မြို့ကလေး (၂)

မြို့ကလေး (၂)
ဓာတ်ပုံ - ကြည်နိုင်
ဓာတ်ပုံ - ကြည်နိုင်
Published 7 September 2019
သက္ကရာဇ်

(၁)

ပူနွေးစူးရှတဲ့ နေရောင်ဟာ အထက်ကောင်းကင်ကနေ အညှာအတာမဲ့စွာပဲ ဖြာကျလာခဲ့ပြီ။ မြို့ကလေးဟာ ရှည်လျားပြန့်ပြူးတဲ့ ကျောပြင်ကြီးနဲ့ နေရောင်ကို တိတ်ဆိတ်စွာ ခံယူနေလေရဲ့။ ပျားအုံတစ်အုံကို တုတ်နဲ့ ထိုးဆွလိုက်တဲ့အခါ ထောင်သောင်းမကတဲ့ ပျားကောင်တွေ ထွက်ကျလာသလိုမျိုး နေရောင်က မြို့ကလေးကို လှုပ်နှိုးလိုက်တော့  ယောကျ်ားမိန်းမ၊ ကလေးလူကြီးပါမကျန် အကုန်လုံးဟာ မျက်နှာသစ်ပြီးကာစ မနက် ခင်းတစ်ခုမှာ သက်ဝင်လှုပ်ရှားလာကြပေါ့။ အဆောက်အအုံတွေမှာ၊ လမ်းတွေပေါ်မှာ၊ ကားမှတ်တိုင်မှာ၊ စျေးတွေမှာ၊ ကျောင်းတွေ မှာ အရောင်အသွေးစုံလူတွေနဲ့။သူ့ကျောပေါ် က ဖြည်းဖြည်းမှန်မှန် လျှောက်နေသူတွေ၊ ကသုတ်ကရက်နဲ့ ပြေးလွှားနေကြသူတွေအကုန်လုံးကို ငေးကြည့်ရင်း မြို့ကလေးခမျာ ဘာတွေများ တွေးနေရှာမလဲ။ တကယ်တော့ ဒီမြို့ကလေးဟာ မြို့တော်ကြီးတစ်ခုရဲ့ လက်ခွဲဖြစ်တဲ့ မထင်မရှား မြို့ငယ်ကလေးပါပဲ။ နောက်တစ်ခုက သူ့ဖြစ်တည်မှုတွေကို သူ့ဘာသာ မေ့ဖျောက်ထားရင်း မြို့သားတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကိုပဲ ဂရုတစိုက်နဲ့ သန့်စင်ပေးရင်း သူ့ကိုယ်သူ သတိမထားမိခင်မှာ ပဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့တဲ့ မြို့ကလေးဆိုလည်း မှန်နေဦးမှာပဲ။

(၂)

