဂလိကဘဏ်၏ မတည်ငွေ လုံလောက်မှုအချိုးမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အလွှာ (၁) မတည်ငွေရင်း အချိုး (အနည်းဆုံး လေးရာခိုင်နှုန်းရှိရန် သတ်မှတ်ထားသည်) ပြည့်မီပြီး စုစုပေါင်း မတည် ငွေရင်းလုံလောက်မှုအချိုး ၇ ဒသမ ၁၇ ရာခိုင်နှုန်း (အနည်းဆုံး ရှစ်ရာခိုင်နှုန်းရှိရန် သတ်မှတ်ထားသည်) ရှိရာ မတည်ငွေရင်း ပြည့်မီမှုမရှိသည့် ဘဏ်အချို့ကို မတည်ငွေရင်း ဖြည့်ဆည်းရန် ဗဟိုဘဏ်က ညွှန်ကြားခဲ့သည်။

ထို့အတူ ဘဏ်တစ်ဘဏ်၏ ပြဿနာကို ခွဲခြားရာတွင် အဓိက အရေးပါသော ညွှန်းကိန်းမှာ ဘဏ်၏ ရရန်ပိုင်ခွင့်များ၏ အရည်အသွေးကို ဖော်ပြသော အရင်းအတိုး ပေးဆပ်ရန် ပျက်ကွက်သော ချေးငွေနှင့် စုစုပေါင်း ချေးငွေအချိုး (NPL Ratio) ဖြစ်သည်။ ပုဂ္ဂလိကဘဏ်များ၏ အရင်းအတိုး ပေးဆပ်ရန် ပျက်ကွက်သော ချေးငွေပမာဏသည် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်ခဲ့ပြီး NPL day past due ကို ရက်ပေါင်း ၁၈၀ သို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းနှင့် ချေးငွေ အာမခံကို အပေါင်ပစ္စည်းဖြင့်သာမက Cash Flow Statement များ၊ Business Plan များအရ Movable Assets များအခြေခံ၍ Financing ပေးရန် ခွင့်ပြုစိစစ်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

အခြားဘဏ်များ၏ အဓိကအချိုး တစ်ခုဖြစ်သော အနည်းဆုံး ငွေကြေးလွယ်ကူမှုအချိုးမှာ ရာခိုင်နှုန်း ၂၀ ရှိရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပုဂ္ဂလိကဘဏ်များ၏ ငွေကြေးလွယ်ကူမှု အချိုးပြည့်မီကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများအရ NPL ပမာဏ ငါးရာခိုင်နှုန်းကျော်ပါက ဘဏ်၏ အမြတ်ငွေ ခွဲဝေခွင့်မရခြင်း၊ ဘဏ်မတည် ငွေရင်းထပ်ဖြည့်ရခြင်းများ ပြုလုပ်ရခြင်းကြောင့် ဘဏ်များအနေဖြင့် NPL ပမာဏကို လျှော့ချရန် လိုအပ်ပြီး လုပ်ငန်းရှင်များကို ချေးငွေ အတိုး၊ အရင်း တောင်းခံသည့် နည်းလမ်းနှင့် တရားစွဲဆိုပြီး အပေါင်အာမခံများ သိမ်းယူရမည့် နည်းလမ်းသာ ရှိသည်။ လက်ရှိ အခြေအနေတွင် ပြည်တွင်းဘဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်း လည်ပတ်ရာတွင် အခက်အခဲများရှိနေပြီး ဗဟိုဘဏ်အနေဖြင့် NPL ကို  သတ်မှတ်ရာတွင်  ဘဏ်တစ်ခုချင်းစီ၏ သဘောသဘာဝအပေါ် မူတည်၍ သတ်မှတ်ပေးနိုင်ခြင်း ရှိ မရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က သြဂုတ် ၂၇ ရက်တွင် လွှတ်တော်၌ မေးမြန်းခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက NPL နှင့်ပတ်သက်သော သဘောသဘာဝနှင့် ဗဟိုဘဏ်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့ပြီး ဦးမောင်မြင့်က ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းရှင်များကို ဖိတ်ကြားပြီး လက်ရှိ ဖြစ်ပေါ်နေသော အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်မည့် ညင်သာ ပျော့ပျောင်းသော ဖြေရှင်းမှုတစ်ခု ရရှိအောင် ညှိနှိုင်းရှာဖွေရန် အစီအစဉ် ရှိ၊ မရှိ ဆက်စပ်မေးခွန်း ထပ်မံမေးမြန်းခဲ့သည်။

