မြန်မာနိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးကို ၁၉၇၅ ခုနှစ်တွင် စတင်ထူ ထောင်ခဲ့သည်။ လာမည့် ၂၀၂၀ ပြည့် နှစ်တွင် သံတမန်ဆက်ဆံမှု ၄၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားသမ္မတ မစ္စတာမွန်ဂျေအင်းနှင့်ဇနီးတို့ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်လာရောက်ခဲ့သည်။
အဆိုပါခရီးစဉ်သည် သမ္မတ မစ္စတာမွန်ဂျေအင်း၏ မြန်မာနိုင်ငံကို လာရောက်သည့် ပထမဆုံးခရီး စဉ်ဖြစ်သကဲ့သို့ ၂၀၁၂ ခုနှစ် နောက်ပိုင်း တောင်ကိုရီးယားသမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးလာ ရောက်သည့် သမိုင်းဝင်ခရီးစဉ်တစ် ခုဖြစ်သည်။
မြန်မာနိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် ကိုရီးယားသမ္မတနိုင်ငံ၏ တောင်ပိုင်းဆိုင်ရာ မူဝါဒသစ်တို့တွင် ပါဝင်သည့် ပြည်သူ၊ ငြိိမ်းချမ်းရေးနှင့် သာယာဝပြောရေးကိုအခြေခံပြီး မတူညီသည့် နယ်ပယ်များတွင် တူညီချက်များ ရှာဖွေနိုင်ရေးကို တောင်ကိုရီးယားသမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြောင်း သမ္မတမွန်ဂျေအင်းက နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါဆွေးနွေးချက်တွင် ကိုရီးယားနိုင်ငံအနေဖြင့် အချက်သုံးချက်ကို သဘောတူညီခဲ့သည်ဟု သိရသည်။ပထမအနေဖြင့် နှစ်နိုင်ငံ အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက်အခြေ ခံအဆောက်အအုံနှင့် အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည်။
ကိုရီးယား-မြန်မာစက်မှုဇုန် (Korea – Myanmar Industrial Complex) စီမံကိန်းမှာ နှစ်နိုင်ငံအကြား အထင်ကရဖြစ်သည့်စီမံကိန်းဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံမှ စီးပွားရေးသမားများအား အဆိုပါ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းလုပ်ဆောင်ပြီး ကိုရီးယား-မြန်မာ စက်မှုဇုန်တွင် ကိုရီးယား၏ ပါဝင်မှုကို မြှင့်တင်သွားမည်ဟု သမ္မတ မွန်ဂျေအင်းက ပြောကြားသည်။
■ မြန်မာနိုင်ငံဖွံ့ဖြိုးရေး ဒေါ်လာ သန်း ၁၀၀၀ ကျော် ချေးမည်
၂၀၁၈-၂၀၂၂ ခုနှစ်အတွက် Economic Development Cooperation Fund – EDCF ချေးငွေ ဒေါ်လာ သန်း ၁၀၀၀ ပေးအပ်ရေးဆိုင်ရာ မူဘောင်အစီအစဉ်ကို သမ္မတမွန်ဂျေအင်း၏ ခရီးစဉ်အတွင်း လက်မှတ် ရေးထိုးနိုင်ခဲ့သည်။
EDCF ချေးငွေ ဒေါ်လာသန်း ၁၀၀၀ ပေးအပ်ရေးဆိုင်ရာ မူဘောင် သဘောတူညီချက်ကို ရင်းနှီးမြှုပ်နှံ မှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ကိုရီးယားသမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ms. Kang Kyun – g- wha တို့က ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် လက် မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါစီမံကိန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအတွက် စိုက်ပျိုး ရေးသိပ္ပံများအဆင့်မြှင့်တင်ရန်၊ ကျေးလက်သမဝါယမအဖွဲ့များ ဝင်ငွေ ပိုမိုရရှိရေးနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဒေါ်လာ ၅၇ သန်းချေးယူရန် ဖြစ်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် သတင်းအချက်အလက်ဗဟိုဌာနကြီး တည်ဆောက်ခြင်း စီမံကိန်း(e-Government Integrated Data Center – e GIDC) အတွက် ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်း ချေးယူရန် ပါဝင်ခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် မကွေး-ရွှေတောင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအစား ထိုးရေးစီမံကိန်းအတွက် ဒေါ်လာ ၇၉ ဒသမ ၇၅ သန်း ချေးယူရန်ဖြစ်သည်။ ထို့ပြင် ဘီလူးချောင်း (၂)မှ တောင်ငူသို့ ၂၃၀ ကေဗီဓာတ်အား လိုင်း မိုင် ၁၀၀ ကျော်နှင့် ဓာတ်အားခွဲရုံများတည်ဆောက်ရန် ဒေါ်လာ ၅၀ ဒသမ ၈၀၀ သန်း ချေးယူရန်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် ကိုရီးယား-မြန်မာ စက်မှုဇုန် စီမံကိန်းအပြင်ဘက်တွင် လျှပ်စစ်၊ ရေနှင့်လမ်းလုပ်ငန်းများ တည်ဆောက်ရေးအတွက် ချေးငွေဒေါ် လာ ၆၁ ဒသမ ၈၀၆ သန်းရယူရန် လက်မှတ်ရေးထိုးခဲ့သည်။
ထို့ပြင် ၀ါးတစ်ရာတံတား တည်ဆောက်ရေးစီမံကိန်းအတွက် ဒေါ်လာ သန်း ၁၄၀ ခန့်ချေးယူရန်လည်း ပါဝင်သည်။
အလားတူ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်းအတွက် ထပ်တိုး ချေးငွေ ဒေါ်လာ သန်း ၂၀ ရယူရန်ဖြစ်သည်။ ဒေါ်လာ သန်း ၅၀၀ အောက်မှချေးငွေပမာဏ ဒေါ်လာ ၁၃၇ ဒသမ ၈၃ သန်း ဖြင့် ဆောင်ရွက်လျက်ရှိပြီး ထပ်တိုးချေးငွေရရှိရေးကို ၂၀၁၉ ခုနှစ် သြဂုတ် ၂၀ ရက်တွင် သံတမန်လမ်း ကြောင်းမှတစ်ဆင့်ပေးပို့ခဲ့ခြင်းဖြစ်သည် ။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် မန္တလေး-မြစ်ကြီးနား ရထားလမ်း အဆင့်မြှင့်တင်ရေး ဒေါ်လာ သန်း ၇၀၀ ချေးယူရန် ဖြစ်သည်။ အဆိုပါလမ်းပိုင်း၏ချေးငွေအတွက် မူလအဆိုပြုထားသော ဒေါ်လာ သန်း ရဝဝအစား လမ်းပိုင်းတစ်ခုအတွက် လိုအပ်သောဒေါ်လာ သန်း ၁၀၀ သာရယူတော့မည်ဖြစ်သဖြင့် ထပ်မံပေးပို့နိုင်ရေး မြန်မာ့ မီးရထားက စီစဉ်လျက်ရှိသည်။
အလားတူ ရထားတွဲအစီး ၁၀၀ ဝယ်ယူရန်အတွက် ဒေါ်လာ ၄၅ သန်း ချေးငွေရယူရန် လက်မှတ် ရေးထိုးခဲ့သည်။
“ကိုရီးယားကမြန်မာပြည်ကို အတိုးနှုန်းသက်သာတဲ့ချေးငွေ ဒေါ် လာ တစ်ဘီလျံ ပေးဖို့ပေါ့။ မြန်မာ ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုစီ မံကိန်းတွေမှာ ဒေါ်လာတစ်ဘီလျံပေးမယ်။ ဒါက စီမံကိန်းတွေအများကြီးပါတယ်။ အဲဒီအထဲမှာ ကိုရီးယား-မြန်မာ Industrial Complex နဲ့ ပတ်သက်တဲ့အခြေခံအဆောက်အအုံပေါ့။ အဲဒါကို ခုနက သန်း ၁၀၀၀ ထဲက သန်း ၆ဝကျော်သုံး မယ်။ နောက်ပြီး e-Government နဲ့ပတ်သက်တာတွေ ပါဝင်မယ်။ ကျန်တာအားလုံးက ဒီသန်း ၁၀၀၀ (တစ်ဘီလျံ)ထဲက မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုတဲ့ စီမံကိန်းတွေမှာ သုံးသွားမယ်”ဟု ရင်း နှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးအောင်နိုင်ဦးက ပြောကြားသည်။
■ ဆိုးလ်မြို့တစ်ဖက်ကမ်းလို ဖွံ့ဖြိုးလာစေချင်သည့် ဒလမြို့သစ်စီမံကိန်း
