အန္တရာယ်များသော စိန်ခေါ်ပွဲ

အန္တရာယ်များသော စိန်ခေါ်ပွဲ
Published 8 September 2019
မြတ်သစ်

ဆော်ဒီအာရေဗျနိုင်ငံ၏ တိုက်ခိုက်ရန် အသင့်ရှိနေသော နိုင်ငံခြားရေးမူဝါဒကြောင့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်တွေ့ရမည့် အနေအထားရောက်ရှိနေသည်။ ယီမင်နိုင်ငံ ၏ စစ်ရေးဆိုင်ရာနွံအတွင်း သက်ဆင်းမည့် အခြေအနေကို တခြားမည်သူကမျှ ပြုလုပ်ခြင်းမဟုတ်ဘဲ ရည်မှန်းချက် အင်မတန်ကြီးမားသော ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်ကိုယ်တိုင်ကပဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆွန်နီနိုင်ငံဟုဆိုရမည့် ဆော်ဒီအာရေဗျ သည် ရှီအိုက်လွှမ်းမိုးထားသော အီရန်နှင့် ဒေသတွင်း အာဏာခွဲဝေရေးအတွက် တိုက်ပွဲဆင်နွှဲနေသည်။ ဆော်ဒီထီးနန်းကို ရယူခဲ့ သော မိုဟာမက်ဘင်ဆယ်မန်၏အသက်မှာ ၃၄ နှစ်မျှသာရှိသေးသည်။ သို့သော် သူက ကျူးကျော်တိုက်ခိုက်ရေးမူကို ဆွဲကိုင်ထားသူဖြစ်သည်။ ယီမင်အရေးတွင် ဆော်ဒီက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယီမင် အနောက်တောင်ပိုင်း ဒါမာပြည်နယ်တွင် ဟူသီသူပုန်တို့ ထိန်းချုပ်ထားသော အကျဉ်းထောင်တစ်ခုကို ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က စက်တင်ဘာ ၁ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ပြီး လူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ ပြင် အိမ်နီးချင်း ကာတာနိုင်ငံကို လွန်ခဲ့သည့် နှစ်နှစ်ကတည်းက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ကာတာကို စီးပွားရေးပိတ်ဆို့ရာတွင် ဆော်ဒီအာရေဗျနိုင်ငံသာမကဘဲ ယူအေအီး၊ အီဂျစ်နှင့် ဘာရိန်းနိုင်ငံတို့လည်း ပါဝင်ခဲ့သည်။ ထို့ပြင် ဆော်ဒီနိုင်ငံသည် ကနေဒါနိုင်ငံတွင် သံတမန်ရေးစစ်ပွဲတစ်ရပ်ကို ၂၀၁၈ သြဂုတ် ၈ ရက်တွင် ဖြစ်ပွားခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံရှိ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများကို ဆော်ဒီအာဏာ ပိုင်များက ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ဆော်ဒီရှိ ကနေဒါသံအမတ်ကြီးက Twitter မှ ရေးသား မှုကြောင့် သံတမန်ရေးစစ်ပွဲတစ်ရပ် စတင်ခဲ့ သည်။ ရေနံအပေါ် မှီခိုနေရသော စီးပွားရေး စနစ်ကို ပြုပြင်ရေးအတွက် အဘက်ဘက်မှ ပြုပြင်ပြောင်းလဲရေးစီမံကိန်းလုပ်ဆောင်ရန် ပြင်ပရင်းနှီးမြှုပ်နှံသူများထံမှ ငွေကြေးများ ရှာဖွေနေချိန်တွင် ဆော်ဒီနိုင်ငံ၏ ရန်လိုသော လုပ်ဆောင်မှုများကြောင့် ပြင်ပ မှ ရင်းနှီးမြှုပ်နှံသူများ လက်တွန့်နေကြသည်။

“ဆော်ဒီနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက ပစ်စရာရှိ အရင်ပစ်၊ နောက်မှ မေးခွန်းမေး ဆိုတဲ့ ပုံစံဖြစ်နေတယ်။ အဲဒီမူဝါဒဟာ စိတ်လိုက်မာန်ပါ လုပ်ဆောင်တဲ့ မူဝါဒဖြစ်ပြီး ရေရှည်ထွက်ပေါက်မဟာဗျူဟာအတွက် ရှုံးနိမ့်မှု တွေ့စေမှာဖြစ်တယ်” ဟု ဘက်စမာမိုဟာနီက ပြောကြားခဲ့သည်။ သူက ကနေဒါနိုင်ငံရှိ ၀ါတာလူးတက္ကသိုလ်မှ ပါမောက္ခဖြစ်သည်။