အခုလည်း အရမ်းအထိတ်တလန့် ဖြစ်အောင် အခြေအနေမဆိုးပါဘူး။ ဘဏ်တွေ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စကားက လွယ်လွယ်ကူကူ ပြောနေကြတာ။ ဘဏ်တစ်ခု ဒေဝါလီ ခံဖို့ဆိုတာ မလွယ်ပါဘူး။ သူ့မှာ အခြေခံအချက်တွေ အများကြီးရှိတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဘောင်တွေ၊ အချိုးတွေ၊ လိုက်နာရတဲ့ အချက်တွေ အများကြီးရှိပါတယ်။

ဦးစိုးသိန်းက လုပ်ငန်းရှင်များ အခက်အခဲတွေ့သည်ကို မိမိတို့ သိရှိသော်လည်း ဘဏ်များက ထုတ်ချေးသည့် ငွေကြေးသည်  ဘဏ်၏ပိုက်ဆံ မဟုတ်ဘဲ ပြည်သူများက အပ်နှံထားသည့် ပြည်သူ့ပိုက်ဆံ ဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် လုပ်ငန်းရှင်များ၏ ပြဿနာများကို တတ်နိုင်သလောက် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ အချိန်လည်း အများကြီးစောင့်ခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့်  နောက်ထပ် မိမိတို့အနေဖြင့် အလျှော့ပေးပြီး ဆောင်ရွက်ရန်ဆိုသည့် အနေအထားမျိုး မရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဦးစိုးသိန်း ထိုသို့ ပြောကြားပြီးနောက်ပိုင်း ဘဏ်ချေးငွေ ပြန်ဆပ်နိုင်မှု မရှိသဖြင့် လုပ်ငန်းရှင်များ တရားစွဲဆိုခံရဖွယ် ရှိသည့် အခြေအနေ ဆိုက်ရောက်နေကြောင်းနှင့် လုပ်ငန်းရှင်များ ထိခိုက်မှုအပြင် ဆက်စပ် စီးပွားရေးလုပ်ငန်းများ၊ ဝန်ထမ်းများနှင့် အလုပ်သမားများအပေါ်ပါ သက်ရောက်မှု ရှိလာမည် ဖြစ်ကြောင်း စီးပွားရေးအသင်းအဖွဲ့များက  တရားဝင်ထုတ်ဖော် ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ ချေးငွေ အကျပ်အတည်းနှင့် ဘဏ်ဂယက်ကြောင့် ကာလတို အကျိုးအမြတ် များပြားသည့် ရွှေနှင့် နိုင်ငံခြားငွေကြေး စျေးကွက်တွင် လူအများ ပိုမိုရင်းနှီးမြှုပ်နှံ လာကြသည့်အတွက် ရွှေနှင့် ဒေါ်လာစျေးနှုန်းများလည်း သိသိသာသာ မြင့်တက်ခဲ့သကဲ့သို့ ဘဏ်များထံမှ ငွေပြန်ထုတ်ရန် သံသယများစွာ ဖြစ်ပေါ်စေခဲ့သော ကောလာဟလများလည်း ထွက်ရှိလာခဲ့သည်။

