မြဝတီမြို့ရှိ တည်းခိုခန်းတစ်ခု၌ တည်းခိုနေထိုင်ပြီး ဖုန်းအဟောင်းဝယ်ရောင်းလုပ်သူထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၄၂ ရွက် ဖမ်းဆီးရမိ

မြဝတီမြို့ရှိ တည်းခိုခန်းတစ်ခု၌ တည်းခိုနေထိုင်ပြီး ဖုန်းအဟောင်းဝယ်ရောင်းလုပ်သူထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၄၂ ရွက် ဖမ်းဆီးရမိ
Published 7 September 2019
ကိုရွှေသိန်း (မြဝတီ)

ကရင်ပြည်နယ် မြဝတီမြို့တွင် တည်းခိုခန်းတစ်ခု၌ တည်းခိုနေထိုင်ပြီး ဖုန်းအဟောင်းများ လိုက်လံဝယ်ယူသူထံမှ ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ၁၄၂ ရွက် ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၆ ရက်က သတင်းရရှိသည်။

မြဝတီမြို့ ခရိုင်မှုခင်းနှိမ်နင်းရေး ခေါင်းဆောင် ရဲအုပ်သန်းဇော်ဝင်း ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များသည်  သက်သေရပ်ကွက်လူကြီးများနှင့်အတူ အမှတ် (၁) ရပ်ကွက် သဇင်လမ်းတွင် စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူတစ်ဦးအား ရပ်တန့်စစ်ဆေးရာ ၎င်း၏ ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ကျပ်တစ်သောင်းတန် အရွက် ၇၀ အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ ့မှစစ်ဆေးရာ ငွေစက္ကူအတု လက်ဝယ်ကိုင်ဆောင်အသုံးပြုနေသူမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက် ကမ်းနားလမ်းနေထိုင်သူ ဦးထွန်းခိုင် (၃၃ နှစ်) (ဘ)ဦးလှကျော်ဖြစ်ပြီး လွန်ခဲ့သော သုံးရက်ခန့်က မြဝတီမြို့သို့ရောက်ရှိကာ ကြံခင်းလမ်းရှိ တည်းခိုခန်းတစ်ခု၌ တည်းခိုနေထိုင်နေသူဖြစ်ကြာင်း သိရသည်။

ရဲအုပ်သန်းဇော်ဝင်း ဦးစီးအဖွဲ့၊ မှုခင်းတပ်ဖွဲ့စုမှူး ဒုရဲမှူးလှဝင်းဦးစီးအဖွဲ့၊ နယ်ထိန်းအရာရှိဒုရဲအုပ် မင်းမင်းထွန်းဦးစီးအဖွဲ့တို့သည် ညနေ ၃နာရီခွဲခန့်တွင်  ဦးထွန်းခိုင်တည်းခိုနေထိုင်သော တည်းခိုခန်းသို့ သွားရောက်စစ်ဆေးရှာဖွေရာ ၎င်းအခန်းအတွင်းရှိ ခုတင်ခေါင်းအုံးအောက်မှ ငွေစက္ကူအတုဟုယူဆရသော ကျပ်တစ်သောင်းတန်အရွက် ၇၀ ထပ်မံရှာဖွေတွေ့ရှိ၍ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်။

ထို့အတူ စက်တင်ဘာ ၅ ရက်က သုံးစွဲခဲ့သော ကျပ်တစ်သောင်းတန်နှစ်ရွက်ကိုလည်း ရဲတပ်ဖွဲ့မှ ညနေ ၅ နာရီခန့်တွင် သွားရောက်သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်  ရသေ့တောင်မြို့နေသူ ဦးထွန်းခိုင်သည် မြန်မာ - ထိုင်းနယ်စပ် မြဝတီမြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေထိုင်ကာ ဖုန်းအဟောင်းများ အရောင်းအဝယ်လုပ်နေသူဖြစ်ကြောင်းနှင့် ငွေစက္ကူတုများအား မဲဆောက်မြို့မှ ဝယ်ယူခဲ့ပြီး ကာစီနိုလောင်းကစားရုံတွင် လောင်းကစားခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။

သို့ဖြစ်၍ ငွေစက္ကူအတု ဟုယူဆရသော ကျပ်တစ်သောင်းတန်များ  လက်ဝယ်ထားအသုံးပြုနေသူ ဦးထွန်းခိုင်အား မြဝတီမြို့မ ရဲစခန်းမှ (ပ) ၁၀၁၈/၂၀၁၉ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။      

 

 

Most Read

Most Recent