မနက်ဘက်တွေဆို ကားမှတ်တိုင်တိုင်းမှာ အရောင်စုံလူအုပ်ကြီးတွေနဲ့ ကျပ်သိပ်အုံခဲလို့။ ပြောရရင် ဒီမြို့ကလေးထဲက လူတွေ ဒီလောက်ထွက်ကျလာတယ်ဆိုတာ တကယ့်ကို မယုံနိုင်စရာရယ်။ ထမင်းချိုင့်တွေ၊ ဆွဲခြင်းတွေ ကိုယ်စီ၊ တချို့ကလည်း ပုံစံတူအကျႌလေး တွေနဲ့ အများစုက စက်ရုံအသီးသီးက စက် ချုပ်သမလေးတွေ၊ နောက်ပြီး ပုဆိုးတိုတို ဘေးလွယ်အိတ်ကြီးတွေတကားကားနဲ့ လက်ကြားမှာ ဆေးလိပ်တိုနဲ့၊ ပါးစောင်မှာ ကွမ်းယာ နဲ့ ဆောက်လုပ်ရေး အလုပ်သမားကြီးတွေ။ မနက်စောစောပိုင်းဆို ကားမှတ်တိုင်တွေမှာ ဟိုနားတစ်စု ဒီနားတစ်စုနဲ့။ လိုင်းကားတစ်စီး လာတဲ့အခါ အလုအယက် ပြေးတက်လိုက်ကြ၊ မမီလိုက်တဲ့လူတွေက နောက်ထပ်လာ မယ့်ကားတစ်စီးတလေကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်ကြရင်း မြို့ကလေးထဲက လူတွေဟာ မနက်စောစောမှာပဲ ချွေးပြန်နေကြတယ်။ မြို့ကလေးထဲ ဖြတ်သန်းပြေးဆွဲနေတဲ့ ဘတ်စ် ကားကြီးတွေခမျာလည်း သူတို့ရဲ့ ခန္ဓာကိုယ်ထဲ မြို့သားတွေကို တတ်နိုင်သမျှ ထိုးသိပ်ထည့် ရင်း သူတို့ကိုယ်တိုင်လည်း အသက်ရှူရခက် နေတော့တာမျိုးပေါ့။ မြို့ကလေးရဲ့ မနက်ခင်း တိုင်းက လွန်ခဲ့တဲ့နှစ်များစွာကနေ အခုအချိန်ထိ ဒီပုံစံပဲ။ တော်တော်များများဟာ ပြေးကြ လွှားကြ၊ သူ့ထက်ငါ နေရာတစ်ခုရဖို့ တွန်းကြ တိုက်ကြနဲ့ နောက်ထပ်နှစ်တွေအထိလည်း ရုန်းကန်နေကြရဦးမှာပါပဲ။

ကျွန်တော်က ဒီမြို့ကလေးမှာ ဆယ်စုနှစ်နှစ်ခုနီးပါး ရှင်သန်ကြီးပြင်းလာရတော့ မြို့ကလေးရဲ့ အဆင်မပြေကျပ်တည်းမှုတွေ နဲ့ နေ့စဉ်နဲ့အမျှ အမောဖောက်နေရတဲ့အ ကြောင်းတွေလည်း နောကြေအောင် သိနေခဲ့ပါပြီ။ အထူးသဖြင့် မြို့ကလေးရဲ့ အစွန်အဖျား ဆင်ခြေဖုံးရပ်ကွက်ကလေးမှာ ကျွန်တော် ကိုယ်တိုင် ပျော်ဝင်စီးမျောခဲ့ဖူးတယ်။ ဆင်ခြေ ဖုံးဆိုတဲ့အတိုင်းပဲ ဒီနေရာက လူတော်တော် များများဟာ သူတို့ရဲ့အခက်အခဲတွေ၊ မပြေ လည်မှုတွေကို အမျိုးမျိုးသောဆင်ခြေတွေနဲ့ ဖုံးလွှမ်းပစ်နေကြ။ ပြီးတော့လည်း မနက်မိုး လင်းလာတာနဲ့ သံပတ်ပေးထားတဲ့ စက်ရုပ်တွေလို ပုံစံခွက်တစ်ခုထဲကနေပဲ ရုန်းကန် လှုပ်ရှားကြရပြန်တယ်။ ဘုရားဒကာ ကျောင်းဒကာအဖြစ် စာလုံးအကြီးကြီးတွေနဲ့ ကဗ္မည်း အထိုးခံရဖို့ထက် အိမ်လခ အလျင်မီအောင် ပေးနိုင်ဖို့၊ တစ်နေ့စာ တစ်နေ့ အဆင်ပြေအောင် စားသောက်နိုင်ဖို့ကသာ အရေးကြီး လာတဲ့အခါ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ အဘိုးကနေ အဖေ၊ အဖေကနေ သားအထိ ခေတ်အဆက်ဆက် အကြောင်းပြစရာ ဆင်ခြေတွေနဲ့ သူတို့ကိုယ်သူတို့ ပိတ်လှောင်ခံပြီး ဖုံးလွှမ်းပစ်ကြရတာပဲ။ ကိုယ်လုပ်မှ ကိုယ် စားရမှာဆိုတဲ့ အတွေးတွေပဲ ခေါင်းထဲ စွဲလာ ကြရင်း အဲဒီအတွက်လည်း ဘယ်သူကမှ ထူး ပြီး ခံစားမနေရတော့တာ ကြာခဲ့ပါကော။

