ကြည်လင်တဲ့ကောင်းကင် အေးချမ်းတဲ့ပုံပြင်

ကြည်လင်တဲ့ကောင်းကင် အေးချမ်းတဲ့ပုံပြင်
Photo: The Jakarta
Photo: The Jakarta
Published 7 September 2019
ထက်လူအောင်

“ကြယ်လေးတွေကို ရေတွက်ကြည့်ချင်တယ်”တဲ့။ကောင်းကင်မှာ ကြယ်လေးတွေ ဘယ်လောက်ရှိလဲတဲ့။ ဒီရက်ပိုင်းမှာ ဒီစကားတွေကိုပဲ သမီးလေး ပြောနေပါတယ်။ “ဘာဖြစ်လို့  ကြယ်တွေကို ရေတွက်ချင်ရတာလဲ”လို့ မေးတဲ့အခါ “ကောင်းကင်ကြီးမှာရှိတဲ့ ကြယ်လေးတွေကို ရေတွက်နိုင်ရင် နတ်သမီး ဖြစ်တယ်တဲ့” လို့ ပြန်ဖြေပါတယ်။

ကျောင်းမှာပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲမှာပဲ ဖြစ်ဖြစ် ကလေးချင်းကစားရင်းနဲ့  ပြောတာကို ကြားလာတယ် ထင်ပါရဲ့။ သမီးလေးဟာ ကြယ်တွေ ရေတွက်ကြည့်ဖို့ စိတ်အားထက်သန်နေရဲ့။ ကာတွန်းကားတွေထဲက နတ်သမီး လေးဖြစ်ဖို့လည်း စိတ်ကူးယဉ်နေလေရဲ့။ ကြယ်တွေကို ရေတွက်ချင်တယ်လို့ သမီးလေးပြောမှပဲ မိုးကလည်း ကောင်းနေတယ်။ ညဆို ကောင်းကင်မှာ မိုးတိမ်တွေအပြည့်။ မိုးတိမ်တွေကြားမှာ လမင်းကြီးကလည်း ပျောက် ကွယ်နေလေရဲ့။ ဒီလိုနဲ့ ကောင်းကင်မှာ မိုးတိမ်တွေ ခဏပျောက်ကွယ်သွားတဲ့ နေ့တစ်နေ့ကို ရောက်လာပါတယ်။ နံနက်ခင်းကတည်းက မိုးမရွာ၊ မိုးတိမ်တွေလည်း ရှိမနေတဲ့ နေ့တစ်နေ့ပေါ့။ ညရောက်ရင် ကြယ်တွေကို ရေတွက်လို့ရပြီဆိုပြီး သမီးလေး ပျော်နေလေရဲ့။ ဒီလိုနဲ့ မိုးရာသီရဲ့ တိမ်ကင်းစင်တဲ့ ညတစ်ညကို ရောက်ရှိလာပါတယ်။