ကိုရီးယား-မြန်မာ စီးပွားရေး ဖိုရမ်ကို စက်တင်ဘာ ၄ ရက်က ရန် ကုန်မြို့၌ ကျင်းပခဲ့ရာ အဆိုပါ ဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာများတွင် ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ်လေ့လာခြင်း ဆိုင်ရာနားလည်မှုစာချွန်လွှာနှင့်အိမ်ရာငွေကြေးကဏ္ဍပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ ပါဝင်သည်။
‘အခုအခါ ကိုရီးယားနဲ့မြန်မာ နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ ကိုရီးယား-မြန်မာစက်မှုဇုန်(KMIC) နဲ့ ဒလချစ်ကြည်ရေးတံတား တည်ဆောက်ရေးစီမံကိန်းများကို စတင် အကောင်အထည်ဖော်ခြင်းနှင့် တပြိုင်နက် ဒလမြို့သစ်စီမံကိန်း အတွက် အကြိုလေ့လာမှုကို ဆောင်ရွက်နိုင်တာဟာ အချိန်အခါအလွန် ကောင်းမွန်သင့်တော်လှပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ပြောကြားသည်။
ဒလမြို့သစ်စီမံကိန်းအတွက် အကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ကိုရီးယား Land and Housing Corporation တို့အကြား လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ကိုရီးယား KB Kookmin Bank တို့အကြား အိမ်ရာ ငွေကြေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
“ယခုကဲ့သို့ MoU ရေးထိုးနိုင်ခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်မြင့်မားလာပြီး အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်လာ၍ အမှန်တကယ် အိမ်ရာလိုအပ်နေသော ဝင်ငွေနည်းပြည်သူများ အတွက် အိမ်ရာများ ပံ့ပိုးပေးနိုင်ခြင်း၊ အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် အိမ် ရာဘဏ္ဍာငွေကြေးထောက်ပ့ံနိုင်ရေးအတွက် လိုအပ်သောစနစ် ထူထောင်ပေးနိုင်ခြင်းစတဲ့အကျိုးကျေး ဇူးများ ရရှိစေနိုင်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆိုသည်။
ထို့ပြင် ဒလမြို့နယ်ကို ဆိုးလ်မြို့တစ်ဖက်ကမ်းကဲ့သို့ ဖွံ့ဖြိုးတိုး တက်ရန် ကူညီပေးမည်ဟု တောင်ကိုရီးယား သမ္မတမစ္စတာမွန်ဂျေအင်းက ပြောကြားသည်။
“ဆိုးလ်မြို့ရှိ တစ်ဖက်ကမ်းက တစ်ချိန်တုန်းက ခြောက်ကပ်နေခဲ့တယ်။ အခုဆို စည်စည်ကားကားဖြစ်နေပြီ။ ဒလကိုလည်း အဲဒီလိုမြို့သစ်စီမံကိန်းကြီးနဲ့ စက်မှုဇုန်တွေပါတဲ့ ဟာမျိုးလုပ်မယ်။ တောင်ကိုရီးယားနိုင်ငံက ပါလာတဲ့ လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံပြီးတော့ ဒလတံတားကြီးနဲ့အတူ ဒလဘက်အခြမ်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်” ဟု သမ္မတမွန်ဂျေအင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးဒလတံတားကို ရန်ကုန်မြို့တွင် စတင်တည်ဆောက် နေပြီဖြစ်သည်။ ဒလတံတားသည် ရန်ကုန်မြို့နှင့်ဒလဘက်အခြမ်းကို ဆက်သွယ်ထားသည့် မြစ်ကူးတံတား ဖြစ်သည်။
ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတားတည်ဆောက်ပြီးသည့်အခါ ဒလဘက် အခြမ်းတွင် ဖွံ့ဖြိုးတိုးတက်လာမည့်အခြေအနေဖြစ်ပြီး ယင်းအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီး ဒလဘက်အခြမ်းသည် ရန်ကုန်မြို့၏ စည်ပင်သာယာ နယ်နိမိတ်နှင့် ကပ်လျက်အနေအထားတွင်ရှိနေသဖြင့် နေရာကောင်းတစ်ခုဖြစ်ကြောင်း၊ ဒလမြို့သစ်စီမံကိန်းကို စနစ်တကျ အစီအမံများရေးဆွဲပြီး ဆောင်ရွက်သွားချင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ကျွန်တော်တို့တည်ဆောက်မယ့် မြို့သစ်စီမံကိန်းဟာ Smart City တစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြို့ဟောင်းဧရိယာမြစ်ရဲ့ အရှေ့ဘက်အခြမ်းကိုထားခဲ့ပြီး ရန် ကုန်မြစ်ရဲ့အနောက်ဘက်ခြမ်းမှာ Smart City တစ်ခု ပေါ်ထွန်းဖို့အတွက် ကျွန်တော်တို့မျှော်လင့်ပါ တယ်။ ရန်ကုန်မြစ်ရဲ့အနောက်ဘက်ကမ်းဟာ အခွင့်အလမ်းများစွာရှိ နေတဲ့နေရာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုရီးယား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေဆောင် ရွက်နေပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အနာဂတ်တွင် ဒလမြို့သစ်ကြီး က မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို လမ်းပြဦးဆောင်သွား နိုင်ရန်ကိုလည်း ဆုတောင်းပါသည် ဟု LH ဥက္ကဋ္ဌက ပြောကြားသည်။
“နောက်တစ်ခုက ဒလမြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီပေးမယ်ပေါ့။ ဒါကလည်း သူတို့ကူညီထားတဲ့ ဒလတံတားကြီးနဲ့ ဆက်စပ်ပြီးတော့ ဟိုဘက်ကမြို့ သစ်တစ်ခု ပေါ်လာဖို့ပေါ့။ သူတို့ရဲ့ အပြောအရဆိုရင် ကိုရီးယားမှာ ဂန်နန်ဆိုတာ ရှိတယ်လေ။ ဆိုးလ်ရဲ့ တစ်ဖက်ကမ်းမှာ လုပ်သလိုပေါ့။ မြန်မာနိုင်ငံမှာလည်း မြန်မာဂန်နန်ပေါ့။ ဒီလိုလုပ်ချင်တယ်ဆိုပြီး သူတို့ရဲ့အဆိုပေါ့နော်”ဟု အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ဆိုသည်။
ကိုရီးယားနိုင်ငံက ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိဒလကို ဆိုးလ်မြို့ တစ်ဖက်ကမ်းကဲ့သို့ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းဖြစ်သည့် ဒလမြို့သစ် စီမံကိန်းနည်းတူ လှည်းကူးမြို့နယ်အတွင်း အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းသည်လည်း သမ္မတမစ္စတာမွန်ဂျေအင်း၏ခရီးစဉ်အတွင်း ကိုရီးယား နှင့် မြန်မာလုပ်ငန်းရှင်များအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည့်စီမံကိန်းတစ်ခုဖြစ်သည်။
■ သမ္မတမွန်ဂျေအင်း ခရီးစဉ်အပြီး စတင်ပေါ်ပေါက်လာမည့် စီမံကိန်း
“ဒီခရီးစဉ်အတွင်းမှာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး သိသိသာသာ တိုးတက်လာမှာကတော့ MIC က ခွင့်ပြုပေးထားတဲ့ ကိုရီးယား-မြန်မာ Industrial Complex ပါ။ သူတို့က Development လုပ်ရုံတင်မကဘူး။ ရင်းနှီးမြှုပ်နှံမယ့်သူတွေကိုပါ ခေါ်လာနိုင်တယ်။ ကိုရီးယား-မြန်မာ Industrial Complex စီမံကိန်းကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်မယ်။ နောက်တစ်ခုက တိုင်းပြည်ထဲမှာ စက်ရုံအလုပ်ရုံတွေ အများကြီးပေါ်လာဖို့ရှိပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက သုံးသပ်ထားသည်။
ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀၊ ကိုရီးယားက ရာခိုင်နှုန်း ၆၀ ဖြင့် ၂၀၁၉ ခုနှစ်အတွင်း စတင်တည်ဆောက်မည် ဖြစ်ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“ဒီစီမံကိန်းမှာ ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing Corporation နဲ့မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက Developer အနေနဲ့ ဖက်စပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီးရှိ အကြီးစားစက်မှုဇုန်တွင် ဖက်ရှင် (အထည်ချုပ်)၊ အထည်အလိပ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးစသည့် များစွာသော စက်မှုလုပ်ငန်းများ ဝင် ရောက်နိုင်သော စက်မှုအခြေခံ အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတ နိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံမှ စားသုံးသူ ၃ ဒသမ ၄ ဘီလျံနှင့်ချိတ်ဆက်ပေးမည့် Hub ဆုံချက်နေရာဖြစ်ကြောင်း၊ လူဦးရေ ၅၃ သန်းရှိပြီး အဆိုပါလူဦးရေ၏ တစ်ဝက်သည် အသက် ၃၀ အောက် လူငယ်များဖြစ်သောကြောင့် မြန်မာနိုင်ငံသည် ငယ်ရွယ်ပြီး သွက်လက်သောနိုင်ငံဖြစ်ကြောင်း ၎င်းက ဆိုသည်။
အလားတူ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ သဘောတူညီထားသော ပြင်ပစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ ဒေါ်လာ တစ်ဘီလျံမှ တစ်ဆင့်ဆက်လက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစက်မှုဇုန်မှ စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စွာနှင့် အောင်မြင်စွာ လုပ်ငန်းလည်ပတ် လုပ်ဆောင်နိုင်ရန် စက်ပစ္စည်းကိရိယာများ ကောင်းစွာတပ်ဆင်ထားသော အခြေခံအဆောက်အအုံများကို ကုမ္ပဏီများအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သမ္မတ မစ္စတာမွန်ဂျေအင်းက ထည့်သွင်းပြောကြားခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်မှာ ဒေါ် လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမယ့် စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Korea Land and Housing Corporation တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ KMIC Development Co.Ltd က ၂၀၂၅ ခုနှစ်မှာ အပြီးဆောင်ရွက်ရန် လျာ ထားဆောင်ရွက်လျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်း ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ် လုပ်ငန်းသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်းဆောက် လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
“ကိုရီးယားနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံရဲ့ အလွန်အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ဖက် နိုင်ငံဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ကိုရီးယားနိုင်ငံအနေနဲ့မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ ၄၉ နိုင်ငံအနက် ရင်းနှီးမြှုပ်နှံထားမှုဟာ အဆင့်(၆)အဖြစ် ရှိပါတယ်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ လေး ဘီလျံခန့်ရှိပြီး အပြန်အလှန် ကုန်သွယ်မှုအနေနဲ့လည်း ဒေါ်လာတစ်ဘီလျံခန့်ရှိပါတယ်။ ကိုရီးယားစီး ပွားရေးလုပ်ငန်းများဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအသစ် အစီအစဉ်များထဲမှာ တက်ကြွစွာ ရင်းနှီးမြှုပ်နှံပြီး ရန်ကုန်-ဒလတံတား စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနဲ့ အခြား စီမံကိန်းများ လုပ်ကိုင်နေတာကို ကျွန်တော်တို့ အားပေးလျက်ရှိပါ တယ်”ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။
