စပါးအသင်းနည်းပြ ပိုချက်တီနိုက အနာမတည်မငြိမ်ဖြစ်နေသည့် ကွင်းလယ်လူ အဲရစ်ဆင်အနေဖြင့် အာဆင်နယ်အသင်း နှင့်ကစားသည့် မြောက်လန်ဒန်ဒါဘီပွဲမတိုင်မီ အသင်းပြောင်းရွှေ့ရန် မဆုံးဖြတ်ပါက ယခု ရာသီတွင် ဆက်ရှိနေရန် သေချာကြောင်း အတည်ပြုပြောကြားသည်။
ဒိန်းမတ်လက်ရွေးစင်ကစားသမား အဲ ရစ်ဆင် (၂၇ နှစ်) နှင့် စပါးအသင်းတို့၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ရောက် ရှိနေပြီဖြစ်ပြီး ယခုရာသီကုန်တွင် ကုန်ဆုံး မည်ဖြစ်သည်။
အဲရစ်ဆင်က အတွေ့အကြုံ သစ်ရှာဖွေလိုကြောင်းနှင့် စပိန်လိဂ်သို့ (ရီးယဲလ်အသင်းကိုရည်ညွှန်း၍) ပြောင်းရွှေ့ ကစားလိုကြောင်း ပြီးခဲ့သည့်ဇူလိုင်လကတည်း က ထုတ်ဖော်ပြောကြားထားသည်။
သို့သော် ရီးယဲလ်အသင်းက ၎င်းအတွက် တရားဝင် ကမ်းလှမ်းမှုမလုပ်သဖြင့် အပြောင်းအရွှေ့ ကြန့်ကြာနေခြင်းဖြစ်သည်။
ဥရောပလိဂ်ပြိုင် ပွဲများ၏ နွေရာသီအပြောင်းအရွှေ့ကာလမှာ စက်တင်ဘာ ၂ ရက် (ယနေ့) ပြီးဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းနှင့်ပွဲအကြို သြဂုတ် ၃၁ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပိုချက်တီနိုက ''စနေနေ့မှာ ဘာမှမဖြစ် ဘူးဆိုရင်တော့ အခြေအနေကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တနင်္ဂနွေမှာ ပွဲကစား ရဖို့ရှိနေလို့ပါ။ တနင်္လာနေ့မှဆိုရင် ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီနေ့မှဆိုရင် အပြောင်း အရွှေ့ကိစ္စလုပ်ဖို့ အချိန်မရှိပါဘူး။ ခရစ္စတီယန် ကျွန်တော်တို့ နဲ့အတူ ဆက်ရှိနေမလား၊ ရှိမနေဘူးလားဆိုတာ စနေနေ့မှာပဲ အဖြေ သိရမှာပါ''ဟု ပြောကြားသည်။
အဲရစ်ဆင်အနေဖြင့် အာဆင်နယ်နှင့် ပွဲတွင် ပွဲထွက်စာရင်း၌ ပါဝင်ကစားခဲ့သော ကြောင့် ယခုရာသီတွင် ဆက်ရှိနေရန် သေချာသွားပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
သို့သော် ၎င်းသည် စပါးအသင်းက စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို လက်ခံမည်မဟုတ်ဘဲ ရာသီ ကုန်တွင် ပြောင်းရွှေ့ကြေးမပါဘဲ အလွတ် ထွက်ခွာခွင့်ရရန် ကြိုးပမ်းဖွယ်ရှိကြောင်း သိရသည်။