ညမှောင်ပြီဆိုတာနဲ့  အိမ်အပြင် ထွက် ပြီး ကြယ်တွေ ရေတွက်ဖို့ ပူဆာနေတဲ့ သမီး လေး။ “ဖေဖေ လာ၊ ကြယ်တွေကို ရေကြည့်ကြ မယ်လေ”တဲ့။ ဒီလိုနဲ့ သားအဖနှစ်ယောက် အိမ်ရှေ့လမ်းမပေါ်ရောက်လာခဲ့ပေါ့။ မိုးတိမ် တွေမရှိတဲ့ ကောင်းကင်ဟာ ကြည်လင်လှပ လို့။လပြည့်နေ့မဟုတ်ပေမဲ့ လဆန်းရက် ဖြစ် နေတာကြောင့် ကောင်းကင်မှာ လမင်းကြီးက လည်း သာနေလေရဲ့။ လမင်းကြီးကို ပြည့်ပြည့် ၀၀ မြင်တွေ့ရတာ မဟုတ်ပေမဲ့ သမီးလေးက တော့ “ဟိုမှာ လမင်းကြီး၊ ဟိုမှာ လမင်းကြီး”လို့  အော်ဟစ်ခုန်ပေါက်နေပါတယ်။ ပြီးတော့ သားအဖနှစ်ယောက် ကြယ်တွေကို ရေတွက် ကြည့်ကြပေါ့။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ လေးလုံးနဲ့ ရေတွက်လာလိုက်တာ ခဏအ ကြာမှာပဲ သားအဖနှစ်ယောက် မရေတွက်နိုင် တော့ဘူး။ များပြားလှတဲ့ကြယ်တွေနဲ့ ကြည် လင်နေတဲ့ ကောင်းကင်က ကျွန်တော်တို့ သားအဖနှစ်ယောက်ကို လှည့်စားနေလေရဲ့။ ကြယ်တွေကို ရေတွက်ရင်းနဲ့ သမီးလေး အိပ် ချင်လာပုံရတယ်။ မျက်လုံးလေးတွေ မှေးလာ ပြီး တဝါးဝါး သမ်းလာပါတော့တယ်။အဲဒါနဲ့ သမီးလေးကို အိမ်ထဲ ပြန်ခေါ်ပြီး သိပ်လိုက်ပါ တော့တယ်။ “မနက်ဖြန်ရောက်ရင် ကြယ်တွေ ထပ်ရေမယ်”တဲ့။ အိပ်ပျော်ကာနီးတောင် ကြယ်တွေအကြောင်း ပြောနေပြန်ပါတယ်။ ကလေးဆိုတော့ သူ စိတ်ဝင်စားတဲ့အရာကို အစွဲအလမ်းကြီးနေပုံရပါတယ်။ကျွန်တော်

တို့ ငယ်ငယ်ကလည်း ဒီလိုပါပဲ။ လမင်းပုံပြင် တွေ ကြယ်ပုံပြင်တွေနဲ့ပဲ ကြီးပြင်းလာခဲ့ရတာ မဟုတ်လား။

လမင်းကြီးမှာ ယုန်ရုပ်ပေါ်နေတဲ့ ပုံပြင် ဆို အဖေ အမြဲပြောပြတဲ့ ကျွန်တော်ရဲ့ အိပ် ရာဝင်ပုံပြင်တစ်ပုဒ်ပေါ့။ တောကြီးတစ်တော ထဲမှာ ဘုရားအလောင်း ယုန်မင်းနဲ့အတူ မြေ ခွေး၊ မျောက်နဲ့ ဖျံတို့  အတူနေကြသတဲ့။ ဥပုသ် နေ့မရောက်ခင် တစ်ရက်အလိုမှာ ဘုရားအ လောင်း ယုန်မင်းက ဥပုသ်နေ့မှာ အလှူဒါန ပြုကြဖို့ နှိုးဆော်သတဲ့။ လှူဖွယ်ပစ္စည်းရှာ ဖွေတော့ မျောက်က သရက်သီး၊ ဖျံက ငါး ကြင်းငါး၊ မြေခွေးက လယ်ထွန်ယောက်ျား ကျန်ခဲ့တဲ့ အမဲကင်တွေ ရလာသတဲ့။ အဖေ ပြောတဲ့ပုံပြင် အဲဒီနေရာ ရောက်ရင် “ဘုရား အလောင်းယုန်မင်းက ဘာရှာလို့ရလဲ ဖေဖေ” လို့ ကျွန်တော် မေးနေကျပေါ့။

လှူဖွယ်ပစ္စည်းကို ဘုရားအလောင်း ရှာမရလို့ သူ့အသက်၊ သူ့အသားကို လှူမယ် လို့ ကြံစည်တဲ့အခန်းဟာ ကျွန်တော့်အတွက် မျက်လုံးကျယ်စေတဲ့အခန်းပေါ့။ ဘုရားအ လောင်းယုန်မင်းရဲ့စိတ်ကို စမ်းသပ်ချင်တဲ့ သိကြားမင်းဟာ အလှူခံပုဂ္ဂိုလ် အယောင် ဆောင်ပြီး တောထဲကို အလှူလာခံတော့တာ ပေါ့လို့ ဖေဖေပြောရင် “သိကြားမင်းဆိုတာ ဘယ်လိုမျိုးလဲ ဖေဖေ”လို့ ကျွန်တော်က မေးနေကျပေါ့။