ကိုရီးယား-မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေးနှင့် လုပ်ငန်းခွင် ဆက်ဆံရေးမြှင့်တင်ရေး၊ကုန်သွယ်မှုမြှင့်တင်ရေး၊ စီးပွားရေးသတင်း အချက်အလက်များ မျှဝေရေး၊ စီး ပွားရေး တွေ့ဆုံပွဲများနှင့် အစည်းအဝေးများ ပူးပေါင်းကျင်းပရေး၊ နှစ်နိုင်ငံအကြား အရေးပါသော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများကို မျှဝေပေးနိုင်ရေးတို့အတွက်လည်း ကုန်သည်စက်မှု အသင်းချုပ်နှင့် ကိုရီးယားလုပ်ငန်း ရှင်များအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြသည်။
ကိုရီးယား-မြန်မာ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ် လာ ၃၁၆ သန်းခန့်ရှိသည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှရရှိသော စာရင်းများအရ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာ နှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူ လိုင်လကုန်အထိ မြန်မာနိုင်ငံ၏စီး ပွားရေးကဏ္ဍ ၁၂ ခုတွင် နိုင်ငံပေါင်း ၅၀ က ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ် လာ ၈၁ ဘီလျံကျော် ရှိသည်။ ကို ရီးယားက လုပ်ငန်းစီမံကိန်းပေါင်း ၁၇၇ ခုတွင် ဒေါ်လာ ၃ ဒသမ ၉ ဘီ လျံကျော်မြှုပ်နှံထားပြီး မြန်မာနိုင်ငံ တွင် ဆဋ္ဌမမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်သည်။
တောင်ကိုရီးယားက မော်တော်ကားနှင့် အခြားဆက်စပ်ပစ္စည်းစက်ရုံများ၊ လူသုံးကုန်ပစ္စည်းစက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။
အလားတူ တောင်ကိုရီးယားမှ ဟွန်ဒိုင်းမော်တော်ကားကုမ္ပဏီက မော်တော်ယာဉ် တပ်ဆင်ရေးစက်ရုံ တည်ထောင်ခဲ့ပြီး ဒေဝူးကားကုမ္ပဏီက မော်တော်ယာဉ်ထုတ်လုပ်ကာ မကြာမီပြည်တွင်းစျေးကွက်အတွင်း ဖြန့်ချိတော့မည်ဖြစ်သည်။
“ကိုရီးယားကတော့ မြန်မာ နိုင်ငံအပေါ်မှာ အများကြီး စိတ်ဝင်စားတယ်။ စိတ်ဝင်စားတော့ မြန်မာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက ကိုရီးယားရဲ့ စီးပွားရေးတိုးတက်မှုလို့တောင်မှ မကြာသေးခင်က Industrial Bank of Myanmar ရဲ့ ဒုတိယဥက္ကဋ္ဌ မြန်မာပြည်လာတုန်းက သူက အဲဒီလိုပဲ ပြောသွားတယ်။ ဆိုလိုချင်တာက ကိုရီးယားနဲ့ မြန်မာပူးတွဲ ပြီးတော့ စီမံကိန်းတွေလုပ်တဲ့အတွက် ကိုရီးယားအတွက်လည်း အကျိုးရှိ၊ မြန်မာအတွက်လည်း အကျိုးရှိပေါ့နော်။ အဲဒီလိုဖြစ်အောင် လုပ်ချင်တဲ့သဘောတော့ သူတို့မှာ ရှိတယ်။ ဘာပဲပြောပြော ကျွန်တော်တို့နိုင်ငံက ကမ္ဘာပေါ်မှာ စိတ်ဝင်စားခြင်းခံနေရတဲ့ အနေအထားရှိတော့ ကောင်းတာပေါ့ဗျာ” ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