၂၀၁၈ အောက်တိုဘာ ၂ ရက်က ဂျာနယ်လစ် ဂျမယ်ခါရှိုဂီသည် သူ၏ လက်ထပ် ထိမ်းမြားမှုဆိုင်ရာ စာရွက်စာတမ်းကိစ္စအတွက် တူရကီနိုင်ငံ အစ္စတန်ဘူမြို့ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးသို့ ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ဆုံးခဲ့သည်။ အမေရိကန်တွင် နေထိုင်သော ဆော်ဒီနိုင်ငံသား ခါရှိုဂီသည် သြဇာကြီးမားသော အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန်ကို ဝေဖန်နေသူဖြစ်သည်။ ခါရှိုဂီ အသတ်ခံရသောဖြစ်ရပ်ကြောင့် ဆော်ဒီကို လက်နက်များ အဓိကပံ့ပိုးနေသည့် အနောက်နိုင်ငံမှ ကာလရှည်မဟာမိတ်များအတွက် အကျပ်ရိုက်စေခဲ့သည်။ မိမိကိုယ်မိမိ သဘောထားအလယ်အလတ်ရှိသော ခေါင်းဆောင် ဟု ပုံဖော်နေသော မိုဟာမက်ဘင်ဆယ်မန်၏ ကြိုးပမ်းချက်များလည်း အရာမထင်ဖြစ်စေသည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်စေခဲ့သည်။

ပြဿနာများနှင့် ကြုံတွေ့နေလင့်ကစား အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန် သည် ဆော်ဒီနိုင်ငံတွင် သြဇာအာဏာရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံရေးအကဲခတ်သမားများ က သုံးသပ်ထားကြသည်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်လာနိုင်ဖွယ် မရှိသေးပေ။ လက်ရှိကာကွယ်ရေးဝန်ကြီး ရာထူးကို အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က ရယူထားသည်။ ၂၀၁၅ ဇန်နဝါရီ ၂၃ ရက်က သူ့အနေဖြင့် ကာကွယ်ရေးဝန်ကြီး  တာဝန်ပေးအပ်ထားခံရခြင်းဖြစ်သည်။ ဘင်ဆယ်မန်၏ သြဇာရှိနေခြင်းကြောင့်လည်း အစိုးရဆန့်ကျင်ရေးသမားများနှင့် ဝေဖန်နေသူများကို နှိမ်နင်းမှုများ ပြုလုပ်နိုင်ခြင်းဖြစ်သည်။

“ဆော်ဒီနိုင်ငံမှာ မကြာသေးမီနှစ်ကာလအတွင်းတွင် မဟာဗျူဟာ အမှားတွေ တွေ့ မြင်နေရတယ်။ ဘာကြောင့်လဲဆိုတော့ ဆော်ဒီနိုင်ငံဟာ ဒေသတွင်းမှာ လွတ်လပ်တဲ့ အမှီအခိုကင်းတဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ရယူလို့ဖြစ်တယ်” ဟု ၀ါရှင်တန်ရှိ အာရပ်ပင်လယ်ကွေ့နိုင်ငံများ အင်စတီကျုမှ သုတေသီ ဟူစိန်အိုင်ဘစ်ရှ်က မှတ်ချက်ချသည်။

ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် အဓိ ကအခန်းကဏ္ဍမှပါဝင်ရန် အသင့်မဖြစ်သေးကြောင်း ဆော်ဒီစစ်တပ်သည် အဓိကနိုင်ငံတကာ စစ်ပွဲများတွင်ပါဝင်ရန် ဖွဲ့စည်းထား ခြင်းမရှိကြောင်း၊ ဟူစိန်အိုင်ဘစ်ရှ်က သုံးသပ် ထားသည်။ ဆော်ဒီနိုင်ငံအနေဖြင့် ယီမင်နိုင်ငံတွင်ရှိနေသော အီရန်ကျောထောက် နောက်ခံပြု ဟူသီသူပုန်များကို လျင် မြန်စွာ တိုက်ခိုက်နိုင်လိမ့်မည်ဟု မျှော်လင့်၍ ရနိုင်ပေမဲ့ အာရပ်ကမ္ဘာတွင် အဆင်းရဲဆုံးဟု ဆိုရမည့် ယီမင်နိုင်ငံတွင် စစ်ပွဲဆင်နွှဲခြင်း အားဖြင့် စစ်စရိတ်ဒေါ်လာ ဘီလျံနှင့်ချီပြီး ကုန်ကျမည်ဖြစ်သည်။ ထို့ပြင် လူသားချင်း စာနာထောက်ထားမှုအရ စစ်ပွဲကြောင့် အရပ်သားများဘက်မှနေ၍ ရပ်တည်ပြီး ကျူးကျော်တိုက်ခိုက်သူများအား နိုင်ငံတကာမှ ပြစ်တင် ဝေဖန်မှုများကိုလည်း ခံရမည့်အနေအထား ရှိနေသည်။ ဟူသီသူပုန်များက ဆော်ဒီကို ဒရုန်းများဖြင့်လည်းကောင်း၊ ဒုံးကျည်များဖြင့် လည်းကောင်း တိုက်ခိုက်ခြင်းဖြင့် မိမိတို့၏ စစ်ရေးအင်အား ကြီးမားကြောင်းကို ပြသမည် ဖြစ်သည်။