အဆိုပါ အခြေအနေကို ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စေရန်နှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်အတွက် ဘဏ်များအပေါ် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအနေဖြင့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည့် အချက်သည် ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် ပြည့်ဝစွာ ကိုက်ညီမှု မရှိကြောင်း၊ ဗဟိုဘဏ်အနေဖြင့် လက်ရှိ ဘဏ်လုပ်ငန်းရှင်များနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းတွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍လည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဗဟိုဘဏ် သဘောသဘာဝအရ ဘဏ်များ၏ နောက်ဆုံးအားထားရာ (Lender of Last Resort) အဖြစ်  ဘဏ်များ၏ လိုအပ်ချက်များရှိခဲ့လျှင် ပြည့်ဝစွာ ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ နှင့် ပြည်သူလူထုအနေဖြင့် ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မရှိကြစေရန် အသိပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း စက်တင်ဘာ ၆ ရက်အထိ ရွှေနှင့် နိုင်ငံခြားငွေကြေး စျေးကွက်တွင် လှုပ်ခတ်မှုများ ဆက်လက် ဖြစ်ပေါ်ခဲ့ပြီး ဘဏ်များ၌ အပ်နှံထားသည့် ငွေကြေးများ ပြန်ထုတ် သင့်၊ မထုတ်သင့် ချိန်ဆမှုများ ဖြစ်လာခဲ့သည်။ ကမ္ဘာ့ရွှေစျေးနှုန်း မြင့်မားမှုကြောင့် မြင့်တက်နေသော ပြည်တွင်း ရွှေစျေးနှုန်းသည် ယင်းကာလအတွင်း  ကမ္ဘာ့ရွှေစျေး တက်ခြင်းကြောင့် မြင့်တက်သင့်သော စျေးနှုန်းထက် ပိုမိုမြင့်တက်ခဲ့သည်။ စက်တင်ဘာ ၂ ရက်တွင် ကျပ် ၁၂၅၆၀၀၀ နှုန်းရှိသော ပြည်တွင်းရွှေစျေးနှုန်းသည် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ အထိ မြင့်တက်ခဲ့သည်။ ဒေါ်လာစျေးနှုန်းလည်း  စက်တင်ဘာ ၂ ရက်တွင် တစ်ဒေါ်လာ ၁၅၂၇ ကျပ်ဝန်းကျင် ရှိရာမှ စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၆ ရက် တစ်ရက်အတွင်း ကျပ် ၂၀ အထိ အတက်အကျ ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး  ဦးသန်းလွင် (နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ-ငြိမ်း) က “NPL ဆိုတာ အခုမှ ပေါ်လာတဲ့ကိစ္စ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ကိစ္စပါ။ ဘဏ်လောကတစ်ခုလုံး ဖြစ်နေတာလည်း မဟုတ်ဘူး။ ဘဏ်တွေက မသိလို့ မဟုတ်ဘူး။ ဒါတို့ငွေမဟုတ်ဘူး။ အများပြည်သူငွေ ဆိုတာသိတယ်။ ဥပဒေ၊ စည်းမျဉ်းမှာလည်း ပါပြီးသား။ ဒါက အထွေအထူး ပြောစရာမလိုဘူး။ ပြောလိုက်တဲ့အတွက် ဘာဖြစ်သွားလဲဆိုတော့ ပြည်သူလူထုက ကြားက အထိတ်တလန့် ဖြစ်သွားတယ်။ အဲဒီလိုဖြစ်တော့မှ ဦးကျော်ကျော်မောင် (ဗဟိုဘဏ်ဥက္ကဋ္ဌ) လို အတွေ့အကြုံ ရင့်ကျက်တဲ့သူက အမြန်ဆုံး ပြန်ထိန်းလိုက်တဲ့ သဘောပေါ့။ အခုလည်း အရမ်းအထိတ်တလန့် ဖြစ်အောင် အခြေအနေမဆိုးပါဘူး။ ဘဏ်တွေ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စကားက လွယ်လွယ်ကူကူ ပြောနေကြတာ။ ဘဏ်တစ်ခု ဒေဝါလီ ခံဖို့ဆိုတာ မလွယ်ပါဘူး။ သူ့မှာ အခြေခံအချက်တွေ အများကြီးရှိတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဘောင်တွေ၊ အချိုးတွေ၊ လိုက်နာရတဲ့ အချက်တွေ အများကြီးရှိပါတယ်။ ဗဟိုဘဏ်ကတော့ အခုကမ္ဘာ့စံချိန်ဆိုတာ ပါးစပ်ဖျားက မချဘူး။ ဒေသစံချိန်လောက် အရင်လုပ်ပါဦး ပြောရတယ်။ ဦးစိုးသိမ်း ပြောတာ မမှန်ဘူးလား ဆိုတော့ မှန်တယ်။ ဒါပေမဲ့ မှန်တိုင်း နေရာတိုင်း ပြောလို့မရဘူး။ သူ့ရဲ့ ကာလဒေသ ပယောဂ ဆိုတာရှိတယ်။ သူ့နေရာနဲ့သူ ပြောရတဲ့စကားတွေ ရှိတယ်။ အခုတော့ အရိုးအတိုင်းကြီး ဖြေလိုက်တော့ မနည်းပြန်ထိန်းရတဲ့သဘော ဖြစ်တယ်။ စည်းမျဉ်းစည်းကမ်း အရတော့ မှန်တယ်။ နိုင်ငံတကာမှာလည်း ရှိတယ်။ ချိုးဖောက်ရင်၊ သတ်မှတ်ကာလမှ မပြင်ဆင်ရင် ဘဏ်တွေကို ဒဏ်ငွေရိုက်တယ်။ ဘဏ်ဆိုတာလည်း လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် အမှားရှိနိုင်တယ်။ မှားပေမယ့် အများပြည်သူပိုင်ငွေ ဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ဗဟိုဘဏ်က ပေးနိုင်တယ်”ဟု ပြောကြားသည်။

စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကလည်း “လုပ်ငန်းရှင်တချို့မှာ ကြွေးမြီတွေ များနေတာကနေ စတာ။ NPL တွေ များနေတာကနေ စတာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ လွှတ်တော်က မေးတယ်။ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက လွှတ်တော်မှာ ဖြေတယ်။  အဲဒါပြီးမှ ဗဟိုဘဏ်က ထုတ်ပြန်ချက် ထုတ်တယ်။ အဲဒီတော့ ဒီကိစ္စက လုပ်ငန်းရှင်တွေက ချေးငွေ အတိုးအရင်း မဆပ်နိုင်တော့ဘူးဆိုတဲ့ အခြေအနေကနေ စတာဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ စာကြောင့် ဒီလိုဖြစ်တာတော့ မဟုတ်ဘူး။ ဦးစိုးသိန်း ပြောတာက အခြေခံသဘောတရားအရ  မမှားပါဘူး။ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းအရ ဒါလုပ်ရမယ့်ကိစ္စပါ။ ဒါပေမဲ့လို့ ခြွင်းချက်တစ်ခုအနေနဲ့ စဉ်းစားဖို့လိုတာက အခုလက်ရှိက လုပ်ငန်းရှင် တစ်ယောက် နှစ်ယောက် မဟုတ်ဘဲနဲ့ ဘယ်လောက်များသလဲ။ ပမာဏ ဘယ်လောက်ရှိသလဲ။ အရေအတွက် ဘယ်လောက်ရှိသလဲ။ နိုင်ငံစီးပွားရေးကို ဘယ်လောက် အတိုင်းအတာအထိ ထိခိုက်မှုရှိနိုင်လဲ။ ဒါတွေကို စဉ်းစားဖို့လိုတယ်။ ဒါတွေက ကိန်းဂဏန်း အတိအကျ သိဖို့လိုတယ်။ ပြီးတော့ ဘဏ်တစ်ခုချင်းစီရဲ့ အခြေအနေ။ ဖြစ်စဉ် တစ်ခုချင်းစီကိုလည်း ပြန်ပြီး သုံးသပ်ဖို့ လိုတယ်။ လေ့လာဖို့ လိုပါတယ်”ဟု  ပြောကြားသည်။

နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အချက်အလက်များအရ ပြည်တွင်းဘဏ်များတွင် အများပြည်သူ အပ်နှံထားသော အပ်ငွေပမာဏ လစဉ်မြင့်တက်လျက်ရှိပြီး ဘဏ်များမှ ထုတ်ချေးထားသော ချေးငွေ ပမာဏမှာလည်း အပ်ငွေ၏ ရာခိုင်နှုန်း ၆၀ ကျော်သာ ရှိသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ၌ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၄၂၄၄၉ ဘီလျံကျော်ရှိပြီး ယခင် သုံးလနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင် ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၁၂၇ ဘီလျံ၊ ပုဂ္ဂလိက ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၆၇၇ ဘီလျံ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume IV) အရ သိရသည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၉၉၇၉ ဒသမ ၃၄၅ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၀၄၅၁ ဒသမ ၄၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၆၅၂ ဒသမ ၈၈၁ ဘီလျံ၊ ၂၀၁၇ ခု နှစ်  ဒီဇင်ဘာတွင် ကျပ် ၁၀၆၉၁ ဒသမ  ၈၁၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၁၄၃၆ ဒသမ ၄၉၅ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ်  ၁၀၀၄၀ ဒသမ ၈၀၇ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၅၁၃ ဒသမ ၉၀၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၆၄၁ ဒသမ ၇၀၂ ဘီလျံ တို့ဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ရှိသော အပ်ငွေစုစုပေါင်းကို နှိုင်းယှဉ်ပါက နိုင်ငံပိုင် ဘဏ်များတွင် အပ်ငွေ ကျပ် ၇၉၄ ဒသမ ၇၉၃ ဘီလျံ လျော့ကျခဲ့ပြီး ပုဂ္ဂလိက ဘဏ်များတွင် ကျပ် ၃၂၀၈ ဒသမ ၆၇၈ ဘီလျံ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

စိုးရိမ်စရာတော့ မရှိပါဘူး။ တကယ်တမ်းကျတော့ တချို့ပြောနေတာတွေ ရှိတယ်။ ဘဏ်ထဲက ငွေထုတ်ပြီးတော့ ရွှေဝယ်နေကြတယ်တို့ ဘာတို့။ ဆိုတော့ တကယ်တမ်းကျတော့ ဘဏ်တွေမှာ အားလုံးက တို့က ငွေသုံးတဲ့ အဖွဲ့အစည်းဆိုတဲ့ အခါကျတော့ ငွေတွေက ဘဏ်က အကုန်လုံး Liquidity က ရှိနေပြီးသား။ ထရီလျံလောက် ချီပြီးတော့ကို ရှိနေကြတာ။

၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ပြည်တွင်းဘဏ်များက ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၂၆၆၇၀ ဘီလျံကျော်ရှိပြီး နိုင်ငံပိုင်ဘဏ်များက ကျပ် ၄၇၃၁ ဘီလျံကျော်၊ ပုဂ္ဂလိကဘဏ်များက ၂၁၉၃၉ ဘီလျံကျော် ထုတ်ချေးထားကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume IV) အရ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာစာရင်းများအရ နိုင်ငံပိုင်ဘဏ်များက ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၄၇၃၁ ဒသမ ၈၃၈ ဘီလျံ ရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေးထားသော ချေးငွေပမာဏမှာ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၃၃၈၅ ဒသမ ၉၁၇ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၆၂ ဒသမ ၈၀၅ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၄၃၃ ဒသမ ၃၈၉ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၈ ဒသမ ၇၈၃ ဘီလျံ၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၁၃၃ ဒသမ ၇၁၈ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၆၂ ဒသမ ၇၆၃ ဘီလျံ၊ အထွေထွေကဏ္ဍတွင် ကျပ် ၄၂၁ ဒသမ ၉၅၂ ဘီလျံ၊ အိမ်ရာချေးငွေကဏ္ဍတွင် ကျပ် ၆၇၈ ဒသမ ၄၅ သန်း၊ SME ချေးငွေ ကဏ္ဍတွင် ၁၂  ဒသမ  ၅၄၅ ဘီလျံတို့ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ စာရင်းများအရ ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၂၁၉၃၉ ဒသမ ၀၀၀ ဘီလျံ ရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေးထားသော ချေးငွေပမာဏမှာ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၆၈ ဒသမ ၁၄၉ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၈၂၅ ဒသမ ၈၂၅ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၆၄၃၉ ဒသမ ၁၉၂ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၅၀၄ ဒသမ ၈၀၇ ဘီလျံ၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၃၉၆၇ ဒသမ ၃၀၂ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၃၃၄၈ ဒသမ ၉၂၅ ဘီလျံ၊ အထွေထွေ ကဏ္ဍတွင် ကျပ် ၂၈၀၅ ဒသမ ၈၅၅ ဘီလျံ၊ အရစ်ကျဝယ်ယူမှုဆိုင်ရာ ချေးငွေတွင် ကျပ် ၄၆၈ ဒသ မ ၂၄၆ ဘီလျံ၊ အိမ်ရာချေးငွေ ကဏ္ဍတွင် ကျပ် ၈၄ ဒသမ ၆၂၁ သန်း၊ SME ချေးငွေကဏ္ဍတွင် ၁၀၂၆ ဒသမ ၀၇၅ ဘီလျံတို့ ဖြစ်သည်။

နိုင်ငံပိုင်ဘဏ်များမှ ချေးငွေ ထုတ်ချေးသည့် နည်းလမ်းနှင့် ရယူထားသော အပေါင်အာမခံ အမျိုးအစားများမှာ မြေနှင့် အဆောက်အအုံဖြင့် ကျပ် ၈၆၃ ဒသမ ၆၂၂ ဘီလျံ၊ Personal and Organization Guatantee ဖြင့် ကျပ် ၂၀၆၂  ဒသမ ၁၇၀ ဘီလျံ၊ Unsecure ဖြင့် ကျပ် ၁၆၆၂ ဒသမ ၆၄၉ ဘီလျံ၊ အိမ်ရာချေးငွေ နည်းလမ်းဖြင့် ကျပ် ၆၇၈ ဒသမ ၄၅ သန်း၊ SME ချေးငွေ နည်းလမ်းဖြင့် ကျပ် ၁၂ ဒသမ ၅၄၅ ဘီလျံ၊ အထွေထွေ နည်းလမ်းဖြင့် ကျပ် ၁၃ ဒသမ ၀၁၇ ဘီလျံတို့ ဖြစ်သည်။

ပုဂ္ဂလိကဘဏ်များမှ ချေးငွေထုတ်ချေးသည့် နည်းလမ်းနှင့် ရယူထားသော အပေါင်အာမခံ အမျိုးအစားများမှာ မြေနှင့် အဆောက်အအုံဖြင့် ကျပ် ၁၇၃၂၆ ဒသမ ၈၅၇ ဘီလျံ၊  ရွှေဖြင့် ကျပ် ၇ ဒသမ ၈၉၀ ဘီလျံ၊ Fixed Deposit ဖြင့် ကျပ် ၅၀၃ ဒသမ ၇၈၆ ဘီလျံ၊ Machine and Merchandise ဖြင့် ကျပ် ၄၀၀ ဒသမ ၂၄၂ ဘီလျံ၊ Personal and Organization Guatantee ဖြင့် ကျပ် ၁၁၈၀  ဒသမ ၆၁၂ ဘီလျံ၊ အထွေထွေဖြင့် ကျပ် ၈၇၄ ဒသမ ၃၆၈ ဘီလျံ၊ Unsecured ဖြင့် ကျပ် ၂၄ ဒသမ ၈၂၃ ဘီလျံ၊ အရစ်ကျဝယ်ယူမှုဆိုင်ရာ နည်းလမ်းဖြင့် ကျပ် ၅၁၆ ဒသမ ၇၆၄ ဘီလျံ၊ အိမ်ရာချေးငွေ နည်းလမ်းဖြင့် ကျပ် ၇၇ ဒသမ ၅၇၉ သန်း၊ SME ချေးငွေနည်းလမ်းဖြင့် ကျပ် ၁၀၂၆ ဒသမ ၀၇၅ ဘီလျံ ဖြစ်ကြောင်း သိရသည်။