အဲဒီအခါမှာ သိကြားမင်းဆိုတာ ဘယ် လိုမျိုးဖြစ်ကြောင်း ရှင်းပြရင်းနဲ့ ပုံပြင်ဟာ ရပ်သွားပါတော့တယ်။ ဘာလို့လဲဆိုတော့ ပုံပြင် အဲဒီနေရာ ရောက်ရင် ကျွန်တော် အိပ် ပျော်သွားတတ်လို့ပါပဲ။ နောက်တစ်နေ့ ညရောက်တော့ မနေ့ကပုံပြင်ကို ရှေ့ဆက် ပေါ့။ ဘုရားအလောင်းယုန်မင်းက မီးပုံထဲ ခုန်ချပြီး အလှူခံပုဂ္ဂိုလ် အယောင်ဆောင် ထားတဲ့ သိကြားမင်းကို သူ့အသက်၊ သူ့အ သားကို အလှူဒါနလုပ်တဲ့အခန်းဆို ကျွန် တော့်မျက်လုံးတွေပြူ းလို့။ အသက်မရှူရဲတော့ ဘဲ နားတွေကို အစွမ်းကုန်ဖွင့်ထားပေါ့။ ဘု ရားအလောင်းယုန်မင်း မီးပုံထဲ ခုန်ဆင်းတဲ့ အခါ မီးမလောင်ဘဲ မီးပုံငြိမ်းသွားတဲ့အ ကြောင်း၊ သိကြားမင်းက ဘုရားအလောင်း ယုန်မင်းရဲ့ဒါနစိတ်ကို ချီးမွမ်းတဲ့အနေနဲ့ လ ဗိမ္မာန်မှာ ယုန်ရုပ်ကို ရေးဆွဲလိုက်တယ်တဲ့။ အဲဒီလိုပုံပြင်ကို အဖေက အဆုံးသတ် လိုက်ပါတယ်။အဲဒီပုံပြင်ကို ဖေဖေ စပြောတဲ့ ညကဆို ပုံပြင်ပြီးတာနဲ့ “လမင်းကြီး ကြည့် မယ်၊ ယုန်ရုပ်ကို ရှာမယ်”လို့ ကျွန်တော် ပူဆာတော့တာပေါ့။ ဖြစ်ချင်တော့ အဲဒီနေ့ ဟာ လကွယ်ရက်ဖြစ်နေလေရဲ့။ ကျွန်တော်က လည်း ငိုပြီးတော့ ပူဆာပေါ့။ အဖေနဲ့ အမေ  ကျွန်တော့်ကို မနည်းချော့ခဲ့ရတဲ့ ညပေါ့။

လကွယ်ရက် ကျော်ပြီး လဆန်းရက်တွေ ရောက်လာတော့မှ လကလည်း တဖြည်းဖြည်း ပြည့်လာ။ ကျွန်တော်ကလည်း နေ့တိုင်း ကောင်းကင်မှာ လမင်းကြီးကို ရှာနေ ကြည့် နေတော့တာပေါ့။ လပြည့်ရက်နီးမှ ဖေဖေ ပြောတဲ့ ယုန်ရုပ်ဆိုတာကို ရေးတေးတေး လေး မြင်မိသလို ဖြစ်လာပါတယ်။ “ဖေဖေရေ လမင်းကြီးမှာ ယုန်ရုပ်ကို တွေ့ပြီ”လို့ ကျွန် တော် အော်လည်း အော်၊ ပျော်လည်း ပျော် နေခဲ့တာပေါ့။

