၂၀၁၉ ခုနှစ်၊ သြဂုတ် ၁၅ ရက်၊ နံနက်အစောပိုင်းတွင် နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ဂုတ်တွင်းရဲစခန်း၊ ကျောက်မဲမြို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်၊ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် နောင်ချိုမြို့နယ် နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ကို ညီနောင် မဟာမိတ်သုံးဖွဲ့က တစ်ပြိုင်နက် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလိုပင် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မန္တလေး-လားရှိုး-ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ တံတားများကို ညီနောင်မဟာမိတ်သုံးဖွဲ့က မိုင်းခွဲဖျက်ဆီးခြင်း အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ရပ်များကြောင့် တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့အကြား သြဂုတ် ၁၅ ရက် မှ စက်တင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
Eastern Review က ဖော်ပြခဲ့သော အချက်အလက်များအရ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော တံတား ဖျက်ဆီးခံရမှုများနှင့် တိုက်ပွဲများကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ရပ်တန့်သွားခဲ့သည်ဟု သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အချို့နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ ပါဝင်ခဲ့ပြီး ရက်ပေါင်း ၂၀ အတွင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာ ၂၇ နေရာ ရှိခဲ့သည်။
ထို့ပြင် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း လက်နက်ထိမှန် သေဆုံးမှုနှင့် အခြားသော အကြောင်းများကြောင့် သေဆုံးသူ အရပ်သား ၁၃ ဦးရှိခဲ့ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများကြောင့် ရှမ်းမြောက်ဒေသအတွင်းရှိ တံတား လေးစင်း ထိခိုက်ပျက်စီးခဲ့သည်။
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အရပ်သား အရေအတွက်မှာ လားရှိုးမြို့နယ်တွင် ၂၇၈၄ ဦး ၊ ကွတ်ခိုင်မြို့နယ်တွင် ၁၇၁၃ ဦး ၊ သန္နီမြို့နယ်တွင် ၄၇၇ ဦးနှင့် နမ့်ခမ်းမြို့နယ်တွင် ၂၃၃ ဦး ရှိခဲ့ပြီး အဆိုပါစာရင်းမှာ အနည်းဆုံး တစ်ရက်တာ တိမ်းရှောင်ခဲ့ရသူများကိုပါ ထည့်သွင်း တွက်ချက်ထားခြင်းဖြစ်၍ အနည်းဆုံး တစ်ရက်ခန့် ပိတ်ခဲ့ရသည့် စာသင်ကျောင်းပေါင်း ၁၂၀ ရှိခဲ့ကြောင်း Eastern Review က ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု အခြေအနေအဖြစ် မန္တလေး-လားရှိုး ရထားလမ်း နှစ်ရက်၊ မန္တလေး-လားရှိုး ကားလမ်း ငါးရက်၊ လားရှိုး-မူဆယ်လမ်း ၁၂ ရက်၊ သိန္နီ-ကွမ်းလုံလမ်း ၁၃ ရက် ရှိခဲ့သည်။
ထို့ပြင် အဆိုပါ တိုက်ပွဲများအတွင်း မီးရှို့ဖျက်ဆီးခံရခြင်းနှင့် တာယာ ပစ်ဖောက်ခံရခြင်းများကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသည့် အရပ်သာကား အရေအတွက် စုစုပေါင်း ၃၇ စီးရှိခဲ့ပြီး ယင်းတို့အနက် ၁၀ စီးမှာ မီးရှို့ ဖျက်ဆီးခံရခြင်း ဖြစ်ကာ အစီးရေ ၂၀ မှာ ကားဘီး ပစ်ခတ်ဖောက်ခံရခြင်းဖြစ်ကာ ခုနစ်စီးမှာ ကိုယ်ထည်ပိုင်း ပစ်ခတ်ခံရခြင်း ဖြစ်သည်။
စက်တင်ဘာ ၃ ရက် ညပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား တိုက်ပွဲအတွင်း ကားခုနစ်စီး မီးလောင် ပျက်စီးဆုံးရှုံးမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ အပြန်အလှန်စွပ်စွဲမှုများ ရှိခဲ့သော်လည်း မျက်မြင်အချို့ကမူ ညီနောင်မဟာမိတ် သုံးဖွဲ့က အဆိုပါ ကားများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ ဖုန်းများနှင့် ငွေကြေးများကို ယူဆောင်သွားခဲ့သည်ဟု ပြောကြသည်။