ဘဏ်ကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူများအကြား ဖြစ်ပေါ်နေသော ကောလာဟလများသည် မဟုတ်မှန်သည့် အချက်အလက်များသာဖြစ်ပြီး စိုးရိမ်ပူပန်မှု လုံးဝဖြစ်စရာမလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားဟု အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက စက်တင်ဘာ ၆ ရက် တွင် မီဒီယာများအား ပြောကြားခဲ့သည်။

ဘဏ်များတွင် ပူစရာမလိုဘဲ ငွေပြည့်ပြည့်စုံစုံ ရှိပြီးသားဖြစ်ကြောင်း၊ ငွေသုံးသည့် အဖွဲ့အစည်းဖြစ်၍ ဘဏ်များသည် ငွေအဆင်သင့်ရှိနေကာ အမြဲတမ်း ဖြန့်ထားပြီးသား ဖြစ်နေသည့်အတွက် ပူစရာမရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

“အားလုံးကတော့ အကြောင်းတွေ သူ့အကြောင်းနဲ့သူ ရှိပြီးသားပဲ။ တကယ်တမ်းက ဘဏ်တွေမှာ ကျတော့ ဒီလောက်ပူစရာလည်း မလိုဘူး။ ဘဏ်တွေမှာ ငွေက ပြည့်ပြည့်စုံစုံလည်း ရှိပြီးသား။ ခုနပြောသလိုပဲ ထရီလျံနဲ့ ချီပြီးတော့ ရှိတယ်။ တို့အဖွဲ့အစည်းကိုက ငွေသုံးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဘဏ်တွေကလည်း ငွေတွေကို အဆင်သင့်ရှိနေပြီးသား။ အမြဲတမ်း ဖြန့်ထားပြီးသား ဖြစ်နေတဲ့အတွက် ဒါတွေကတော့ ပူစရာမရှိပါဘူး”ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

ထို့ပြင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက “စိုးရိမ်စရာတော့ မရှိပါဘူး။ တကယ်တမ်းကျတော့ တချို့ပြောနေတာတွေ ရှိတယ်။ ဘဏ်ထဲက ငွေထုတ်ပြီးတော့ ရွှေဝယ်နေကြတယ်တို့ ဘာတို့။ ဆိုတော့ တကယ်တမ်းကျတော့ ဘဏ်တွေမှာ အားလုံးက တို့က ငွေသုံးတဲ့ အဖွဲ့အစည်းဆိုတဲ့ အခါကျတော့ ငွေတွေက ဘဏ်က အကုန်လုံး Liquidity က ရှိနေပြီးသား။ ထရီလျံလောက် ချီပြီးတော့ကို ရှိနေကြတာ။ အဲဒီတော့ ထုတ်မယ်ဆိုလို့ ရှိရင်လည်း ဘဏ်တွေအနေနဲ့ ပြဿနာမရှိဘူး။ ဒါကတော့ ဗဟိုဘဏ်က ဘယ်လိုထိန်းကျောင်းနေလဲ ဆိုတော့ ဗဟိုဘဏ်က အမြဲတမ်းဘဏ်တွေ ရဲ့ ခိုင်မာဖို့အတွက်၊ တိုးတက်ဖို့အတွက်က အမြဲတမ်း လုပ်နေတယ်။ နေ့စဉ်ကို အချက်အလက်တွေကို ကြည့်ပြီးတော့ Monitor လုပ်နေတာ ဖြစ်တဲ့အတွက် ဘယ်လိုထိန်းကျောင်းနေလဲ ဆိုတာကို ထူးထူးခြားခြား ပြောစရာမရှိဘူး”ဟု ပြောကြားသည်။

ဆက်လက်ပြီး ကြီးကြပ်မှုအပိုင်းသည် ဗဟိုဘဏ်၏ လုပ်ငန်းဖြစ်သည့်အတွက် ပုံမှန်လုပ်ငန်းဖြစ်၍ အမြဲတမ်း ကြီးကြပ်နေကြောင်း နှင့် အမှန်တကယ် စိတ်မပူရန် ပြည်သူကို သတင်းပေးပေးရန်လိုကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော် အကြီးအကဲများအနေဖြင့်လည်း အားလုံးကို အဆင်ပြေအောင်နှင့် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်ထားခြင်းများ ရှိကြောင်း ဦးစိုးမင်း က ပြောကြားသည်။

