ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက် ၂၂ နှစ်အထက် ကစား သမားနှစ်ဦး ထည့်သွင်းအသုံးပြုခွင့်ပေးမည့်စည်းမျဉ်းကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဆီးဂိမ်းစ်အဖွဲ့ချုပ်သည် အမျိုး သားဘောလုံးပြိုင်ပွဲကို ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲမှစတင်ကာ ယူ-၂၂ ပြိုင်ပွဲအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် အသက် ၂၂ နှစ် အထက် ကစားသမားများ ထည့်သွင်းအသုံးပြုခွင့်ရရန် အရှေ့တောင်အာရှ နိုင်ငံများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်အိုလံပစ်ကော်မတီက ထုတ်ပြန်သည့်စည်းမျဉ်းအရ ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ကစားသမား ၄၀ စာရင်းပေးပို့ရာတွင် အသက် ၂၂ နှစ်အထက် ကစားသမား ငါးဦး ထည့်သွင်းခွင့်ပြုထားပြီး အပြီးသတ်လူစာရင်းတွင်မူ နှစ်ဦး သာ ရွေးချယ်ခွင့်ရမည်ဖြစ်သည်။
''ဖိလစ်ပိုင်အိုလံပစ်ကော်မတီအနေ နဲ့ လာမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အသက် ၂၂ နှစ်အထက် ကစားသမား နှစ်ဦး ထည့်သွင်းအသုံးပြုခွင့်ပေးမယ့်စည်းမျဉ်းကို အတည်ပြုလိုက်ပါပြီ။ ငါးဦး မှတ်ပုံတင်ခွင့်ရမှာ
ဖြစ်ပေမဲ့ အပြီးသတ်လူစာရင်းမှာ နှစ်ဦးပဲ ရွေးချယ်ခွင့်ရမှာဖြစ်ပါတယ်။ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်အနေနဲ့ လက်ရှိရွေးချယ်ထားတဲ့ ပဏာမလူစာရင်းမှာ အသက် ၂၂ နှစ်အထက်ကစားသမား ရွေးချယ်ထားခြင်းမရှိသေးပါဘူး။ လက် ရွေးစင်အသင်းကလည်း စက်တင် ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားဖို့ ရှိတာကြောင့် လူရွေးချယ်ဖို့ နည်းပြ နှစ်ဦး ညှိနှိုင်းဆောင်ရွက်မှာပါ။ ဒါပေမဲ့ အသင်းနဲ့ အတူတကွ လေ့ကျင့်နိုင်အောင် စီစဉ်ထားပြီး အောက်တိုဘာမှာ စာရင်းတင်ထားတဲ့ ကစား သမားတွေကို ထုတ်ပြန်ဖို့ ရှိပါတယ်''ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။
မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ပြီးခဲ့သည့်ရက်ပိုင်း က ပဏာမ ၃၆ ဦးစာရင်း ထုတ်ပြန်ထားပြီး အသက် ၂၂ နှစ်အထက် ကစားသမားရွေးချယ်ရန် လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ် နှင့် ညှိနှိုင်းရမည်ဖြစ်သည်။
ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် ကန့်သတ်ချက်သုံးကြိမ်ပြောင်းလဲ ထားသည်။