ရက်ပေါင်း ၂၀ ကြာမြင့်ခဲ့သည့် ရှမ်းမြောက်ဒေသ ပဋိပက္ခအတွင်း ခရီးသည်တင် ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ လုပ်ရပ်များအပေါ် ပြစ်တင် ဝေဖန်မှုများရှိခဲ့ပြီး တိုက်ပွဲများအတွင်း ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားများ သေဆုံးမှု ဖြစ်ပေါ်စေသည့် အတွက်လည်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ်အဖွဲ့များအနေဖြင့် အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်ခြင်းနှင့် လူနာတင်ယာဉ်များအား တိုက်ခိုက်ခြင်းများကို ရှောင်ရှားသင့်သည်ဟု အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် ၀ါရင့်တိုင်းရင်းသား လက်နက်ကိုင် တစ်ဦးဖြစ်သူ ပအိုဝ်းအမျိုသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပြောကြားသည်။
“ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အရပ်ဘက်ပစ်မှတ်လို့ ခေါ်တာပေါ့။ အရပ်ဘက်ပစ်မှတ်၊ အရပ်သား ပစ်မှတ်တွေကို ရှောင်သင့်တယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ လူနာတင်ယာဉ်တို့၊ အထောက်အကူဖြစ်ဖို့ ကယ်ဆယ်ရေးယာဉ် တို့ကျတော့ ကျွန်တော်တို့ နိုင်ငံတကာ စံချိန်စံညွှန်းအရ ရှောင်ရမှာပေါ့။ အဲဒါလေးတွေ လိုက်နာပေးရမှာပေါ့။ အဲဒီလို မဟုတ်ဘဲ စစ်ရေးပစ်မှတ်တွေ၊ စီးပွားရေး ပစ်မှတ်တွေ သို့တည်းမဟုတ်လည်း ကျွန်တော်တို့ စစ်ရေး ရည်ရွယ်ချက်ရှိတဲ့ ဟာတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော် ဝေဖန်ချက် မပေးချင်ပါဘူး။ လုပ်တဲ့သူက သူ့အယူအဆနဲ့သူ လုပ်တာဖြစ်မှာပေါ့။ သို့သော်လည်းပဲ အဲဒီ အရပ်ဘက်ပစ်မှတ်တွေကိုတော့ ကျွန်တော်တို့ ဆင်ခြင်ရမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောကြားသည်။
တိုင်းရင်းသားများအနေဖြင့် နိုင်ငံရေး ရည်မှန်းချက်သို့ ရောက်ရှိအောင် လက်နက်ကိုင်ထားသည် ဆိုသော်လည်း ထိုသို့ လက်နက် ကိုင်ဆောင်ထားခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန်အတွက် တောင်းဆိုရန်သာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့ပြင် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို လိုက်နာရမည့် စည်းကမ်းများ ရှိကြောင်း၊ ဥပမာအားဖြင့် ပဋိပက္ခများအတွင်း အရပ်သားများ အကာအကွယ်ပေးရေးနှင့် ပတ်သက်၍ ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များကို လိုက်နာရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
“နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ပိုပြီးတော့ လေးလေးနက်နက် ထဲထဲဝင်ဝင် ဆွေးနွေးဖို့ သင့်တယ်။ အဲဒီအတွက် နိုင်ငံရေး ဆွေးနွေးပွဲတံခါးတော့ ဖွင့်ထားဖို့လိုတယ်။ နိုင်ငံရေးဆွေးနွေးပွဲ တံခါးပိတ်လေ အကြမ်းဖက်လုပ်ရပ်တွေ ပိုလုပ်လေပဲ။ ဒီအကြမ်းဖက်သမားက။ အကြမ်းဖက်ဖို့ ပိုပြီးတော့ များတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတံခါး ဖွင့်ထားတယ်။ ဖိတ်ခေါ်တယ်။ အဲဒီလို ဖိတ်ခေါ်တဲ့ကြားထဲက လုပ်တယ်ဆိုရင်တော့ အဲဒီလုပ်တဲ့ဘက်က အလွန်ဖြစ်တာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ယခု နောက်ပိုင်းတွင် ဖြစ်ပေါ်လာသော အနေအထားအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသားဒေသများရှိ ကျေးရွာနှင့် မြို့များကို အခြေခံကာ ပြောက်ကြားစစ် ဆင်နွှဲနေခြင်း ဖြစ်သည့်အတွက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲဖြစ်ပြီဆိုပါက ပြည်သူလူထုမှာ အနည်းနှင့်အများ ထိခိုက်မှုရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက ပြောကြားသည်။