“ဘဏ်လုပ်ငန်းဆိုတဲ့ အဓိကအလုပ်က ငွေအပ်သူဆီက ငွေကို အတိုးပေး လက်ခံတာ၊ ငွေလိုသူဆီက အတိုးယူပြီး ချေးငွေ ထုတ်ချေးပေးတာ ဖြစ်ပါတယ်။ အဲဒါကိုမှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းမှာလည်း မသေချာမရေရာမှု ဆိုတာရှိတယ်။ အဲဒါကိုမှ ဘယ်လိုနည်းနဲ့ မရေရာ မသေချာမှုတွေ နည်းအောင်လုပ်မလဲဆိုတာ စီမံခန့်ခွဲရတယ်။ အဲဒါက ဘဏ်လုပ်ငန်းရဲ့ အရေးပါတဲ့ပညာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ Risk Management ဌာန ဆိုတာရှိတယ်။ ဆုံးရှုံးမှု နည်းစေဖို့အတွက် အကုန်လုံးကို တွက်ရတယ်။ လုပ်ငန်းတစ်ခုကို ဘဏ်က ငွေချေးတယ်ဆိုတာ အပေါင်ပစ္စည်း လိုချင်လို့ မဟုတ်ဘူး။ သူ့ရဲ့လုပ်ငန်းက ဘယ်လောက်ကောင်းလဲ ဆိုတာ ဘဏ်က သုံးသပ်တာ။ လုပ်ငန်းခိုင်မာမှုနဲ့ အလားအလာကောင်းတွေရှိမှ ဘဏ်က ငွေချေးတာ။ ပြည်သူရဲ့ ငွေတွေဆိုတာ ဘဏ်တွေက သိပါတယ်။ ဆုံးရှုံးနိုင်ခြေ အနည်းဆုံးဖြစ်အောင် လုပ်ကြပါတယ်။ လက်ရှိ စီးပွားရေး အခြေအနေအရ ရင့်ကျက်ဖို့ လိုတယ်။ ဘဏ်တွေကိုပဲ တစ်ဖက်သတ် မကြည့်နဲ့။ စီးပွားရေး လုပ်ငန်းရှင်တွေကိုပဲ တစ်ဖက်သတ် မကြည့်နဲ့” ဟု ဦးသန်းလွင်က ဆိုသည်။

နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းများကို ကြီးကြပ်ရာတွင် မတည်ငွေရင်း လုံလောက်မှုဆိုင်ရာ စည်းမျဉ်း၊ ရပိုင်ခွင့်များ အမျိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်း၊ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးလွယ်ကူမှု အချိုးသတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်း စသည့် နိုင်ငံတကာအဆင့် စည်းမျဉ်းများဖြင့် ထိန်းကျောင်းနေခြင်း ဖြစ်သည်။

ဒေါက်တာအောင်ကိုကိုက “အခုဒီကိစ္စက ကြီးကြီးမားမား ဆက်ဖြစ်မယ်လို့ မထင်ပါဘူး။ ပြဿနာကြီးဖို့လည်း မရှိပါဘူး။ နည်းနည်းလေး နားလည်မှုလေးတွေ လွဲသွားတဲ့ သဘောပဲ မြင်ပါတယ်။ နောက်ဆက်တွဲ ပြဿနာဖြစ်မယ်လို့တော့ မမြင်ပါဘူး။ ဗဟိုဘဏ်ကပြောတဲ့ နောက်ဆုံး အားထားရာ ဘဏ်အဖြစ်ဆိုတာ ဘဏ်တွေ၊ ဘဏ်ကို ငွေအပ်သူတွေ၊ ဘဏ်က ငွေချေးသူတွေ အားလုံးအတွက် အာမခံတယ်လို့ ယူဆပါတယ်။  ကိုယ့်နိုင်ငံရဲ့စီးပွားရေးက အများနဲ့မတူ ကွာခြားပါတယ်။ ဒီက စီးပွားရေးလုပ်ငန်းရှင် ဆိုတာ လုပ်ငန်းတစ်ခုတည်း မလုပ်ဘူး။ ဆောက်လုပ်ရေးလည်း လုပ်တယ်။ ဘဏ်လည်းလုပ်တယ်။ စက်သုံးဆီလည်း ရောင်းတယ်။ လေကြောင်းလိုင်းလည်း ထောင်တယ်။ ဟိုတယ်လုပ်ငန်းလည်း လုပ်တယ်။ အဲဒီလို အကုန်လုပ်တယ်။  သူများနိုင်ငံမှာတော့ ပိုက်ဆံရှိတိုင်း၊ လုပ်ငန်းတစ်ခု အောင်မြင်တိုင်း ဘဏ်မလုပ်ဘူး။ ကျွမ်းကျင်မှုမရှိဘဲ လုပ်ငန်းတစ်ခုကို မတည်ထောင်ဘူး။ အဲဒါတွေက ကျွန်တော်တို့နိုင်ငံ စီးပွားရေးရဲ့ ထူးခြားချက်ပဲ။ အဲဒီတော့ ပြဿနာတစ်ခု ဖြစ်လာရင် ပြဿနာ ဖြစ်လာစေတဲ့ အချက် တစ်ခုချင်းစီအလိုက် စဉ်းစားဖို့ုလိုပါတယ်။ အခုဖြစ်လာတဲ့ ပြဿနာမှာလည်း သင်ခန်းစာတော့ ယူသင့်တယ်။ လုပ်ငန်းရှင်တွေပဲ ဖြစ်ဖြစ်၊ ဘဏ်တွေပဲဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် ဒါကို သင်ခန်းစာကောင်း တစ်ခုအဖြစ် စဉ်းစားသင့်တယ်။ နောင်အနာဂတ်မှာ ဒီလိုမျိုး မဖြစ်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားရမယ်။ လောလောဆယ်တော့ ဘယ်သူမှ မထိခိုက်အောင် ချေးငွေပြန်ဆပ်ရမယ့် ကာလကို အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့သင့်ရင်လည်း စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆိုင်းငံ့ရမှာ ဖြစ်ပါတယ်။ အခုပထမအကြိမ်ပြီးရင် ဒုတိယအကြိမ် မဖြစ်အောင်တော့ အားလုံး သတိထားရမှာပေါ့”ဟု သုံးသပ်သည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲ ဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုးရငွေချေး သက်သေခံလက်မှတ်များ ပိုင်ဆိုင်မှု၊ ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေး အခြေအနေတို့ ဖြစ်သည်။ အပတ်စဉ်ပေးပို့ရမည့် အစီရင်ခံစာမှာ ငွေကြေး လွယ်ကူမှုအချိုး ဖြစ်သည်။ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည် ငွေရင်း လုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့်အမျိုးအစား ခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ် ပေးပို့ရမည့် အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက် ထုတ်ချေးထားသော ငွေစာရင်း နှင့် အာမခံ အမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ် အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ ဖြစ်သည်။