‘အသပြာဆို ပိုသည်မရှိ’တဲ့။ မြို့ကလေး ထဲက လူတွေက ပြောနေကြတာပဲ။ စကားပုံ အမှန်ကတော့ ‘ပညာလို အိုသည်မရှိ’ ဆိုလားပဲ။ ဘယ်သူမှလည်း သေချာဆန်းစစ်မနေပါ ဘူး။ဒီမြို့လေးထဲမှာက စားဝတ်နေရေးဆိုတာ ကြီးအတွက်ပဲ မိုးလင်းကနေ မိုးချုပ်ရုန်းကန် နေကြရတော့ ဘုရားညောင်ရေအိုးတွေမှာ သဘာဝပန်းခက်တွေအစား ပလတ်စတစ်ပန်း တွေကသာ အစားထိုးဝင်ရောက်လာတယ်။ မြို့ကလေးရဲ့ ကောင်းကင်ကမှ တချို့ညတွေ ဆို ကြယ်တွေစုံပါဦးမယ်၊ ယိုင်ရွဲ့ရွဲ့အိမ်ကလေးတွေထဲက မိသားစုတွေဟာ အတူတူပြန် မဆုံနိုင်ကြတာက များလာတယ်။ မနက် မိုးလင်းတော့ တစ်ယောက် တစ်နေရာဆီ ထွက် ခွာသွားကြ၊ ညဘက်ရောက်ပြန်တော့ အိမ်ပြန် စောတဲ့သူနဲ့ နောက်ကျတဲ့သူနဲ့ မိသားစုထမင်း ၀ိုင်းတွေဟာလည်း နေရာအလွတ်တွေနဲ့ ပန်းကန်အလွတ်တွေနဲ့၊ ဒါပေမဲ့ သူတို့တတွေမှာ လွတ်လပ်ပေါ့ပါးခြင်းတွေတော့ ပျောက်ဆုံး နေခဲ့ကြတယ်။ မြို့သားတွေရဲ့ မျက်နှာသွင် ပြင်တွေ၊ ကိုယ်ဟန်အမူအရာတွေဟာ တစ်ပုံစံတည်းပဲ လေးလံအေးခဲလို့။ တစ်နေ့တာကို ဘယ်လိုများ ကျော်ဖြတ်ရမလဲဆိုပြီး အမြဲ တွေးပူနေကြရတဲ့ အကြမ်းထည်ဘဝတွေဆိုတာ မြင်ရုံနဲ့ သိနိုင်တာမျိုးပေါ့။

ကျွန်တော်တို့မျိုးဆက်မတိုင်ခင် ဟိုးအရင်တုန်းကတော့ မြို့ကလေးရဲ့ နေရာတော် တော်များများဟာ လယ်ကွင်းတွေနဲ့၊ ရေတွေနဲ့၊ ရွှံ့ဗွက်တွေနဲ့ဆိုပဲ။ လျှပ်စစ်မီးမရှိ၊ အဝီစိတွင်းတွေမရှိ။ အခုလိုမျိုးလည်း ဆူညံအုံခဲမနေဘဲ မြို့ကလေးဟာ တောသူမအရိုင်းတစ်ဦးလို ရိုးရိုးကုပ်ကုပ်နဲ့ တစ်မျိုးကလေး လှခဲ့သေး တယ်လို့ လူကြီးသူမတွေက ပြောဖူးကြတာ ပဲ။ နောက်ပြီး အဲဒီအချိန်တွေတုန်းက အိမ် ထောင်ဦးစီးတစ်ယောက်ရဲ့ဝင်ငွေဟာ အိမ်ရှိ မိသားစုအကုန်လုံးအတွက် မပိုလျှံရင်တောင် လောက်အောင်တော့ ဖြည့်စွမ်းနိုင်ခဲ့တဲ့အကြောင်း၊ ညနေဘက်တွေဆို အဖေဖြစ်သူပြန် အလာကို အမေနဲ့ ကလေးတွေက စောင့်ကြို ကြရင်း ဖယောင်းတိုင်မီးကလေးတွေ၊ ရေနံဆီ မီးခွက်ကလေးတွေရဲ့ အလင်းရောင်အောက်မှာပဲ မိသားစုတစ်တွေ ထမင်းလက်ဆုံစား ကြရင်း မြို့ကလေးဟာ တိုးတိတ်ညင်သာစွာ နဲ့ အနားယူအိပ်စက်ခဲ့ရတဲ့အကြောင်းလည်း ကျွန်တော်တို့ ကြားသိခဲ့ရဖူးတယ်။