ထို့ပြင် ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဆောင်ရွက်ချက်များသည် အကြမ်းဖက်လုပ်ရပ်ကို ကျုးလွန်ခဲ့ခြင်း ဖြစ်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောသည်။
“တစ်မတော်အနေနဲ့ကတော့ အတွင်းပိုင်းအထိ စစ်ဆင်ရေး မလုပ်ဘဲနဲ့ လမ်းမကြီးရဲ့ လုံခြုံရေးကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တရားဝင် ပြောထားပြီးသား ဖြစ်တယ်။ တစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်ထောင်စု ကားလမ်းမကြီးကို မတိုက်ခိုက်ဖို့ တရားဝင် ပြောထားပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ကြားထဲမှာ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်အထိ ကားတွေကို မီးရှို့တာတွေ၊ ပြည်သူတွေ သေဆုံးမှုဖြစ်ပေါ်တဲ့ အပိုင်းတွေရှိခဲ့တယ်။ ဒါက ဘာပဲဖြစ်ဖြစ် ပြည်သူလူထုကို ထိခိုက်လာပြီဆိုရင် ဒါက အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်တာပဲ ဖြစ်တယ်” ဟု ဒေါက်တာ နိုင်ဆွေဦးက စက်တင်ဘာ ၇ ရက်တွင် ပြောသည်။
အကြမ်းဖက်မှုသည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်အောင် တမင် လုပ်ဆောင်နေသည့် အပိုင်းများရှိပြီး ရှမ်းမြောက်ဒေသတွင် ရက် ၂၀ ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အဆိုပါ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရသည့် အပိုင်းများ ရှိသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် လမ်းတံတားများ ဖျက်ဆီးခံရမှုအပေါ် အကြမ်းဖက်မှုလုပ်ရပ်ဟု သုံးသပ်နိုင်ကြောင်း ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။
ယခုကဲ့သို့ အရပ်သားပစ်မှတ်များ ထိခိုက်နစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အဆိုပါ အဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာသင့်သော်လည်း အစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ထား ငဲ့ညှာသောအားဖြင့် ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မကြေညာဘဲ ၎င်းတို့၏ လုပ်ရပ်ကိုသာ အကြမ်းဖက်လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခြင်း ဖြစ်သည်ဟု ဒေါက်တာနိုင်ဆွေဦးက ပြောသည်။
“အဲဒီတော့ တစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ တကယ် ငြိမ်းချမ်းရေး လိုလားတယ် ဆိုရင်တော့ ဒီလိုအကြမ်းဖက်မှုတွေကို ရပ်ဖို့လိုအပ်တယ်။ တံတားတွေ ချိုးနေတာ နောက်ပြီးတော့ ပြည်သူလူထုကို အကြောင်းမဲ့ ထိခိုက်အောင် လုပ်နေတာတွေ အကုန်လုံးကို ရပ်ဖို့လိုတယ်။ ဒါမှသာလျှင် နိုင်ငံရေးဆွေးနွေးဖို့ သင့်တယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာတော့ အကြမ်းဖက်သမားတွေနဲ့ မဆွေးနွေးဘူး ဆိုတာကို မူဝါဒ ပြတ်ပြတ်သားသား ချထားပြီးသား။ ဒါပေမဲ့လည်း ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ချင့်သောအားဖြင့် ငဲ့ကွက်နေသောအားဖြင့် ဆွေးနွေးနေရတဲ့ အပိုင်းလေးတွေတော့ ရှိတာပေါ့လေ။ ဒါကို တစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ နားလည် သဘောပေါက်ပြီးတော့မှ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ဖို့လိုတယ်လို့ မြင်ပါတယ်” ဟု ဒေါက်တာ နိုင်ဆွေဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် နှင့် နိုင်ငံရေး လိုလားချက်များကို တောင်းဆိုရန် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကဲ့ သို့သော ပလက်ဖောင်းများရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တန်းတူရေးနှင့် ပတ်သက်၍ တောင်းဆိုလိုပါက နိုင်ငံရေးစားပွဲဝိုင်းသို့ တက်လာရန် လိုအပ်ကြောင်းလည်း ၎င်းက သုံးသပ်သည်။
“လိုလားချက်တွေကို အပြန်အလှန် နှစ်ဖက်ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် သိပ်ပြီးတော့ အခြေအနေ ကောင်းလာစရာ မရှိဘူး။ တန်းတူညီမျှမှုအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပလက်ဖောင်းတွေမှာ ညှိနှိုင်းဖို့လိုပါတယ်။ တိုက်ပွဲတွေ တိုက်နေရုံ၊ တိုက်ကွက်တွေ ဖော်နေရုံနဲ့ ဒါက အဖြေတစ်ခု ထွက်လာမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ခဲ့သည်။
သြဂုတ် ၁၅ ရက်တွင် ဖြစ်ပွားခဲ့သော ရှမ်းမြောက်ဒေသ ပဋိပက္ခမတိုင်မီ တပ်မတော် စစ်ကြောင်းများက တာမိုးညဲနှင့် ကွတ်ခိုင်ဘက်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့် စက်ရုံများနှင့် ကာလတန်ဖိုးအားဖြင့် ကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိမှုများ ရှိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများသည် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် ဆက်စပ်မှု ရှိသည်ဟု တပ်မတော်ဘက်က တရားဝင် ပြောကြားထားသကဲ့သို့ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ရပ်တည်မှုသည် မူးယစ်ဆေးဝါးအပေါ်တွင် အမှီအခိုပြုထားကြောင်းကို သုံးသပ်မှုများ ရှိနှင့်ပြီးဖြစ်သည်။
ရှမ်းမြောက်ဒေသတွင် ညီနောင်မဟာမိတ် သုံးဖွဲ့က သြဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဉ်များတွင် မူးယစ်ဆေးဝါး စစ်ဆေးသည့် X-Rays စက်လည်း ပျက်စီးသွားခဲ့ပြီး အဆိုပါစက်သည် နိုင်ငံတော်သမ္မတ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီးမံကိန်းအရ ဝယ်ယူထားခဲ့သော စက်ဖြစ်ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းချီတန်သည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
“ဒီ X-Rays စက်က ဦးစားပေးပေါ့။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရ ကျွန်တော်တို့က ဝယ်ထားတာ ဖြစ်တယ်။ သန်းနဲ့ချီပြီး ပေးရပါတယ်။ ဒီစက်က ပြောရရင်တော့ ဘာတိုင်းရင်းသားအခွင့်အရေး ချိုးဖောက်နေသလဲ။ ဒီ X-Rays စက်ကြီးက။ ဒီ X-Rays စက်ကြီးကြောင့် ဘာတွေ ထိခိုက်မှု၊ နစ်နာမှုတွေရှိလဲ။ အဓိက ကတစ်နိုင်ငံလုံးမှာ ပြန့်ပွားနေတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ကျွန်တော်တို့က အလေးထားပြီးတော့ စက်နှစ်လုံး ဝယ်တာ ဖြစ်တယ်။ တစ်လုံးက အဲဒီဂိတ်မှာ ထားတာဖြစ်တယ်။ ဒီစက်ကို ပစ်ခတ် တိုက်ခိုက်တယ် ဆိုတဲ့အပိုင်းမှာတော့ တော်တော်ကို စိတ်ပျက်ဖို့ကောင်းတဲ့ အနေအထားမျိုး ဖြစ်တယ်။ နောက်တစ်ခုက လမ်းမကြီးတွေအပေါ်မှာ တံတားတွေ ခွဲတယ်။ မိုင်းတွေ ခွဲတယ်။ တံတားတွေ ချိုးတယ်။ ချိုးတော့ အခု ပြန်ပြီးတော့ ပြင်ရတယ်။ ဆုံးရှုံးမှုက ပြည်သူလူထုရဲ့ ဘဏ္ဍာငွေပဲ” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့အနက် AA အဖွဲ့သည် သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကာလအတွင်း