မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စက်တင်ဘာ (၂၃) ရက်တွင် ပြန်လည်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်မှ စက်တင်ဘာ (၉) ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အတွက် လေ့ကျင့်မှုခေတ္တရပ်နား မည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာ (၂၃) ရက်တွင် ပြန်လည်လေ့ကျင့်မည်ဖြစ်သော်လည်း ၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲကစားရမည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှ ကစားသမားများမှာမူ စက်တင်ဘာ (၂၅) ရက်မှသာ အသင်းနှင့်ပူးပေါင်းနိုင်မည် ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ထိုင်း ခရီးစဉ်ပြီးဆုံးပါက လက်ရွေးစင်အသင်းနှင့် ပါဝင်သွားသည့် ကစားသမားများ၊ ထိုင်းခရီးစဉ်တွင်ချန်လှပ်ခဲ့သည့် ကစားသမား များနှင့် ပြန်လည်ပူးပေါင်း၍ ပဏာမကစားသမားစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်မည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းကို ပဏာမကစားသမား (၄၀) နီးပါးဖြင့် ဖွဲ့စည်းခဲ့ပြီး ထိုင်း ခရီးစဉ်သို့ ကစားသမား (၂၃) ဦးသာ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင် ဆင်သည့်အနေဖြင့် စက်တင်ဘာ (၃) ရက်မှ (၈) ရက်အထိ ထိုင်းနိုင်ငံ ချင်းရိုင်မြို့့သို့သွားးရောက်လေ့ကျင့်နေပြီး ပထမခြေစမ်းပွဲအဖြစ် စက်တင်ဘာ (၅) ရက်က ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၀-၅) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် စက်တင်ဘာ (၈) ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ထိုင်းလိဂ် -၁ ကလပ် ချင်းမိုင်အသင်းနှင့် ထပ်မံကစားမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်း ပွဲ (၇)ပွဲနှင့်အထက် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အောက်တိုဘာတွင်လည်း ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။
ထို့အပြင် အောက်တိုဘာ (၂၁) ရက်မှ နိုဝင်ဘာ (၁) ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့၌သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ကာတာ ယူ- ၂၂ အသင်းနှင့်အပါအဝင် ခြေစမ်းပွဲ (၃)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် သြဂုတ် (၁၉) ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး နည်းပြချုပ်အဖြစ် ပိုပေါ့ဗ်ကို ဆက်လက်တာဝန်ပေးထားသည်။
မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်းယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုမရသေးကြောင်း သိရသည်။