အခုတော့လည်း မြို့ကလေးဟာ နှုတ်ခမ်းနီနဲ့ မိတ်ကပ်နဲ့၊ သူ့ကျောပေါ်က ကတ္တရာ လမ်းမကြီးထက်မှာ ပျံ့လွင့်နေတက်တဲ့ ဒေါက်ဖိနပ်ကလေးတွေရဲ့ အသံကိုလည်း နှစ်ခြိုက်နေတတ်ခဲ့ပြီ။ ပြောင်းလဲလာတဲ့ ခေတ်ကြီးရဲ့ ရေစီးကြောင်းအရွေ့ထဲ မြို့ကလေးဟာ တခြားသူတွေကို အားကျတဲ့စိတ်နဲ့ အတုခိုးတက် လာတယ်။ မြို့ကလေးထဲက လူတွေဟာလည်း အနေအထိုင်အပြုအမူတွေကအစပြောင်းလဲခဲ့ကြပြီလေ။ ဟိုးအရင်တုန်းက နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စကားပြောရင်း၊ လမ်းလျှောက်ရင်း စျေးသွားနေကျ၊ ကလေး တွေကို ကျောင်းအကြိုအပို့လုပ်နေကျ မိန်းမ ကြီးတွေဟာလည်း အခုတော့ ဆိုင်ကယ်ကယ် ရီတွေထက်မှာ ဟန်ကျကျ ထိုင်လို့။ သူတို့တစ်တွေ စကားလက်ဆုံကျဖို့အတွက် အချိန်တွေ မရှိကြတော့သလိုမျိုး။ ကျောင်းပိတ်ရက်တွေ ဆိုလည်း စက်ဘီးခွေအဟောင်းလေးတွေကို တုတ်တစ်ချောင်းနဲ့ လမ်းမကြီးတစ်လျှောက် ပြေးလှိမ့်ဆော့ကစားနေတဲ့ ကလေးတွေ၊ ပလတ် စတစ်အရုပ်လေးတွေကို ဖန်ဂေါ်လီလုံးတွေနဲ့ ပစ်တမ်း ကစားနေကြတဲ့ ကလေးတွေလည်း မတွေ့ရတော့တာ ကြာခဲ့ပါပြီ။ အဲဒီအစား ခန္ဓာကိုယ်ရဲ့ နှစ်ဆလောက်လေးမယ့် ကျော ပိုးအိတ်ကြီးတွေ လွယ်ရင်း ငိုက်စိုက်ငိုက်စိုက် နဲ့ ကျောင်းကနေ အိမ်၊ အိမ်ကနေ ကျူရှင် အလျင်မီအောင် ပြေးလွှားနေကြတဲ့ ကလေးလေးတွေကိုပဲ တွေ့နေရတော့တယ်။

သတိထားကြည့်မယ်ဆိုရင် မြို့ကလေးထဲက အရာတော်တော်များများဟာ တစ်စထက်တစ်စ ပူပြင်းလာတဲ့ နေရောင်အောက်မှာပဲ အငွေ့ပြန်ပျောက်ကွယ်သွားကြသလို အစအန ရှာမရတော့တာလည်း ကြာခဲ့ပါပြီ။ အရာအားလုံးဟာ တိုးတက်ပြောင်းလဲလာသလား၊ ဆုတ်ယုတ်ပျက်စီးသွားသလားဆိုတာတော့ ဘယ်သူကမှ ဖြေရှင်းချက်ထုတ်မနေနိုင်တော့ပါဘူး။