ဆော်ဒီသည် အဆင့်မြင့်ဂျက်တိုက်လေ ယာဉ်များ ဝယ်ယူခြင်းဖြင့် နိုင်ငံ၏ လေကြောင်းစွမ်းရည် မြှင့်တင်ခြင်း ပြုလုပ်မည်ဆို ပါက ဒေါ်လာဘီလျံချီပြီး ကုန်ကျမည်ဖြစ် သည်။ သို့ဖြစ်၍ အီရန်၏ အန္တရာယ်အတွက် လက်တွေ့စစ်ပွဲကြီးတွေထက်စာလျှင် တခြားနည်းလမ်းဖြင့် စစ်ပွဲဆင်နွှဲမှုများပြုလုပ်ဖို့လိုကြောင်း သုတေသီများက ထောက်ပြလျက်ရှိ သည်။ အီရန်နိုင်ငံက နယ်ပယ်ချဲ့ထွင်မှုများ ပြုလုပ်နေခြင်းကြောင့် ဆော်ဒီအနေဖြင့် မိမိနိုင်ငံကို ကာကွယ်ရန်အတွက် လက်တုံ့ပြန်မှုများကို မဖြစ်မနေ ပြုလုပ်နေရကြောင်း ဆော်ဒီ တာဝန်ရှိသူများက တုံ့ပြန်ကြသည်။

ယီမင်နိုင်ငံသည် ဆော်ဒီအာရေဗျ အတွက် အင်မတန်မှ အရေးပါသည်။ ယီမင် နိုင်ငံသည် တောင်နှင့်မြောက် နှစ်ခြမ်းကွဲ သွားမည်ဆိုပါက ဆော်ဒီနိုင်ငံအနေဖြင့် တည်ငြိမ်မှုမရှိသော အိမ်နီးချင်းနှစ်ဦးနှင့် ရင်ဆိုင်ရမည့် အခြေအနေရောက်ရှိသွားပေ တော့မည်။ ခွဲထွက်ရေးသမားများက တောင်ယီမင်မှ ခွဲ ထွက်ပြီး မြောက်ယီမင် ထူထောင် လိုနေကြသည်။ ဟူသီသူပုန်များသည် ယီမင် မြောက်ပိုင်းတွင်ရှိနေပြီး မြို့တော် ဆာနာထိပင် ရောက်ရှိနေကြသည်။ ဟူသီသူပုန်များ သည် ဆော်ဒီအတွက် အဓိကစိန်ခေါ်နေသော ခြိမ်းခြောက်မှုဖြစ်သည်။ ဟဇ်ဘိုလာများကဲ့ သို့ပင် အန္တရာယ်ရှိနေသည်ဟု ဆော်ဒီက ယူ ဆထားသည်။

ယီမင်နိုင်ငံရှိ ဟူသီသူပုန်များနှင့် ညွန့် ပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်မှုမှာ တိုးတက်မှုများမရသေးပေ။ အမေရိကန် ပြည်ထောင်စုကမူ ဟူသီသူပုန်များနှင့် တိုက် ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိသည်။ ၀ါရှင်တန်က ဆော်ဒီကို ယီမင်အရေး တွင် သံတမန်နည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းမည်ဖြစ်သည်။ သို့သော် လောလောဆယ်တွင်မူ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ မင်္ဂလာအခမ်းအနား ကျင်းပသည့်နေရာများ ထိမှန်ပြီး အပြစ်မဲ့ယီမင်ပြည်သူ ထောင်ပေါင်း များစွာ သေဆုံးခြင်းကြောင့် ဆော်ဒီဦးဆောင် သောညွန့်ပေါင်းအဖွဲ့ကို နိုင်ငံတကာမှ ပြစ် တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဆော်ဒီသည် ယီမင်စစ်ပွဲနွံအတွင်း သက်ဆင်းနေရသည့်အဖြစ်နှင့် ကြုံနေရပြီဆိုသော ဝေဖန်ချက်များမှာလည်း မှန်သည့်သဘောသက် ရောက်နေပြီဖြစ်သည်။

Most Read

Most Recent