စပိန်လာလီဂါပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်
Published 24 August 2019

အိုဆာဆူနာ နှင့် အီဘာ (စနေည ၉း၃၀ နာရီ)

အီဘာ အရှိန်မရသေးဘူး။ ကစားရမှာကလည်း အဝေးကွင်းဆိုတော့ ပွဲဦးကိုအဝေးကွင်းရှုံးပွဲနဲ့စထားတဲ့ အီဘာ ဒီပွဲလည်း မလွယ်လောက်သေးပါဘူး။ အိုဆာဆူနာကလည်း လီဟာနက်စ်လို မာကျောတဲ့အသင်းကိုတောင် အဝေးကွင်းမှာ အနိုင်ရအောင်ယူထားနိုင်လို့ အဲဒီအရှိန်ကို အခုအိမ်ကွင်းပွဲအထိ ဆက်ပြီးသယ်လာမှာသေချာတယ်။ အိုဆာဆူနာပဲကြိုက်တယ်။

ရီးယဲလ်မက်ဒရစ် နှင့် ဗယ်လာဒိုလစ် (စနေည ၁၁း၃၀ နာရီ)

ရီးယဲလ်နည်းပြ ဇီဒန်းကတော့ လူဟောင်းတွေကိုပဲ အားကိုးနေရသေးတာကို ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ တွေ့ခဲ့ရတယ်။ အဲဒီပွဲမှာနိုင်ခဲ့ပေမယ့်လည်း ရီးယဲလ်ကစားပုံက အကောင်းကြီး မဟုတ်လှဘူး။ ပထမပိုင်းတစ်ပိုင်းလုံး ဆယ်လ်တာဗီဂိုရဲ့ ကစားကွက်အောက်မှာ ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ပြီးခါနီးမှာရခဲ့တဲ့ ဆယ်လ်တာဗီဂိုရဲ့ချေပဂိုး VAR ကြောင့် ပယ်ဖျက်မခံခဲ့ရရင် ပွဲအဖြေတစ်မျိုးပြောင်းသွားနိုင်တယ်။ အဲဒီပွဲမှာ ဇီဒန်းဟာ တန်ပြန်တိုက်စစ်ကစားဖို့အားသန်နေခဲ့ပြီး ကစားသမားဟောင်းတွေရဲ့ တစ်ဦးချင်းအရည်အသွေးကြောင့်သာ အနိုင်ရလိုက်တာလို့ပြောနိုင်တယ်။ အခုပွဲမှာလည်း ရာသီအစမှာ အရှိန်ကောင်းတတ်တဲ့ ဗယ်လာဒိုလစ်ရဲ့ကစားပုံကြောင့် ရီးယဲလ်အတွက် လွယ်ကူတဲ့ပွဲ ဖြစ်မလာနိုင်ဘူး။ ဗယ်လာဒိုလစ်ဟာ ဘက်တစ်ကို အဝေးကွင်းမှာ အနိုင်ယူထားလို့ စိတ်ဓာတ်ပိုင်းအားကောင်းနေနိုင်ပြီး အခုပွဲလည်း မရှုံးရေး ဦးတည်ပြီး ပိတ်ကစားနိုင်တယ်။ အစဉ်အလာအရ ရီးယဲလ် နိုင်ဖို့များပေမယ့် ဂိုးအနည်းက ပိုကောင်းလိမ့်မယ်။

ဆယ်လ်တာဗီဂို နှင့် ဗလင်စီယာ (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်နဲ့ပွဲမှာ ခြေအသာနဲ့ကစားနိုင်ခဲ့ပေမယ့် ဆယ်လ်တာဗီဂိုအသင်း အဆုံးအသတ်ပိုင်းမှာတော့ အားနည်းနေသေးတယ်။ အက်စ်ပတ်စ် ဂိုးရဖို့ ရုန်းကန်နေရသေးသလို၊ ဖာနန်ဒက်ဇ်ကလည်း အဆုံးသတ်မှာ အားကိုးလို့ မရသေးဘူး။ နောက်ပြီး အသင်းလိုက်ကြံ့ခိုင်မှုအပိုင်းမှာလည်း လိုအပ်ချက်တွေရှိနေလို့ အခုပွဲလည်း ဗလင်စီယာကို ခက်ခက်ခဲခဲရင်ဆိုင်ရဦးမှာပါ။ ဗလင်စီယာကလည်း ရာသီအစမှာ အထလေးတတ်ပေမယ့် အဝေးကွင်းမှာ ထိန်းကစားနိုင်လေ့ရှိလို့ အနည်းဆုံး သရေခံကစားနိုင်ဖို့တော့ များတယ်။ ဂိုးတော့ နည်းသွားနိုင်တယ်။

ဂီတာဖေး နှင့် ဘီလ်ဘာအို (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုနဲ့ပွဲမှာ ဂီတာဖေး ကစားပုံမဆိုးဘူး။ မာကျောကျစ်လျစ်မှုရှိတာကိုပြနိုင်ခဲ့တယ်။ တိုက်စစ်ကလည်း အိမ်ကွင်းမှာ ဂိုးရအောင်ပိုကစားတတ်တဲ့ပုံနဲ့ဆိုရင် ဘီလဘာအိုကို ကောင်းကောင်းဖိအားပေးနိုင်မယ့်ပုံပါပဲ။ ဘီလ်ဘာအိုရဲ့ အဝေးကွင်းကစားအားကလည်း သိပ်စိတ်မချရဘူး။ အထူးသဖြင့် အဝေးကွင်းဆိုရင် ဘီလ်ဘာအိုရဲ့ခံစစ်ပိုင်းက ဂိုးတွေ လွယ်လွယ်ပေးရလေ့ရှိတယ်။ ဒီအတိုင်းဆိုရင်တော့ ဂီတာဖေးနဲ့ ဂိုးအနည်းကိုပဲ ရွေးထားလိုက်တယ်။

 

Most Read

Most Recent