ဟိုးအရင်က ရင်းနှီးပွင့်လင်းခဲ့ခြင်းတွေ၊ လွတ်လပ်ပေါ့ပါးခဲ့ခြင်းတွေကိုလည်း ဘယ်သူကမှ သတိတရနဲ့ ပြန်ပြီးတူးဆွမနေတော့ဘူး။ မြို့ကလေးနဲ့ မြို့သားတွေဟာ သူတို့ထက်ပြည့်စုံတဲ့ မြို့ကြီးတွေရဲ့ လူနေမှုအဆင့်အတန်းတွေ ကို အမီလိုက်နိုင်ဖို့၊ သူများထက် ရှေ့တစ်လှမ်း မတိုးနိုင်ရင်တောင် နောက်ကျပြီး ကျန်မနေခဲ့ဖို့ပဲ ဦးနှောက်ထဲ ရိုက်သွင်းထိုးထည့်ရင်း ပူလောင်ရုန်းကြွနေကြတော့တာမဟုတ်လား။ ဒါပေမဲ့လည်း အားလုံးဟာ လိုက်လေဝေးလေ အဖြစ်တွေနဲ့။ ကိုယ့်ကိုယ်ကိုယ် သတိမထား မိခင်မှာပဲ မြို့ကလေးနဲ့ မြို့သားတွေရဲ့ဘဝတွေဟာ အနုတ်လက္ခဏာဘက်ကို တဖြည်းဖြည်း ကူးပြောင်းလာခဲ့ပါတယ်။ လူရည်ချွန် ပညာတတ်တွေ၊ မြို့ဂုဏ်ဆောင်အားကစား သမားတွေအစား မြို့ကလေးရဲ့ လမ်းတွေအပေါ်မှာ ဆံပင်ရှည်တွေ ဖိုးရိုးဖားရားနဲ့ ကွမ်းယာ တမြုံ့မြုံးဝါးရင်း ဆိုင်ကယ်တစ်စီးနဲ့ အိမ်စရိတ်ရှာနေကြတဲ့ လူငယ်ကလေးတွေ၊ လွယ် အိတ်အစား စလင်းဘတ်အိတ်ကလေးတွေ ပြောင်းလွယ်ရင်း အထည်ချုပ်စက်ရုံတွေမှာ မိုးလင်းကနေ မိုးချုပ်၊ တကုပ်ကုပ်နဲ့ စက်ချုပ်နေကြရတဲ့ ကောင်မလေးတွေပဲ မြို့ကလေးထဲ များသထက် များလာတော့တယ်။

စားဝတ်နေရေးဆိုတာကြီးကိုသာ တစ်ရစ်ချင်း ခွာချလိုက်ရင် မြို့ကလေးရဲ့ အတွင်းသားမှာ ချစ်ခြင်းမေတ္တာတွေ၊ အရှက်သိက္ခာတွေ၊ မာန်မာနတွေ တွယ်ကပ်နေတယ်ဆိုတာ အမှန်ပါပဲ။ အဲဒီထက်ပိုရင် ထောက်ထားညှာ တာမှုတွေ၊ ရိုင်းပင်းကူညီမှုတွေပါ ရှိနေခဲ့ပါလိမ့်မယ်။ ကိုယ်ပိုင်ကားတွေ နည်းပါးပေမဲ့ ကိုယ်ထူကိုယ်ထ လမ်းကလေးတွေနဲ့ ခေါင်းမော့နေတတ်တဲ့ မြို့ကလေးဟာ သူ့ရဲ့မြို့သား တွေကို ဆင်းရဲသားမာနဆိုတဲ့ အကာအကွယ် တစ်ခုတော့ အမွေပေးခဲ့ပါသေးတယ်။ ဒါကြောင့်လည်း တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးရဲ့ ရေစီးကြောင်းအရွေ့ထဲ ကျွမ်းထိုးမှောက်ခုံ မျောပါမသွားအောင် ကြံ့ကြံ့ခံ ရပ်တည်ကြရင်း မြို့ကလေးထဲကလူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာတွေနဲ့ ဖုံးကွယ်ထားရမယ့် အရှက်တရားတွေကို ချမရောင်းခဲ့ကြဘူးဆိုတာ သေချာနေခဲ့တာပေါ့။ သူတစ်ပါးဆီ လက် ဖြန့်တောင်းရမှာကို ရှက်တတ်တဲ့မြို့ကလေး နဲ့ မြို့သားတွေဟာ တချို့သောနေ့ရက်တွေ မှာ အစာအိမ်ဟောင်းလောင်းနဲ့ သူတို့ငတ် မွတ်ခဲ့ကြဖူးတယ်။ သူတစ်ပါးခင်းထားတဲ့ လမ်း ပေါ် အဆင်သင့်လျှောက်ရမှာ အားနာတတ် တဲ့ မြို့ကလေးနဲ့ မြို့သားတွေဟာ မိုးထဲလေထဲ ရွှံ့ဗွက်တွေထဲ ရုန်းကန်ခဲ့ကြဖူးတယ်။ ဒါတွေကပဲ မြို့ကလေးရဲ့ သူ့ခြေထောက်ပေါ် သူရပ်တည်နေနိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပြီး သူ့ကိုယ်သူ ဂုဏ်ယူနေနိုင်သေးတဲ့ ရက်စွဲတွေအကြောင်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