■ ကိုရီးယား၏ တောင်ပိုင်းဆိုင်ရာ မူဝါဒသစ်နှင့် မြန်မာ့ဖွံ့ဖြိုးမှုအလားအလာ
တောင်ကိုရီးယားသမ္မတ မစ္စတာမွန်ဂျေအင်းအစိုးရလက်ထက်မှာ စတင်ခဲ့သည့် နိုင်ငံခြားရေး မူဝါဒသစ်တစ်ခုဖြစ်သည့် တောင်ပိုင်းဆိုင်ရာမူဝါဒသစ် (News Southern Policy) အရ အာဆီယံ နိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ယင်းမူဝါဒအကောင်အထည်ဖော်ဆောင်မှုတစ်ရပ်အနေဖြင့် သမ္မတမွန်ဂျေအင်းသည် ၎င်း၏သမ္မတ သက်တမ်းကာလအတွင်း အာဆီယံ ၁၀ နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်ခဲ့ရာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
“အာဆီယံဟာ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံဟာ အာဆီယံရဲ့ ပဥ္စမမြောက်အကြီး ဆုံးကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံမေးမြန်း မှုတွင် ပြောကြားထားသည်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနများ အကြား Employment Permit System (EPS) သဘောတူညီချက်အရ တောင်ကိုရီးယားနိုင်ငံကို တရားဝင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများ ပိုမိုတိုးမြှင့်ခေါ်ယူသွားရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မေတ္တာရပ်ခံခဲ့သည်။
သမ္မတမွန်ဂျေအင်းကလည်း မြန်မာလုပ်သားများသည် အလုပ်အကိုင်ကြိုးစားကြပြီး သင်ယူတတ် မြောက်လွယ်ကူကြကြောင်း၊ ၎င်းတို့ ၏ လုပ်အားသည် တောင်ကိုရီးယားနိုင်ငံ စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုစေသည့် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မေတ္တာရပ်ခံချက်ကို စဉ်း စားပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်မှုတစ်ခုအနေဖြင့် မြန်မာနိုင်ငံကိုလာရောက်မည့် တောင်ကိုရီးယားနိုင်ငံသားခရီးသွားများကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစပြီး ဗီဇာကင်းလွတ် ခွင့်တစ်နှစ် စမ်းသပ်ခွင့်ပြုခဲ့ရာမှ တောင်ကိုရီးယားခရီးသွား ၈၅ ရာ ခိုင်နှုန်းအထိ သိသိသာသာ တိုးတက် ခဲ့သည်။
ယင်းအခြေအနေများကြောင့် တောင်ကိုရီးယားခရီးသွားများ မြန်မာနိုင်ငံကို ပိုမိုလာရောက်နိုင်စေရန် သမ္မတမွန်ဂျေအင်း၏ ခရီးစဉ်အတွင်း မြန်မာဘက်က ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်ထပ်မံတိုးမြှင့်ပေးခဲ့သည်။
“ခြုံပြောရရင် သမ္မတမွန်ဂျေအင်းရဲ့ ခရီးစဉ်က ကျွန်တော်တို့ တိုင်းပြည်အတွက်တော့ အများကြီး ကောင်းတယ်။ လွန်ခဲ့တဲ့ ၁၉၈၃ ခု နှစ်နောက်ပိုင်း ဘာပဲပြောပြော နှစ်ပေါင်း ၃၆ နှစ်ကျော်မှ ပြန်လာတဲ့ခရီး စဉ်ဆိုတော့ သမ္မတအနေနဲ့ သူ့ရဲ့ မူဝါဒအသစ်ကိုလည်း အကောင်အထည်ဖော်ဖို့အတွက် လာတဲ့ခရီး စဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လိုတဲ့ သူ့ရဲ့ရည်ရွယ်ချက် ကိုလည်း ပြချင်တယ်ပေါ့နော်။ အဲဒီတော့ ဒါက ကျွန်တော်တို့ တိုင်းပြည်အတွက် အများကြီးတိုးတက်မယ့် ခရီးစဉ်လို့ သုံးသပ်ပါတယ်”ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။