စာတွေ ပုံပြင်တွေ ဖတ်တတ်တဲ့ အရွယ် ရောက်တော့ မောင်ရှင်ဆိုင်းထမ်းကြယ်အ ကြောင်း ဖတ်မိပြန်ပါတယ်။ အဲဒီပုံပြင် ဖတ်ပြီး ကတည်းက ညညဆို မောင်ရှင်ဆိုင်းထမ်း ကြယ်ကို ရှာရတာ အမောပေါ့။ ခွန်ဆန်လော နဲ့ နန်းဦးပြင်။ သူတို့နှစ်ယောက်ရဲ့ လွမ်းဆွေး ဖွယ် အချစ်ဇာတ်လမ်း။ သူတို့နှစ်ယာက် သေ ဆုံးသွားပြီးတဲ့နောက် ကြယ်တွေ ဖြစ်သွား တယ်တဲ့။ သူတို့နှစ် ယောက်ရဲ့ရုပ်အလောင်း ကြားမှာ ခွန်ဆန်လောမိခင်က ၀ါးထမ်းပိုးတစ် ချောင်းကို ထားလိုက်တယ်တဲ့။ သူတို့ကို မဆုံ စည်းစေချင်လို့တဲ့။ကောင်းကင်မှာရှိတဲ့ မောင် ရှင်ဆိုင်းထမ်းကြယ်စုမှာ တောက်ပနေတဲ့ ကြယ်နှစ်လုံးက ခွန်ဆန်လောနဲ့ နန်းဦးပြင် တဲ့။ အဲဒီကြယ်နှစ်လုံးကြား ကြယ်သုံးလုံးက ၀ါးထမ်းပိုးတဲ့။ ပုံပြင်ထဲက ခွန်ဆန်လောရဲ့ အမေဟာ ကျွန်တော့်အတွက် ဗီလိန်ပေါ့။ မိန်းမဆိုးကြီးပေါ့။ ခွန်ဆန်လောနဲ့ နန်းဦးပြင် တို့ကို သနားလိုက်၊ လသာတဲ့အခါ မောင်ရှင် ဆိုင်းထမ်းကြယ်ကို ရှာလိုက်နဲ့။ အဲဒီလို အ လုပ်ရှုပ်ခဲ့ဖူးတာပေါ့။

အခုတော့ ကျွန်တော့်မှာ သမီးလေးတစ်ယောက် ရှိနေပြီ။ သမီးလေးကလည်း ကြယ်တွေနဲ့ လမင်းကြီးကို စိတ်ဝင်စားနေပြီ။ သမီးအတွက် ဘယ်လိုပုံပြင်တွေ ကျွန်တော် ပြောပြရမလဲ။ ကျွန်တော့်ကို  အဖေ ပြောပြခဲ့တဲ့ပုံပြင် နဲ့ ကျွန်တော် သိခဲ့တဲ့ ပုံပြင်တွေကို သမီးလေး ကြိုက်နှစ်သက်ပါ့မလား။ စိတ်ဝင်စားပါ့မလား။ ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ ချစ်ခြင်းတရားတွေ၊ စွန့်လွှတ်မှုတွေ၊ မေတ္တာတရားတွေရှိတဲ့အကြောင်း သမီးလေးကို ပြောပြရမှာပေါ့။ ပုံပြင်တွေကနေတစ်ဆင့် သမီးလေး သိရှိခံစားတတ်ရမှာပေါ့။ ပုံပြင်အဟောင်းတွေ မဟုတ်ဘဲ ပုံပြင်အသစ်တွေ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဘယ်လိုပုံပြင်ပဲ ဖြစ်ဖြစ် ချစ်ခြင်းတရားနဲ့ မေတ္တာတရားတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ပျော်ရွှင်ကြည်နူးမှု တွေ ပါဝင်နေဖို့ပဲ မဟုတ်လား။

ကျွန်တော်တို့ငယ်ငယ်က ကောင်းကင်ကြီး ကြည်လင်နေရင်၊ သာနေရင်၊ ကြယ်တွေစုံနေရင် ပျော်ရွှင်ခဲ့တယ် မဟုတ် လား။ တိမ်တွေကြားမှာ မိသားစု ကစားမယ်။ ပြုံးနေတဲ့ ကြယ်လေးဟာ သမီးလေးပေါ့။ လမင်းကြီးက မေမေပေါ့။ ဖေဖေက ကောင်းကင်ကြီးလေ။ အဲဒီလို ပြောပြရင် သမီးလေး ပျော်နေမှာ၊ သဘောကျမှာ  အသေအချာပါပဲ။မနက်ဖြန် ကောင်းကင်ကြီး ကြည်လင်နေပါစေလို့ ကျွန်တော် ဆုတောင်းလိုက်ပါတယ်။ ပြောပြစရာတွေ အများကြီးရှိတယ် သမီးလေးရေ။ အခုတော့ အေးအေးချမ်းချမ်း အိပ်စက်ဦးပေါ့။ ကောင်းကင်ကြီးက ချစ်ခြင်းမေတ္တာအတွက်ဆို အမြဲကြည်လင်နေမှာပါ။

 

Most Read

Most Recent