(၃)

မြို့ကလေးတစ်မြို့ ရှိပါတယ်။ အခု ကျွန်တော် ငေးမောကြည့်ရင်း တွေးနေမိတဲ့ မြို့ကလေးပေါ့။ လောကရဲ့ ပြောင်းလဲခြင်းနိယာမထဲ ကျရာနေရာကနေ သရုပ်ဆောင်နိုင်ခဲ့တဲ့ မြို့ကလေးနဲ့ အဲဒီမြို့ထဲက အပေအတေ တွေလို့ သူတို့ကိုယ်သူတို့ သုံးနှုန်းရဲကြတဲ့ မာရေကြောရေ မြို့သားတွေရယ် အကုန်လုံးကတော့ နောက်ထပ်နှစ်များစွာအထိ အတူတွဲပြီး ရှိနေကြဦးမှာပဲ။

အခုဆိုရင် သနပ်ခါးရေကျဲနဲ့ မြီးကောင် ပေါက်စ ရိုးရိုးယဉ်ယဉ်မြို့ကလေးဟာ အချိန်ကာလရဲ့ တိုက်စားမှုအောက်မှာပဲ အရွယ်ရောက်လာခဲ့ပြီမဟုတ်လား။ နောက်ပြီးတော့ ဘယ်သူ့အကူအညီမှမပါဘဲ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်၊ ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှူရဲတဲ့ မြို့သားတွေထဲ ပါဝင်ခွင့်ရခဲ့ တဲ့အတွက်လည်း ကျွန်တော်ကိုယ်တိုင် ကျေနပ်အားရမိပါတယ်။ ကျွန်တော့်လိုပဲ မြို့သားတွေရဲ့ ပူပင်သောကတွေနဲ့ ရောင်ရမ်းဖောင်းကားနေတဲ့ မြို့ကလေး၊ မြို့သားတွေရဲ့ ပခုံးထက်က အဆင်မပြေမှုဝန်ထုပ်ဝန်ပိုးတွေကို တတ်နိုင်သရွေ့ မျှကူထမ်းရင်း ခါးနာနေရှာ တဲ့ မြို့ကလေး။ သူလည်း သူ့ဖြစ်တည်မှုအတွက် သူကျေနပ်နေဦးမယ်ဆိုတာ ကျွန်တော်သိနေပါတယ်။ ဘာလို့လဲဆိုတော့ သူ့နာမည် ကို မေးတဲ့အခါတိုင်း သူ့မြို့သားတွေရဲ့ ကောင်းသတင်းတွေကိုမှ ရွေးပြီး လက်ညှိုးထိုးပြနေ တတ်သေးလို့ပေါ့။

 

Most Read

Most Recent