ရှမ်းမြောက်ဒေသ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည့်အတွက် စစ်မျက်နှာပြင် သုံးခုတွင် ပါဝင်နေခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းများကို AA အဖွဲ့က တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါအချိန်မှစ၍ လက်ရှိအချိန်အထိ တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှစ၍ သြဂုတ် ၂၈ ရက်အထိ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား သေဆုံးသူ ၆၇ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၈၀ ခန့် ရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းများကို ကိုးကား၍ သတင်းနှင့် မီဒီယာကွန်ရက် (NMG) က သြဂုတ် ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
တကယ် ငြိမ်းချမ်းရေး လိုလားတယ် ဆိုရင်တော့ ဒီလိုအကြမ်းဖက်မှုတွေကို ရပ်ဖို့လိုအပ်တယ်။ တံတားတွေ ချိုးနေတာ နောက်ပြီးတော့ ပြည်သူလူထုကို အကြောင်းမဲ့ ထိခိုက်အောင် လုပ်နေတာတွေ အကုန်လုံးကို ရပ်ဖို့လိုတယ်။ ဒါမှသာလျှင် နိုင်ငံရေးဆွေးနွေးဖို့ သင့်တယ်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ၀ါးတောင်ကျေးရွာ၌ ဦးရဲလွင်၊ ဇနီးဖြစ်သူ ဒေါ်တင်ထွေးနှင့် စျေးကူရောင်းပေးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ ဒေါ်ရွှေစင်လှိုင်တို့ ဦးရဲလွင်၏ နေအိမ်၌ စျေးရောင်းနေစဉ် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် ရခိုင်လူငယ် ခြောက်ဦး ရောက်ရှိလာပြီး အသင့်ပါလာသော ဓားများဖြင့် အကြောင်းမဲ့ သတ်ဖြတ်ခဲ့ရာ ဦးရဲလွင်နှင့် ဇနီးဖြစ်သူတို့ သေဆုံးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က စက်တင်ဘာ ၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ဒေသခံများထံမှ မေးမြန်းစုံစမ်းမှုများအရ ဦးရဲလွင်တို့ ဇနီးမောင်နှံနှစ်ဦးသည် AA အဖွဲ့၏ သတင်းများကို ရဲတပ်ဖွဲ့ထံ ပို့ပေးသည်ဟုဆိုကာ AA အဖွဲ့၏ ခြိမ်းခြောက်ခြင်းကို ခံထားရသူများ ဖြစ်ကြသည့်အတွက် အဆိုပါဖြစ်စဉ်တွင် ဓားကိုင် သတ်ဖြတ်ခဲ့သူများမှာ AA အဖွဲ့က ဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲကင်းစခန်းတွင် တာဝန် ထမ်းဆောင်နေသူ ဒုတိယရဲအုပ် ဇော်မင်းဌေးနှင့် ဇနီးဖြစ်သူ ဒေါ်တင်တင်အေးတို့သည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ယိုးတရုတ်ကျေးရွာစျေးသို့ စျေးဝယ်သွားစဉ် လူခြောက်ဦးခန့်က တုတ်၊ ဓားများဖြင့် လူမြင်ကွင်း၌ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်သဖြင့် ဒုရဲအုပ်မှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်ဟု စက်တင်ဘာ ၃ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်နှင့် AA အဖွဲ့ကြား၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်တွင်မူ စက်တင်ဘာ ၅ ရက်အထိ ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲရှိခဲ့ကာ စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် အနည်းငယ် ငြိမ်သက်မှု ရှိခဲ့သည်။
သို့သော်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အကြား မည်သည့် သဘောတူညီချက်၊ ဆွေးနွေးချက်မျှ တိုက်ပွဲများမှာ အချိန်မရွေး ဖြစ်ပွားနေမည်သာ ဖြစ်သည်။
အစိုးရသည် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အပါအဝင် မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် Bilateral လက်မှတ် ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်နေသည်။
အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သည် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၌ ဧပြီလကုန်ပိုင်းတွင် လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ အထူးဒေသ (၄) မိုင်းလား၌ ဇွန်လကုန်ပိုင်းတွင် လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သြဂုတ်လကုန်ပိုင်းတွင် လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။
အထက်ပါ တွေ့ဆုံပွဲ သုံးကြိမ်အနက် ရှေ့တွေ့ဆုံပွဲ နှစ်ကြိမ်တွင် Bilateral စာချုပ် မူကြမ်းများကို အစိုးရနှင့် မြောက်ပိုင်း လေးဖွဲ့အကြား အပြန်အလှန်ပေးပို့ထားပြီး တတိယအကြိမ် ကျိုင်းတုံဆွေးနွေးပွဲတွင်မူ မြောက်ပိုင်းလေးဖွဲ့က ၎င်းတို့ လိုလားချက်များကို အစိုးရထံ ထပ်မံ၍ အဆိုပြုချက်များ ပေးခဲ့သကဲ့သို့ အစိုးရကလည်း အဆိုပြုချက်အချို့ ထပ်မံပေးပို့ထားသည်။
အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ စတုတ္ထအကြိမ် တွေ့ဆုံပွဲကို မြောက်ပိုင်း လေးဖွဲ့က ပန်ဆန်း သို့မဟုတ် တရုတ်နိုင်ငံထဲတွင် ပြုလုပ်ရန် အဆိုပြုထားပြီး အစိုးရဘက်ကမူ ယခုတစ်ကြိမ် တွေ့ဆုံပွဲတွင် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်လာမည်ဖြစ်ရာ ကျိုင်းတုံ၌သာ ထပ်မံပြုလုပ်ရန် အဆိုပြုထားသည်။
ကျိုင်းတုံ ဆွေးနွေးပွဲက စက်တင်ဘာ ၁၆ ရက်၊ ၁၇ ရက်တွင် ထပ်မံတွေ့ဆုံရန် သဘောတူညီချက် ရရှိခဲ့သော်လည်း နေရာကိုမူ ပြန်လည်ညှိနှိုင်းနေဆဲဖြစ်ပြီး ယခုပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲတွင် မြောက်ပိုင်းအဖွဲ့များ၏ တောင်းဆိုချက်အရ တပ်မတော်ကိုယ်စားလှယ်များ ပါဝင်လာမည် ဖြစ်သည့်အတွက် တပ်မတော် ကိုယ်စားလှယ်များ သွားလာရေး အဆင်ပြေနိုင်သည့် ကျိုင်းတုံတွင် တွေ့ဆုံပွဲ ဆက်လက်ပြုလုပ်ရန် အစိုးရဘက်က အဆိုပြုထားခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် တွေ့ဆုံရာတွင် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြား Bilateral လက်မှတ် ရေးထိုးနိုင်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်ရန် အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များက မျှော်လင့်ထားကြသည်။
အစိုးရဘက်က မြောက်ပိုင်းအဖွဲ့များ နှင့် ရေးထိုးမည့် Bilateral အား မူနှင့်သွားမည့် Bilateral ဟု အမည်တပ် သုံးနှုန်းထားပြီး Bilateral လက်မှတ် ရေးထိုးမည်ဖြစ်သော်လည်း တိုက်ပွဲများ ရပ်တန့်ရေးနှင့် တပ်နေရာချထားရေး စသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကိုမူ တပ်မတော်နှင့် ဆက်လက် ညှိနှိုင်းရမည် ဖြစ်သည်။
တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီလကုန်ပိုင်းအထိ တိုင်းစစ်ဌာနချုပ်နယ်မြေ ငါးခုတွင် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ပြီး မေ ၁ ရက်မှစ၍ သြဂုတ်လကုန်အထိ တစ်ကြိမ်လျှင် နှစ်လကြာ အပစ်ရပ် သက်တမ်းတိုးမြှင့်ပေးခဲ့ရာမှ ယခုအခါ စက်တင်ဘာ ၁ ရက်မှ ၂၁ ရက်အထိ ရက်ပေါင်း ၂၁ ရက်သာ အပစ်ရပ်သက်တမ်း ထပ်မံ တိုးမြှင့်ပေးထားခြင်း ဖြစ်သည်။
နှစ်လလျှင် တစ်ကြိမ် အပစ်ရပ်သက်တမ်း တိုးမြှင့်ပေးရာမှ ယခုအခါ ၂၁ ရက်သာ သက်တမ်းတိုးပေးခြင်းသည် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့၏ စက်တင်ဘာ ၁၆ ၊ ၁၇ တွေ့ဆုံဆွေးနွေးပွဲနှင့် အချိန်ကိုက်၍ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