“ဗဟိုဘဏ်အပေါ်မှာလည်း ပြည်သူလူထုက ယုံကြည်မှုရှိပါတယ်။ ဗဟိုဘဏ်အပေါ်မှာ ယုံကြည်မှုရှိနေသရွေ့ ငွေကြေးက တည်ငြိမ်နေမှာပါ။ ယုံကြည်မှု ကင်းမဲ့သွားတာနဲ့ ငွေကြေးတည်ငြိမ်မှု ပျက်သွားမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ကို ဒီနေ့ပြည်သူတွေက ယုံကြည်တယ်၊ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေက အကောင်းဆုံး ကြိုးစားနေတယ်။ စေတနာ ကောင်းကောင်းနဲ့ လုပ်နေကြတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း သူတို့အလုပ်ကို အကောင်းဆုံး ကြိုးစားနေကြတဲ့အတွက် အများပြည်သူ စိုးရိမ်သလို မဖြစ်နိုင်ပါဘူး။ လက်ရှိမှာလည်း ငွေကြေးစျေးကွက်မှာ ဖြစ်ဖြစ်၊ ပို့ကုန်သွင်းကုန်မှာ ဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ စိုးရိမ်စရာမရှိပါဘူး” ဟု ဒေါက်တာ အောင်ကိုကိုက ဆိုသည်။

နိုင်ငံတော်ဗဟိုဘဏ်၏ အဓိကတာဝန်မှာ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေး စနစ်တည်ငြိမ်ရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ဖြစ်သည်။ ယုံကြည်စိတ်ချစွာဖြင့် ဘဏ်တွင် လာရောက် အပ်နှံထားသည့် အများပြည်သူ၏ ငွေကြေးများ ဆုံးရှုံးမှုမရှိအောင် ကာကွယ်ရန်မှာ ဘဏ်များ၏ တာဝန်ဖြစ်သည်။ ဘဏ်တွင် ငွေအပ်နှံထားသော အများပြည်သူသည် အကြောင်းကြောင်းကြောင့် မိမိတို့ စုဆောင်းထားသော ငွေကြေးများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်ခြင်း ဖြစ်သည်။ အများပြည်သူ ငွေကြေးများကို ယုံကြည်စိတ်ချရသည့်၊ ခိုင်မာလုံခြုံသည့် ဘဏ်များတွင် အပ်နှံနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ရေးနှင့်  အများပြည်သူ၏ ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များအပေါ် ထားရှိသည့် ယုံကြည်ကိုးစားမှု တိုးမြင့်လာစေရေးအတွက် နိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များ ဆက်လက် ကြိုးပမ်းရဦးမည် ဖြစ်သည်။  

 

Most Read

Most Recent