အကယ်၍ မကြာမီပြုလုပ်ရန် သဘောတူညီမှု ရရှိထားသည့် တွေ့ဆုံပွဲတွင် Bilateral လက်မှတ် ရေးထိုးရေး အပါအဝင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ သဘောတူညီမှု မရရှိပါက ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာမည့် သဘောရှိသည်။
ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ NRPC နှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ စက်တင်ဘာ ၁၆၊ ၁၇ ဆွေးနွေးပွဲတွင် မူတည်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့ ၁၆၊ ၁၇ ဆွေးနွေး ပွဲရလဒ်တွေမှာပဲ ပြန်ကြည့်ရဦးမယ့်သဘော ရှိမယ်ထင်ပါတယ်။ ၁၆၊ ၁၇ မှာတော့ NRPC ရဲ့ ဦးဆောင်မှုနဲ့ ဆွေးနွေးပွဲ စတင်လိမ့်မယ်။ စတင်တဲ့အခါမှာတော့ အဲဒီဆွေးနွေးပွဲနဲ့ ရလဒ်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ဆွေးနွေးပွဲက အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာကို ခန့်မှန်းလို့ ရနိုင်သေးတဲ့ အခြေအနေ မရှိပါဘူး။ ဆွေးနွေးပွဲတွေ ဆိုတာကလည်း သူက ရုတ်တရက် ဖြစ်မြောက်လာတဲ့ ဟာတွေတော့ မဟုတ်ပါဘူး။ ဆွေးနွေးပွဲအဆင့်ဆင့် ကြိုတင်ညှိနှိုင်းတာတွေတော့ ရှိပါလိမ့်ဦးမယ်။ ဒီလိုကြိုတင် ညှိနှိုင်းတာတွေရှိပြီးမှ ဆွေးနွေးပွဲဆိုတာ ဖြစ်လာတာပါ။ အဲဒီနောက်ခံ အကြောင်းရင်းတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် အဆိုပါ ၁၆၊ ၁၇ ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း မရှိပါက ဖြစ်ပေါ်လာနိုင်သော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
“ဒါကတော့ အခြေအနေကတော့ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ အရာရာအတွက် ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အစိုးရ၏ အဆိုပြုချက်အရ တအာင်းအဖွဲ့သည် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နှင့် မန်တုံတွင် အခြေချလှုပ်ရှားရမည်ဖြစ်ပြီး ကိုးကန့်အဖွဲ့သည် ဟုန်အိုင်းဒေသတွင် အခြေချလှုပ်ရှားရမည်ဖြစ်ကာ AA အဖွဲ့သည် လိုင်ဇာတွင် အခြေချလှုပ်ရှားရမည် ဖြစ်သည်။
အစိုးရ၏ ယင်းအဆိုပြုချက်ကို လက်ခံပါက တပ်မတော်အနေဖြင့် နယ်မြေခံ တပ်များမှအပ ကျန်လှုပ်ရှား တပ်များကို ပြန်လည်ဆုတ်ခွာပေးမည်ဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရန်အတွက် ထိုသို့ တပ်ပိုင်းဆိုင်ရာကိစ္စများ ညှိနှိုင်းရာတွင် သဘောတူညီချက်များ ရရှိရန် လိုအပ်နေသည်။
အစိုးရအနေဖြင့် မြောက်ပိုင်းအဖွဲ့များနှင့် Bilateral လက်မှတ် ရေးထိုးပြီးပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် ဆွေးနွေးပွဲများတွင် ၎င်းအဖွဲ့များ ဆက်လက် ပါဝင်လာနိုင်ရေးအတွက် NCA လက်မှတ် ရေးထိုးနိုင်ရေးကိုပါ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။
စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၃ ရက်အတွင်း ရှမ်းမြောက်ဒေသ ပဋိပက္ခများတွင် လတ်လတ်ဆတ်ဆတ် မြင်တွေ့ခဲ့ရပြီး ဖြစ်သည့်အတွက် လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေး ဆွေးနွေးရာတွင် အရပ်သားများ ဘေးကင်းလုံခြုံရေးကို မျက်နှာမူသင့်သည်။
မြောက်ပိုင်းအဖွဲ့များ၏ ငြိမ်းချမ်းရေး ခရီးလမ်း အချိုးအကွေ့မှာ မကြာမီရက်ပိုင်းအတွင်း တွေ့မြင်ရဖွယ်ရှိနေပြီး ပြည်သူလူထု ဘေးကင်းလုံခြုံရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို မည်သည့်အဖွဲ့အစည်းများ မျက်နှာမူကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်သည်။










